ယုံကြည်မူဆိုတာ လူသားရဲ့ စိတ်အတွေးမှာ ဖြစ်တတ်တဲ့သဘော တစ်ခုပါ၊ စိတ်အတွေးဆိုတာဟာလဲ လူသားနဲ့ ဉာဏ်ရည်ဉာဏ်သွေး အနိမ့်အမြင်နဲ့ အတွေ့အကြုံ ရင့်ကျက်မူ အပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ သမိုင်းဦးခေတ်က လူသားတွေဟာ ကောင်းကင်ကနေ လနက္ခတ်တာရာတွေရဲ့ တောက်ပတဲ့ အလင်းရောင်ကို ကြည့်ပြီး စိတ်ကူးနဲ့ တန်ခိုးဣဒ္ဓိပါဒ်ရှိတဲ့ နတ်ဒေ၀တာတွေရဲ့ ဘုံဗိမာန်တွေကို တွေးထင်ခဲ့ကြတယ်။ နောက်ပိုင်း တိုးတက်လာတဲ့ အခါမှာကျတော့ ဒီအတွေး ပြောင်းလဲသွားတယ်။ ဒါပေမဲ့ ရှေးရှေးဘိုးဘွားတွေရဲ့ အတွေးကို နိမ့်ကျတယ်ဆိုပြီး မရူံ့ချဘဲ ဆီလျော်အောင် တွေးယူရပါမယ်။
ဥပမာ - မြစ်ရဲ့ အနီးမှာ နေထိုင်ကြတဲ့ လူသားတွေက မြစ်စောင့်နတ်ကြီးကို အရိုအသေပြုတဲ့ အနေနဲ့ ပူဇော်ခဲ့ကြတယ်။ ဒီလိုပူဇော်ခြင်း အရိုအသေပြုခြင်းဖြင့် ငါတို့ရဲ့ ကောင်းကျိုးချမ်းသာကို ဒီနတ်ကြီးက ဆောင်ကျင်းပေးလိမ့်မယ်လို့ ယုံကြည်တယ်။ သူ့ကို မရိုမသေ လုပ်ရင်တော့ ဘေးဒုက္ခအန္တရာယ်နဲ့ ကြုံတွေ့ရပြီသာမှတ်တော့၊ ဒါက ရှေးလူသားတွေရဲ့ အတွေး၊ အခုခေတ်အမြင်နဲ့ ကြည့်ရအောင်၊ မြစ်စောင့်နတ်ဆိုတာ မြစ်ပါဘဲ၊ တစ်ကွဲ တစ်ပြား မဟုတ်ပါဘူး၊ အတူတူပါ၊ မိမိတို့ အမှီပြုနေတဲ့ မြစ်ကို မိမိတို့က မရိုသေဘူး၊ မလေးစားဘူး၊ အညစ်အကျေးတွေ မြစ်ထဲစွန့်ပစ်မယ်၊ မြစ်ရေတွေကို မရိုးမသေသုံးစွဲမယ်ဆိုရင် ဒီမြစ်ကပြန်ပြီး ရောဂါတွေဖြစ်အောင် သီးနှံ့စိုက်ခင်းတွေ ပျက်စီးအောင် ဘေးဒုက္ခပေးမှာ သေချာပါတယ်။
ထို့အတူ တောနဲ့ တောစောင့်နတ်၊ တောင်နဲ့ တောင်စောင့်နတ်၊ သစ်ပင်နဲ့ သစ်ပင်စောင့်နတ် အတူတူပါဘဲ၊ လူသားတွေရဲ့ သဘာဝပတ်ဝန်းကျင်တွေပါ ကောင်းကင်က နက္ခတ်တာရာဆိုတာတွေဟာလဲ ကမ္ဘာဂြိုလ်နဲ့ မိသားစုတွေပါ။ သဘာဝပတ်ဝန်းကျင်တွေပါ ဒါတွေကို မရိုမသေ မလေးမစားလုပ်ရင် လူသားတွေ ဘေးဒုက္ခနဲ့ ကြုံနိုင်တယ်ဆိုတာ ဒီကနေ့ ကမ္ဘာ့သိပ္ပံ ပညာရှင်ကြီးတွေကိုယ်တိုင် ပြောဆိုနေကြပါပြီ။
ဟိန္ဒူသျှီဝဗြဟ္မာကြီးရဲ့ ဂုဏ်တော်တွေကို ဖော်ပြတဲ့ နေရာမှာ နေ၊ လ၊ မြေ၊ ရေ၊ လေ၊ မီး၊ အာကာသတွေကို ဂုဏ်ပုဒ်အဖြစ် ဖော်ပြပါတယ်။ ဒါကိုကြည့်ရင် ရှေးဟောင်းလူသား တွေဟာ သဘာဝတရားကို နတ်ဒေ၀တာအဖြစ် တင်စားသုံးစွဲခဲ့ကြတာပါ။ ဒါတွေကိုကြည့်ရင် ဖန်ဆင်းရှင် ထာဝရဘုရားသခင်ဆိုတာ သဘာဝတရားကြီးကို ပြောတာပါ။ ဖန်ဆင်းရှင်နဲ့ သဘာဝတရားထပ်တူပါ။
အခုဘာသာဝါဒတွေ တည်ဆောက်ထားပုံ တူညီတဲ့အချက်ကို ကြည့်ရအောင် -
အတ္တ၀ါဒမှာ ပရမအတ္တကြီးကနေ အတ္တကလေးခွဲထုတ်ပြီး သတ္တ၀ါအဖြစ် ဖန်ဆင်းပေးတယ်။ ဒီသတ္တ၀ါလေး သတ္တ၀ါအဖြစ် ကျင်လည်ပြီး နောက်ဆုံး ပရမအတ္တကြီးနဲ့ ပြန်လည်ပေါင်းဆုံတယ်။ ဒါ သံသရာပြတ်ပုံပဲ။
ဖန်ဆင်းရှင်ဝါဒမှာ ဖန်ဆင်းရှင်ကြီးက သတ္တ၀ါတွေကို ဖန်ဆင်းပေးလိုက်တယ်။ သတ္တ၀ါအဖြစ် ရှင်သန်နေထိုင်ရတယ်။ အကောင်းအဆိုးအလိုက် သုခဘုံ ဒုက္ခဘုံမှာ ခံစားစံစားရတယ်။ နောက်ဆုံးကျတော့ ဖန်ဆင်းရှင်ကြီးက ပြန်လည်ခေါ်ယူရတယ်။ ဒါသံသရာ ပြတ်တာဘဲ။
ကမ္မ၀ါဒမှာ ကံက သတ္တ၀ါတွေကို ဖန်ဆင်းပေးတယ်။ သတ္တ၀ါအဖြစ် ရှင်သန်နေစဉ် ကံအသစ်တွေ ထပ်ပြုတယ်။ အဲဒီကံတွေရဲ့ အကျိုးကို ခံစားစံစားတယ်။ နောက်ဆုံးကြတော့ တရားထူးကိုရပြီး ကံတွေကို ပယ်လိုက်တယ်။ ဒီအခါ ဘ၀သံသရာ အဆက်ပြတ်ပြီး နိဗ္ဗာန်ဝင်တော့တာဘဲ။ သိပ်မကွာကြပါဘူး၊ ဆင်တူပါတယ်။ ဒီလောက်ဆို ကမ္မ၀ါဒကို မှန်းဆနိုင်ပါပြီ။
မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။
Sunday 27 February 2011
ယုံကြည်မူပြောင်းလဲတတ်ခြင်း
အမျိုးအစား/ကဏ္ဍ
ဓမ္မဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment