ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 13 February 2011

ချစ်ခြင်းမေတ္တာဟူသည် ...


http://i954.photobucket.com/albums/ae30/tawthulaypar/97bb0f751-1.jpg



လူတစ်ယောက်ဟာ ချမ်းသာတဲ့ ဘ၀တစ်ခုကို ရဖို့ အတွက် အကျင့်စရိုက်ကောင်းတွေကို ကျင့် ကြံအားထုတ်ဖို့  လိုပါတယ်တဲ့။ ဥပမာ- ရိုးသားမှုဆိုပါတော့။ တစ်ကြိမ် မှန်ရာကိုပြောရုံနဲ့  ရိုးသားတဲ့ လူတစ်ယောက် ဖြစ်လာတာ မဟုတ်ဘူး။

ဘ၀ တလျှောက်လုံး မှန်ရာကို ပြော၊ မှန်ရာကို လုပ်တဲ့သူမှသာ ရိုးသားတဲ့သူ ဖြစ်လာနိုင်ပါ တယ်။ ရိုးသားတဲ့သူတစ်ယောက်ဟာ မမှန်တဲ့ အလုပ်တွေကိုလုပ်မိလို့  နောင်တရ ပူပန်ခြင်းတွေ မဖြစ်ရတော့ ချမ်းသာရတယ်တဲ့။ ချမ်းသာအောင် ကိုယ်တိုင် ကျင့်ရမယ့် တရားမို့  ကိုယ်ကျင့်တရားလို့  ဆိုပါတယ်။


အကယ်၍ ချစ်ခြင်းမေတ္တာဆိုတာ ဘ၀တစ်လျှောက်လုံး ကျင့်ကြံအားထုတ်ရမဲ့ တရားတစ်ခု၊ အဲဒီလို ကျင့်ကြံအားထုတ်လို့  ဘ၀တစ်သက်တာ စိတ်ချမ်းသာမှုကိုလည်း ပေးနိုင်မယ့် တရားတစ်ခုဆိုရင် ချစ်ခြင်းမေတ္တာကလည်း ကိုယ်ကျင့်တရား ဖြစ်နိုင်ပါတယ်။



မြင်မြင်ချင်းပဲ ချစ်မိတယ်” ဆိုတဲ့ စကားအရတော့ ချစ်ခြင်းမေတ္တာ ဆိုတာ သဘာဝအလျောက် မွေးဖွားလာသလိုပဲ။ ကျင့်ယူရတဲ့ တရားဆိုတဲ့ ကိုယ်ကျင့်တရားနဲ့ တော့ မနီးစပ်သလို ဖြစ်နေပါတယ်။



ချစ်ခြင်းမေတ္တာဆိုတာ ကျင့်ယူရမယ့် တရားတစ်ခုပါ။ မြင်မြင်ချင်း ချစ်နိုင်တာကိုက အတိတ်ကာလတွေက ပါရမီဖြည့်ခဲ့ကြတဲ့ အကြောင်းဆက်တွေကြောင့် ဖြစ်လာတာပါ။ “နဖူးစာ” တို့ “ရှေးရေစက်” တို့ ဆိုတဲ့ အသုံးအနှုန်းတွေက ကာလကြာရှည် အားထုတ်ခဲ့ရာမှ ရလာတဲ့ ရလာဒ်လို့  ရည်ညွှန်းနေပါတယ်။



ချစ်နိုင်ဖို့ လည်း ကျင့်ယူရတာပါ။ ချစ်တတ်ဖို့ လည်း ကျင့်ယူရတာပါ။ ချစ်တော့ ချစ်ပါရဲ့ ကိုယ့်ရဲ့ မေတ္တာတရားကို မဖော်ပြတတ်ရင် သူတစ်ပါးကို ဒုက္ခပေးသလို ဖြစ်ပြီး အချစ်ခံရလို့ တောင် စိတ်ညစ်စရာ ဖြစ်သွားနိုင်ပါတယ်။ ကိုယ်လည်း စိတ်ချမ်းသာရမှာ မဟုတ်ပါဘူး။



ချစ်လွန်းလို့  အရိပ်ကြည့်နေတာဟာ မကြည့်တတ်ရင် သူများကို ချုပ်ချယ်ရာကျမှာ။ ချစ်လွန်းလို့  ဖူးဖူးမှုတ်ထားတော့ ရောင့်တက်မှာ။ ချစ်လွန်းလို့  အလိုလိုက်ထားတော့ ပျက်စီးမှာ။ အချစ်ကြီးလို့  အမျက်ကြီးတော့ ဒုက္ခရောက်မှာ။



မေတ္တာစစ်နဲ့  ချစ်တတ်ဖို့ ရော၊ နည်းမှန် လမ်းမှန်နဲ့  ချစ်တတ်ဖို့ ရော ကျင့်ယူမှ ရပါတယ်။ မေတ္တာစစ်နဲ့  ချစ်နိုင်ရင် တကယ်လည်း စိတ်ချမ်းသာပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာ စိတ်ချမ်းသာဖို့  ကျင့်ရတဲ့ တရားတစ်ခုပါ။



စိတ်ချမ်းသာတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကိုပြောရင် စိတ်မချမ်းသာရတဲ့ ချစ်ခြင်းမေတ္တာ အကြောင်းကိုလည်း ပြောပြဖို့ လိုမယ် ထင်ပါတယ်။ ချစ်ခြင်းမေတ္တာမှာ မိတ်ဘက်တွေ ရှိပါတယ်။



ချစ်ခြင်းမေတ္တာနဲ့  ကရုဏာတွေ၊ မုဒိတာတွေ၊ သစ္စာတရားတွေ ပေါင်းဖက်မိကြတယ် ဆိုပါတော့။ ချစ်ရတဲ့အတွက် သနားတဲ့၊ ကြင်နာတဲ့၊ ညှာတာတဲ့၊ အနစ်နာခံတဲ့၊ ခွင့်လွှတ်နိုင်တဲ့ စိတ်တွေ ဖြစ်ပြီး စိတ်ချမ်းသာရတာပါ။



ချစ်ခြင်းမေတ္တာနဲ့ ဒေါသတွေ၊ မောဟတွေ၊ မာန်မာနတွေ၊ မစ္ဆရိယတွေ၊ အတ္တတွေ ပေါင်းဖက်မိကြတယ် ဆိုပါတော့။ ပူပင်ရတဲ့၊ ဆုံးရှုံးရမှာ ကြောက်တဲ့၊ မနာလိုတဲ့၊ ၀မ်းနည်းတဲ့၊ ပူဆွေးတဲ့၊ နာကြည်းတဲ့၊ အငြိုးကြီးတဲ့ စိတ်တွေ ဖြစ်ပြီး စိတ်ဆင်းရဲရမှာပါ။



တချို့ ကလည်း ပြောကြတယ်။ ၅၂၈ က အေးချမ်းတယ်။ ၁၅၀၀ မို့  ပူလောင်တယ်တဲ့။ ကိန်းဂဏန်းတွေကို ရေတွက် မပြချင်ပါ။



မိဘ မောင်နှမသားချင်းတွေဟာလည်း လူသားတွေမို့  ဒေါသ၊ လောဘ၊ မောဟ၊ မာန်မာန အမှားတွေ ရှိနိုင်ပါတယ်။ လင်မယားချစ်၊ သမီးရည်းစားချစ်မှာလည်း အကြင်နာတွေ၊ ဂရုဏာတွေ၊ မြတ်နိုးတာတွေ၊ စေတနာတွေနဲ့  ထုံမွှမ်းထားရင် စိတ်ချမ်းမြေ့တဲ့ ဘ၀ကိုရမှာပါ။



ကိုယ့်ရင်ထဲက ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာကို ဘာနဲ့ ပေါင်းစပ်ပေးမလဲ ဆိုတာကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါပဲ။ အမှန်ကတော့ လူတစ်ယောက်ကို ချစ်နိုင်တယ်ဆိုတာနဲ့တင် ၀မ်းသာဖို့ ကောင်းနေပါပြီ။ (ကိုယ်မချစ်နိုင်တဲ့သူတွေကို ရေတွက်ကြည့်ပါ။)



ချစ်တယ်ကို ချစ်တယ်လို့  မတွေးပဲ တခြားဟာတွေပါ လျှောက်တွေးနေလို့ သာ စိတ်က မငြိမ်းချမ်းနိုင်တာပါ။



မေတ္တာတရား ရှာပုံတော် ဖွင့်နေသူတွေ အတွက်ပါ။ ကမ္ဘာပတ်ပြီး ရှာဦးတော့ မေတ္တာတရားကို တွေ့ချင်မှ တွေ့ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မေတ္တာတရားက ကိုယ့်နှလုံးသားထဲမှာပဲ ရှိနေလို့ ပါ။



ကိုယ့်ကို စိတ်ချမ်းသာမှု ပေးနိုင်တဲ့ ချစ်ခြင်းမေတ္တာဟာ တစ်ပါးသူတွေရဲ့ နှလုံးသားကများ လာမှာလားလို့ မျှော်လင့်နေရင်လည်း မျှော်တော်ဇောနဲ့  မောနိုင်ပါတယ်။ သူများက ကိုယ့်ကို ချစ်တယ်ဆိုတာ ၀မ်းသာစရာပါ။ ဒါပေမဲ့ ပြင်ပအကြောင်းတရားကြောင့် ချမ်းသာရတယ်ဆိုတာ (instrumental good) ကိုယ်ဖန်တီးနိုင်တဲ့ အရာမဟုတ်လို့  မသေချာပါ။



တကယ်တော့ ချစ်ခြင်းမေတ္တာမှာ ပင်ကို ချမ်းသာမှုသဘော (intrinsic good) ရှိပြီးသားပါ။ ကိုယ်မွေးမြူနိုင်လို့  ကိုယ့်နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာ ကိန်းအောင်းလာပြီဆိုရင် အလိုလိုကို စိတ်ချမ်းသာရပါတယ်။ ဘာအကြောင်းနဲ့ မှ မပျက်စီးနိုင်တဲ့ ချမ်းသာမှုပါ။



ကိုယ်ကျင့်တရား စံချိန်မှီတဲ့ ချစ်ခြင်းမေတ္တာ အကြောင်းတွေ ကြီးကြီးကျယ်ကျယ် လျှောက်ပြောနေလို့  ကျွန်မကိုတော့ ဟုတ်လှပြီလို့  မထင်ပါနဲ့ ။ သဘောတရားတွေကနေ လက်တွေ့ ကို ကူးပြောင်းရတဲ့ ကိစ္စဟာ လွယ်တာမဟုတ်ပါဘူး။ ဒါကြောင့် လက်တွေ့ မှာ ချစ်ခြင်းမေတ္တာ အရေခြုံတဲ့ မနာလိုမှုတွေ၊ ပိုင်ဆိုင်ချင်တဲ့ လောဘတွေ၊ ဆုံးရှုံးမှာကြောက်တဲ့  သောကတွေ၊ လိုတာမရတဲ့ ဒေါသတွေ၊ ၀မ်းနည်း ပူဆွေးမှုတွေ၊ နာကြည်းမှုတွေ၊ အညှိုးထားမှုတွေ၊ မာနတရားတွေနဲ့  လုံးလည် ပတ်ချာ လိုက်နေဆဲပါပဲ။



ဒီလိုဆိုရင် မေတ္တာစစ်ဆိုတာ မမှီတဲ့ပန်းလို့ လက်လျှော့ သွားချင်စရာ ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာတွေရော၊ ဆိုးညစ်တဲ့ စိတ်ဓါတ်တွေရောဟာ စိတ်ထဲကပဲ ဖြစ်လာတာမို့  ကိုယ့်စိတ်ကလေးကို ပြင်သွားရင် တဖြည်းဖြည်း မေတ္တာစစ်နဲ့ နီးစပ်လာမယ် ထင်ပါတယ်။ လွယ်တဲ့ အလုပ်တော့ မဟုတ်ပါဘူး။ စိတ်ဓါတ် လွန်ဆွဲပွဲပေါင်း များစွာကိုတော့ ဖြတ်သန်းရမှာပါ။



ဒါပေမဲ့ မကြောက်ပါနဲ့ ။ လျှော့လည်း မလျှော့ပါနဲ့ ။ နောက်ဆုံးမှာ မေတ္တာတရားက အမြဲအနိုင်ရပါတယ်။



လှတဲ့အကြောင်းတွေ လှတာတွေကို အများကြီး ပြောတတ်တယ်။ ဒါပေမဲ့ လှတယ်ဆိုတာ ဘာလဲလို့မေးလာတဲ့အခါ ချက်ချင်းအဖြေပေးဖို့ ခက်နေတတ်တယ်။ လှတယ်ဆိုတာ ဘာလဲဆိုတဲ့ ဖွင့်ဆိုချက် Definition ပေးဖို့ခက်ပါတယ်။



တချို့ကတော့ “လှတယ်” ဆိုတာ အကျိုးပြုနိုင်မူစွမ်းရည် တစ်မျိုးမျိုးရှိခြင်း၊ ဖြစ်တယ်လို့ ဖွင့်ဆိုကြတယ်။ အလှဆိုသည်မှာ အကျိုးပြနိုင်စွမ်းရည် ရှိခြင်းလို့ ဖွင့်ဆိုတဲ့ သဘောပေါ့။



ဥပမာ
… အမျိုးသမီးတစ်ဦးရဲ့ မျက်တောင်ဟာ ရှည်ပြီးကော့နေရင် ဒီမျက်တောင် ကော့ကော့ကလေးကို လှတယ်လို့ မြင်တယ်။ ဘာကြောင့်လှတာလဲဆိုရင် မျက်တောင်တိုတိုထက် ရှည်ရှည်ကော့ကော့ ကလေးဟာ “မျက်စိ” ကို ဖုံး၊ အမိုက် စသည့် အန္တရာယ်တို့မှ ကာကွယ်ပေးနိုင်စွမ်းမူရှိလို့တဲ့။ ဒီလို ကာကွယ်မူ ပေးနိုင်စွမ်းတာ၊ မျက်လုံးကို အကျိုးပြုနိုင်မူ စွမ်းရည်ရှိတာဟာပဲ “ အလှ” တဲ့။



ယောက်ျားမှာ ကျန်းမာသန်စွမ်းခြင်း၊ ယောက်ျားပီသခြင်းအဖြစ်နဲ့ ကြွက်သား ဖွဲ့စည်းမူ ပေါ်ပေါ်လွင်လွင်ရှိတယ်။ ယောက်ျားပီသခြင်းဟာ “အလှ” ဖြစ်နေတယ်။ ဘာလို့လှတာလဲဆိုတော့ အဲဒီ ယောက်ျားရဲ့ ကျန်းမာသန်စွမ်းခြင်းဟာ အလုပ်ကောင်းစွာ လုပ်နိုင်ခြင်းဟာ အကျိုးပြုတဲ့ အစွမ်းသတ္တိရှိလို့ပဲတဲ့။ မိန်းမမှာတော့ ယောက်ျားလို ကြွက်သားဖွဲ့စည်းမူ မပေါ်လွင်ဘူး။ သူ့ခန္ဓာမှာ ဖုံးလွှမ်းထားတဲ့ အဆီပြင်တစ်မျိုးရှိနေလို့ မိန်းကလေးဟာ အသားအရေ စိုပြေပျော့ပျောင်း နူးညံ့နေတယ်။ ဒီအဆီပြင်ဟာ အစာရေစာ ပြတ်လပ်တဲ့အခါမှာ မိမိကိုယ်ထဲမှာ ကိုယ်ဝန်ဆောင်ထားတဲ့ သား သမီးအတွက်တော့ အသက်ဆက်ရှင်နေနိုင်အောင် ဖန်တီးပေး နိုင်စွမ်းရှိတယ်တဲ့။ ဒီလိုအကျိုးပြုနိုင်စွမ်းတဲ့အစွမ်းရှိလို့ အမျိုးသမီးရဲ့ အသားအရေ နူးညံ့ပျော့ပျောင်း စိုပြည်လန်းဆန်းခြင်းကို “လှတယ်” လို့ မြင်လာတာတဲ့။



ဒီနည်းအတူပဲ အမျိုးသမီးရဲ့ ရင်သားပြည့်ဝဖွံ့ဖြိုးခြင်းဟာ သားသမီးငယ် အသက်ရှင်ဖို့အတွက် နို့ချိုတိုက်ကျွေးနိုင်ခြင်းဆိုတဲ့ အကျိုးပြမူရှိတယ်။ အမျိုးသမီးရဲ့ တင်ပါးအချိုးတကျ ပြည့်ဖြိုးကျယ်ပြန့်ခြင်းဟာ သားသမီးကို ကောင်းစွာ ကိုယ်ဝန်ဆောင်နိုင်ခြင်းဆိုတဲ့ အကျိုးတရားရှိတယ်။ အကျိုးပြုနိုင်မူရှိတယ်။ ဒီလိုအကျိုးပြနိုင်မူအစွမ်းရှိနေလို့ ပြည့်ဖြိုးကျယ်ပြန့်တဲ့ တင်ပါးကို လှပတယ်လို့ မြင်လာတာတဲ့။



ဒါကြောင့် အလှဆိုသည်မှာ အကျိုးတစ်စုံတစ်ရာ ပြနိုင်စွမ်းခြင်း သို့မဟုတ် အလှဆိုသည်မှာ အသုံးဝင်ခြင်းဖြစ်တယ်လို့ ဖွင့်ဆိုကြတာ ဖြစ်လိမ့်မယ်။



ချစ်တယ်ဆိုတာဟာ အဲဒီ လှတာကို ရယူချင်၊ ပိုင်ဆိုင်ချင်တာ ဖြစ်ပါလိမ့်မယ်။ ပိုပိုလှတာတွေ့တော့ ပိုပိုချစ်သွားတာတွေ ရှိမှာပေါ့။ ငါးစိမ်းမြင် ငါးကင်ပစ် ဆိုတာမျိုးတွေလည်း ရှိမှာပေါ့။ ဒါဖြင့် ချစ်ခြင်းမှာ ပိုလှတာကို ပိုချစ်တဲ့ သဘောရှိနေတော့ “မေတ္တာ” နဲ့ ခြားနားနေတယ်၊ မေတ္တာမှာက “ပို”သွားတယ်။ “လျော့” သွားတယ်ဆိုတာ မရှိဘူး။



ဗုဒ္ဓစာပေတွေမှာ ဂေါတမမြတ်စွာဘုရားက အင်မတန်လှပတင့်တယ်တဲ့ ဇနပဒကလျာဏီနဲ့ လက်ထပ်တော့မယ့် ညီတော်နန္ဒမင်းသားကို ခေါ်ထုတ်သွားတဲ့အကြောင်း ဖော်ပြထားပါတယ်။ အဲဒီလို ခေါ်သွားလို့ လမ်းတစ်နေရာမှာ မျောက်အိုမကြီးတစ်ကောင်ကို တွေ့တော့ ဂေါတမမြတ်စွာဘုရားက နန္ဒကို “အဲဒီ မျောက်အိုမကြီးနဲ့ ဇနပဒလျာဏီ ဘယ်သူက ပိုလှသလဲ” လို့ မေးတယ်။ ညီတော်နန္ဒ စိတ်ဆိုးလိုက်မယ့်ဖြစ်ခြင်း တွေးကြည့်လို့ရပါတယ်။ အင်မတန်လှတဲ့ သူ့ဇနပဒလျာဏီနဲ့ ဒီမျောက်အိုမကိုများ နိုင်းပြီး မေးရသလားလို့ပေါ့။ ဒေါသတွေဖြစ်မှာပဲ။ ဒါနဲ့ ဂေါတမမြတ်စွာဘုရားက ညီတော်ကို နတ်ပြည်ခေါ်သွားပြီး နတ်သမီးကလေးတွေနဲ့ တွေ့ပေးလိုက်တယ်။ နတ်သမီးဆိုတော့ သိပ်ချောသိပ်လှနေမှာပေါ့။ ဂေါတမ မြတ်စွာဘုရားကို ညီတော်က “ဒီနတ်သမီးးတွေနဲ့ နိုင်းစာရင် ဇနပဒကလျာဏီဟာ မျောက်အိုမကြီးလိုပါပဲဘုရား” လို့ ဖြေတယ်တဲ့။ ပြောရက်တယ်။ ဇနပဒကလျာဏီဟာ မျောက်အိုမကြီးလိုပါပဲတဲ့။



ချစ်ခြင်းဆိုတာ … ဒီလိုပဲ … ဘက်လိုက်တတ်တယ်။ အလှသာတဲ့ဘက်ကို အလေးသာ ပေးလိုက်တယ်။ ဘက်လိုက်တယ်။ ချစ်ခြင်းဟာ အတည်ငြိမ်ဘူး ပို၍ ပို၍ လှတာနဲ့တွေ့ရင် ပို၍ ပို၍ ချစ်ချစ်သွားတယ်၊ ချစ်ခြင်းဟာ မခိုင်ခံ့ဘူး။ ယိမ်းယိုင်တယ်။ သစ္စာမဲ့တယ်။ ကတိဖျက်တယ်။ မိန်းမက မလှတော့ဘူးဆိုရင် ယောက်ျားက မြတ်နိုးမူတွေ လျော့လာတယ်။ ယုယုယယကြင်ကြင်နာနာတွေ သိပ်မရှိဘူး ဖြစ်လာတယ်။ ဆူဆူပူပူတွေ လုပ်လာတယ်။ အော်လား၊ ဟစ်လား၊ ဟိန်းလား၊ ဟောက်လားတွေ လုပ်တယ်၊ အရင်ကလို သိပ်မချစ်တော့လို့ တစ်ဖက်သူကလည်း စိတ်ဆင်းရဲတယ်။ ဟုတ်တယ်၊ အချစ်ဆိုတာ ပြောင်းလဲ ဖောက်ပြန်တတ်တဲ့ သဘောရှိတယ်။



မေတ္တာကတော့ ယိမ်းယိုင်ဖောက်ပြန်ခြင်းမရှိဘူးတဲ့။



ဇာတ်တော်တစ်နေရာမှာ သိပ်ကိုလှပတဲ့ အမျိုးသမီးငယ်ကို လက်ဆောင်ပဏ္ဏာတွေနဲ့ ချစ်ရေးဆိုလာသူရဲ့ ပြုမူပုံကို ဖော်ပြထားတာ ရှိပါတယ်။ အဲဒီ ချစ်ရေးလာဆိုသူက ပထမအခေါက်မှာ အမျိုးသမီးအတွက် လက်ဆောင်ပဏ္ဏာကို ရွှေလင်ပန်းနဲ့ ထည့်လာတယ်။ အမျိုးသမီးက ငြင်းဆိုလိုက်တယ်။ နောက်တစ်ခေါက် လာပြန်တယ်။ ဒီအခေါက်မှာ လက်ဆောင်ပဏ္ဏာတွေကို ငွေလင်ပန်းနဲ့ ထည့်ယူလာတယ်။ ဒီအခေါက်မှာလည်း အမျိုးသမီးက သူ့ကမ်းလှမ်းချက်ကို ငြင်းပြန်တယ်။ နောက်ဆုံးတစ်ခေါက် လာပြန်တယ်။ ဒီအခေါက်မှာတော့ သူက လက်ဆောင် ပဏ္ဏာကို ကြေးလင်ပန်းနဲ့ ထည့်လာတယ်။



တစ်ခေါက်ထက် တစ်ခေါက် လက်ဆောင်ထည့်ယူလာပုံက ရွှေလင်ပန်းမှ ကြေးလင်ပန်းအဆင့်ကို ဆင်းသွားတယ်။ လက်ဆောင်ယူလာပုံ ညံ့ညံ့လာတာကို အမျိုးသမီးက သိတယ်။ ဒါကို အမျိုးသမီးက နောက်ဆုံးအခေါက်မှာ “ရှင် … ကျွန်မ သိက္ခာကို စော်ကားတာလား ဘယ်လိုလဲ” စသည်ဖြင့်ပေါ့ စိတ်ဆိုးပြီးမေးတော့၊ လက်ဆောင်ယူလာသူက သိက္ခာကို စော်ကားခြင်း မဟုတ်ရပါကြောင်း။ ထိုက်တန်ရာကိုသာ ယူလာခြင်းဖြစ်တဲ့အကြောင်း အလှဆိုသည်မှာ တစ်နေ့ပြီးတစ်နေ့ ပိုပိုပြီး လှလှသွားတာမဟုတ်ဘဲ၊ အလှဆိုတာ တစ်နေ့ပြီးတစ်နေ့ လျော့လျော့သွားတဲ့ သဘောသာရှိတဲ့အကြောင်း ဒါကြောင့် သူကလည်း လက်ဆောင်တန်ကြေးကို လျော့လျော့ယူခဲ့ခြင်းသာ ဖြစ်ပါကြောင်း ပြန်ပြောပါတယ်။



ဟုတ်မှာပေါ့လေ။ “အလှ” လျော့ရင် တန်ဖိုးကျကျသွားတယ်၊ ချစ်ခြင်းကလည်း ယိုင်ယိုင်သွားတတ်တဲ့ သဘောရှိလိမ့်မယ်။ ရင့်ရော် ဟောင်းနွမ်းသွားတတ်တဲ့ သဘောရှိလိမ့်မယ်။ မေတ္တာရဲ့ သဘောကတော့ ယိမ်းယိုင်တာမရှိဘူး။ ဖောက်ပြန်တဲ့ သဘောမရှိဘူးလို့ ဖွင့်ဆိုဖို့ ပလေတိုရဲ့ Symposium မှာ ဆော့ခရတ္တိက စိစစ်နေပါတယ်။



အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြတာတွေ အများကြီးပါပဲ။ တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေကြတာလည်း အများကြီးပဲ။



ချဉ်းသီးနဲ့ဆား၊ အတူထားရင် နီးစပ်မူကြောင့် အရည်ပျော်သွားတယ်တဲ့။ ယောက်ျားလေးနဲ့ မိန်းကလေး အတူနေ အတူထားရင်လဲ နီးစပ်မူကြောင့် ချစ်မေတ္တာတွေ အရည်ပျော်သွားရောတဲ့။ ဖြစ်နိုင်တာပေါ့။ ဖြစ်ကြတာတွေလည်း အများကြီးပါ။



ဆန့်ကျင်ဘက်ကတော့ မြင်ဖန်များလို့ငယ်၊ နမ်းဖန်များတော့ ပြယ်တဲ့။



ရွာဘုရား ရွာသားမရိုသေ



ရွာနားမြက် ရွာနွားမစား” ဆိုသလို…



နီးစပ်လွန်းလို့ အထင်မကြီး ရိုးသွားတယ် ငယ်သွားတယ်။ စိတ်မ၀င်စားဘူးတဲ့။ ဒါလဲ ဖြစ်နိုင်တာပဲ။ ဖြစ်နေကြတာလည်း အများကြီးပဲလေ။



ချစ်ခြင်းအစ မျက်စိက”တဲ့ မျက်စိအမြင်အာရုံမှာ နှစ်သက်သဘောကျတာကအစ အချစ်ကို ဖြစ်စေတယ်တဲ့။ တချို့ဆိုရင် မြင်မြင်ချင်း၊ ချစ်တယ်ဆိုတာမျိုးတောင် ရှိသေးတယ်။



အဲဒီမျက်စိပဲ ချစ်ပြီဆိုတော့ ကန်းသွားပြန်ရောတဲ့။ ချစ်ပြီဆိုရင် ဘာမှမမြင်တော့ဘူး။ ကန်းသွားပြီ။ အသိအမြင်၊ ဆင်ခြင်တုံတရားအားလုံး ကန်းသွားတာကို ပြောတာပါ။



ချစ်လွန်းအားကြီးရင် မျက်စိထဲကကို မထွက်တော့ဘူးဆိုတာလည်း ရှိသေးတယ်။



တချို့ကတော့ အချစ်ဆိုတာ ခွင့်လွှတ်ခြင်းတဲ့။ ဒါကိုတော့ သဘောကျပါတယ်။ ချစ်ရင် အပြစ်မမြင်ဆိုတဲ့ စကားတောင် ရှိသေးတာပဲ။ ချစ်ရင် ခွင့်လွှတ်နိုင်တာပေါ့။ ဒါပေမဲ့ အချစ်ဆိုတာ စွန့်လွှတ်အနစ်နာခံခြင်း ဆိုတာတော့ သဘောမကျပါဘူး။ အဲဒီလို စွန့်လွှတ်တဲ့အတွက် ကိုယ်ရောကိုယ့်ချစ်သူပါ ၀မ်းနည်းကြေကွဲရတာတွေ အများကြီးပါပဲ။ သဘောထားကြီးတာလိုလိုနဲ့ မပြတ်သားတာတွေလည်း ရှိပါတယ်။



ကိုယ့်ချစ်သူ ကောင်းစားရေးအတွက် ကိုယ်အနစ်နာခံမယ်ဆိုပြီး အလွမ်းသမား လုပ်ချင်တဲ့ စတန့်တွေလည်းရှိတယ်။ အခက်အခဲတွေကို၊ သတ္တိရှိရှိရင်ဆိုင် ကျော်လွှားရမယ့် ဒုက္ခတွေကို မခံချင်တာတွေလည်း ပါမှာပေါ့။ ကိုယ်တကယ်ချစ်ရင် ကြိုးစားပြီးမှ ယူနိုင်မယ့် အခွင့်အလမ်း မျိုးလည်းရှိလို့ကတော့ ကြိုးစားရမှာပေါ့။ စွန့်စားရမှာပေါ့။ သူရောကိုယ်ပါ တစ်သက်လုံး ဆွေးနေရတာမျိုးတော့ အဖြစ်မခံသင့်ပါဘူး။



ကိုယ့်ချစ်သူကိုလည်း သူမချစ်သူရဲ့ ရင်ခွင်ထဲ ရက်ရက် ရောရော ထားပစ်ခဲ့တာမျိုး မလုပ်သင့်ပါဘူး။ အင်မတန် ရက်စက်ရာ ကျပါတယ်။



အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်း ဆိုတဲ့စကားလည်းရှိတာပဲ။ တကယ်ချစ်ရင်တော့ ကိုယ့်ချစ်သူကို ရယူပိုင်ဆိုင်ချင်ရမှာပေါ့။ ချစ်ပါတယ်ဆိုတဲ့ စကားကို အပြီးစလွယ် ထပ်ကာတလဲလဲ ပြောနေပြီး လက်တွေ့ အကောင်ထည်ဖော်ဖို့ကျတော့ သတ္တိမရှိ မစွမ်းဆောင်နိုင်သူဟာ အရည်အချင်းမရှိတဲ့ သူတစ်ယောက်ပဲဖြစ်မှာပါ။ ဒါပေမဲ့ ကိုယ်ကပဲ ချစ်တယ်။ သူက ချစ်ချစ် မချစ်ချစ် ရယူပိုင်ဆိုင်ဖို့ ကြိုးစားတာမျိုးကျတော့ အတ္တလွန်ကဲတာပဲ။ သူက မချစ်ဘဲ ရယူရင်လည်း ပျော်စရာမကောင်းပါဘူး။



အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတဲ့ စကားလည်းရှိတယ်။ လွဲမှားတဲ့ အတွေးအမြင်ပါပဲ။ မတရားတာမှန်သမျှ မကောင်းမူပါပဲ။ မကောင်းတဲ့အကြောင်းကို ပြုရင် မကောင်းတဲ့ အကျိုးဆက်ရမှာပဲ။



ငါတကောကော အတ္တလွန်ကဲတဲ့ အတွေးအမြင်ပါပဲ။ သူ့မယားလိုချင် သူ့လင်လှံနဲ့ထိုးဆိုတဲ့ စိတ်ထားမျိုးပါပဲ။ ဒဿဂီရိလို အချစ်ပေါ့။ သီတာဒေ၀ီမှာ ကာမပိုင် လင်ယောက်ျားရှိမှန်းလည်း သိတယ်။ သီတာဒေ၀ီကလည်း သူ့ကို မကြိုက်ဘူး။ အဲဒါကို နည်းအမျိုးမျိုးနဲ့ မဟုတ်မမှန်ကြံစည်ပြီး မရ ရအောင် ခိုးယူတယ်။



အချစ်သစ္စာရှင် သီတာဒေ၀ီက ဘယ်လိုမှ ဖြားယောင်းလို့ မရဘူး။ ချော့လို့လည်းမရ၊ ခြောက်လို့လည်းမရ။ မတရားကြံစည်တဲ့ အချစ်ဆိုး၊ အချစ်ယုတ်ကြောင့် ရာမမင်းသားရဲ့ မြှားချက်နဲ့ အသက်ထွက်ကရော။



အချစ်ဆိုတာ သန့်ရှင်းတယ်၊ ကြည်လင်တယ်၊ အေးမြတယ်၊ နူးညံ့တယ်၊ ကြည်နူးတယ်၊ ကျေနပ်တယ်၊ စွဲမက်တယ်၊ ကြမ်းကြမ်းတမ်းတမ်း မတရားကြံ မမှန်လုပ်လို့ ဘယ်ကောင်းပါ့မလဲ။ လှပတဲ့ အချစ်ကလေး အရုပ်ဆိုး အကျည်းတန်သွားမှာပေါ့ကွယ်။ ကမ္ဘာပေါ်ရှိ ချစ်ကြသူတိုင်း ချစ်သူတိုင်း ချစ်တိုင်းညား၍ ညားတိုင်းချစ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။



ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ချစ်သူများနေ့တွက် ရည်ရွယ်တင်ပြပါသည်။

No comments:

Post a Comment