မြတ်စွာဘုရား ဝေသာလီပြည် မဟာဝုန်တော အထွဋ်တပ်သော ကျောင်းကြီး၌ သီတင်းသုံး နေတော်မူစဉ်အခါက ဖြစ်ပါသည်။
ထိုအချိန် သီဟစစ်သူကြီးသည် မြတ်စွာဘုရားထံ သွားရောက်ဖူးမြော်သည်၊ ရှိခိုးပြီး သင့်တင့်သော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားကို ဤသို့ လျှောက်ထားသည် -
“အရှင်ဘုရား ! အရှင်ဘုရားသည် ဒါန၏လက်တွေ့အကျိုးကို ဖော်ပြနိုင်ပါသလော ဘုရား?။”
“ဖော်ပြနိုင်သည် သီဟ။
၁။ ပေးလှူတတ်သူ အလှူရှင်ကို လူအများ ချစ်ခင်မြတ်နိုးကြသည်။
၂။ ပေးလှူတတ်သူ အလှူရှင်ထံသို့ ငြိမ်သက်သော စိတ်နှလုံးရှိသည့် သူတော်ကောင်းများ ချဉ်းကပ်ကြသည်။
၃။ ပေးလှူတတ်သူ အလှူရှင်၏ ဂုဏ်သတင်းကောင်း ထွက်သည်။
၎။ ပေးလှူတတ်သူ အလှူရှင်သည် မင်း, ပုဏ္ဏား, သူကြွယ်, ရဟန်း, မည်သည့် ပရိသတ်သို့ မဆို ချဉ်းကပ်ခဲ့မူ ရဲရဲဝံ့ဝံ့ မျက်နှာရွှင်ပျစွာ ချဉ်းကပ်ရသည်။
ဤ ၄-မျိုးတို့သည် ဒါန၏ လက်တွေ့အကျိုးတို့ပေတည်း။
၅။ ပေးလှူတတ်သူ အလှူရှင်သည် ခန္ဓာပျက်ကြွေ သေပြီးနောက် သုဂတိဘုံဘ၀ နတ်ပြည်လောကသို့ ရောက်ရသည်။
ဤအကျိုးကား တမလွန်ဘ၀၌ ရအံ့သော အလှူ၏ အကျိုးပေတည်း။”
“အရှင်ဘုရား ! အရှင်ဘုရား ဟောကြားတော်မူသည့် ဒါန၏လက်တွေ့ အကျိုး ၄-မျိုးအပေါ်မှာ မူတည်၍ မြတ်စွာဘုရားကို တပည့်တော် ယုံကြည်ဆည်းကပ်သည် မဟုတ်ပါ၊ တပည့်တော်ကိုယ်တိုင်လည်း ထိုအကျိုးတို့ကို သိနေပါသည်။
တပည့်တော်သည် ပေးလှူတတ်သူ အလှူရှင် ဖြစ်ပါသည်။ သို့အတွက်ကြောင့် -
၁။ များစွာသော လူတို့က တပည့်တော်ကို ချစ်ခင်မြတ်နိုးကြပါသည်။
၂။ တပည့်တော်ထံသို့ ငြိမ်သက်သော စိတ်နှလုံးရှိကြသည့် သူတော်ကောင်းတို့ ချဉ်းကပ်ကြပါသည်။
၃။ “သီဟစစ်သူကြီးသည် ပေးလှူတတ်သည်၊ သံဃာအား ကျေးဇူးပြုတတ်သည်။ သံဃာ့အလုပ်အကျွေး ဖြစ်သည်” ဟု တပည့်တော်၏ ဂုဏ်သတင်းကောင်း ထွက်ပါသည်။
၎။ မင်း, ပုဏ္ဏား, သူကြွယ်, ရဟန်း, မည်သည့် ပရိသတ်သို့မဆို ချဉ်းကပ်ခဲ့မူ ရဲရဲဝံ့ဝံ့ မျက်နှာရွှင်ပျစွာ ချဉ်းကပ်ရသည်။
ဤကား တပည့်တော်ကိုယ်တွေ့ အချက်များ ဖြစ်ပါသည်။
နံပါတ် ၅-အချက်ဖြစ်သည့် -
“ပေးလှူတတ်သူ အလှူရှင်သည် ခန္ဓာပျက်ကြွေ သေပြီးနောက် သုဂတိဘုံဘ၀ နတ်ပြည်လောကသို့ ရောက်ရသည် - ”
ဟူသော ယင်း အကျိုးကိုမူကား တပည့်တော် မသိရပါ။ ဤအကျိုးကို သိခွင့်ရ၍သာ မြတ်စွာဘုရားကို တပည့်တော် ယုံကြည်ဆည်းကပ်ပါသည် ဘုရား။”
“သီဟ ! သင်လျှောက်ထားသော ဤစကားသည် သင်လျှောက်သည့်အတိုင်း မှန်ပေသည်၊ ပေးလှူတတ်သူ အလှူရှင်သည် ခန္ဓာပျက်ကြွေ သေပြီးနောက် သုဂတိဘုံဘ၀ နတ်ပြည်လောကသို့ ရောက်ရသည်။”
ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -
“ပေးလှူတတ်သူကို လူအများ ချစ်ခင်သည်၊ လူအပေါင်းတို့ ချဉ်းကပ်ကြသည်၊ ကျော်စောလည်း ကျော်စောသည်၊ အခြံအရံလည်း တိုးပွါးသည်၊ နှမြောတွန့်တိုမူ ကင်းသူသည် မျက်နှာသာယာရွှင်ပျစွာဖြင့် ရဲရဲဝံ့ဝံ့ ပရိသတ်သို့ သက်ဝင်နိုင်သည်။
ထို့ကြောင့်ပင် ချမ်းသာရှာမှီးလေ့ရှိသည့် ပညာရှိတို့သည် နှမြောတွန့်တိုမူ အညစ်အကြေးကို ပယ်ဖျောက်၍ အလှူအတန်းတို့ကို ပေးလှူကြသည်၊ တာဝတိံသာနတ်ဘ၀သို့ ရောက်၍ မွေ့လျော်ကြရသည်။
ကုသိုလ်ပြုထားသူတို့သည် ဤဘ၀မှ စုတေရွေ့လျားကြသည့်အခါ မိမိတို့ ကိုယ်ရောင် ကိုယ်ဝါဖြင့် လှည့်လည်သွားလာကြရသည်၊ သူတို့သည် နန္ဒ၀န် နတ်ဥယျာဉ်၌ ကာမဂုဏ် ၅-ပါး ပြည့်ပြည့်စုံစုံဖြင့် နှစ်သက်ကြရသည်၊ မွေ့လျော်ကြရသည်၊ ၀မ်းမြောက်ကြရသည်၊ မြတ်စွာဘုရားစကားတော်ကို လိုက်နာပြုကျင့်ကြသော တပည့်သာဝကတို့သည် နတ်ပြည်၌ မွေ့လျော်ကြရလေသည်။”
ဆောင် - အများ ချစ်ခင်၊ သူတော်စင် ချဉ်းကပ်၊ ထွက်လတ် ကောင်းသတင်း၊ ရဲတင်း မျက်နှာ၊ လေးဖြာ မျက်မှောက်ကျိုး၊ နောင်ကျိုး နတ်ပြည်၊ ဤငါးလီ၊ မိန့်သည်၊ အင်္ဂုတ္တိုရ်။
မှတ်ချက် - ဒါနဒါသ(ဒါနကျွန်) - မိမိက အကောင်းစား သုံးဆောင်၊ အညံ့စား လှူသူ၊
ဒါနသဟာယ(ဒါနသူငယ်ချင်း) - မိမိသုံးဆောင်တာနှင့် တန်းတူ လှူဒါန်းသူ။
ဒါနပတိ(ဒါနအရှင်) - မိမိက အညံ့စား သုံးဆောင်၊ အကောင်းစား လှူသူ။
စတုတ္ထသုတ် ပြီး၏။
Tuesday 22 February 2011
၎။ သီဟသေနာပတိသုတ်
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓသုတ်တော်များ(မြန်မာပြန်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment