ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 21 February 2011

၃။ ဥဂ္ဂဟသုတ်


်မြတ်စွာဘုရား ဘဒ္ဒိယမြို့ မြတ်လေးတော၌ သီတင်းသုံးနေတော်မူစဉ်က ဖြစ်ပါသည်။

မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟသူကြွယ်သည် မြတ်စွာဘုရားထံ သွားရောက် ဖူးမြော်သည်၊ ရှိခိုးပြီး သင့်တင့်သော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားကို ဤသို့ လျှောက်ထားသည် -

“အရှင်ဘုရား ! နက်ဖြန်အတွက် အရှင်ဘုရားအပါအ၀င် ၄-ပါး တပည့်တော်၏ ဆွမ်းကို အလှူခံတော်မူပါ။”

မြတ်စွာဘုရားလည်း ဆိပ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူသည်။

ဥဂ္ဂဟသူကြွယ်သည် မြတ်စွာဘုရားလက်ခံတော်မူခြင်းကို သိ၍ နေရာမှ ထကာ ရှိခိုးလျက် အရိုအသေ ပြုပြီး ပြန်သွားလေသည်။

နောက်နေ့ မိုးသောက် အလင်းရောက်သောအခါ မြတ်စွာဘုရားသည် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်, သင်္ကန်းကို ဆောင်ယူပြီး ဥဂ္ဂသူကြွယ်၏ အိမ်သို့ ချဉ်းကပ်ကာ ခင်းထားသောနေရာ၌ ထိုင်နေတော်မူသည်။

ဥဂ္ဂဟသူကြွယ်သည် မြတ်စွာဘုရားကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် တင်းတိမ်ရောင့်ရဲသည့်တိုင်အောင်, ပြည့်စုံပြီဟု တားမြစ်သည့်တိုင်အောင် ကိုယ်တိုင် ဆက်ကပ်လုပ်ကျွေးသည်။

မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးပြီးသောအခါ ဥဂ္ဂဟသူကြွယ်သည် သင့်တင့်သော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားကို ဤသို့ လျှောက်ထားသည် -

“အရှင်ဘုရား ! တပည့်တော်၏ ဤသမီးပျိုများသည် သူတို့ခင်ပွန်းသည် အိမ်သို့ လိုက်ပါသွားကြရပါလိမ့်မည်၊ သူတို့ကို သွန်သင်တော်မူပါ၊ ဆုံးမတော်မူပါ။ ယင်းသို့ သွန်သင်ဆုံးမခြင်းသည် သူတို့အတွက် အရှည်သဖြင့် အစီးအပွါးအလို့ငှါ ဖြစ်ပါလိမ့်မည်။”

မြတ်စွာဘုရားက ဤသို့ သွန်သင် ဆုံးမတော်မူသည် -

“သမီးတို့ ! ထိုသို့ လျှောက်ထားသောကြောင့် သင်တို့သည် ဤသို့ ကျင့်သုံးနေထိုင်ကြရမည်၊ သင်တို့မိဘများသည် သင်တို့အကျိုးစီးပွါးကို လိုလား၍ သနားစောင့်ရှောက်သောအားဖြင့် သင်တို့ကို ထိမ်းမြားပေးကြခြင်းဖြစ်သည်။

သင်တို့သည် -

၁။ (က) ထသောအခါ အိမ်သားအားလုံးထက် စောစွာ ထကြရမည်၊

(ခ) အိပ်သောအခါ အိမ်သားအားလုံး နောက်မှ အိပ်ကြရမည်၊

(ဂ) ဘာလုပ်ပေးရမလဲဟု စောင့်မျှော် နားခံကြရမည်၊

(င) ချစ်ဖွယ်စကားကို ဆိုတတ်ကြရမည်၊

ဤအချက်များအတိုင်း လိုက်နာ ကျင့်သုံးကြရမည်။

၂။ ၎င်းအပြင် - မိမိခင်ပွန်းသည်က ရိုသေ လေးစားအပ်သည့် မိဘ, သမဏ ဗြာဟ္မဏဖြစ်သူတို့ကို မိမိကလည်း အရိုအသေပြုကြရမည်၊
အလေးအမြတ်ပြုကြရမည်၊ မြတ်နိုးကြရမည်၊ ပူဇော်ကြရမည်၊ မိမိထံသို့ လာသူတို့ကိုလည်း နေရာထိုင်ခင်းပေးခြင်း, ရေတည်ခြင်းဖြင့် ပူဇော်ကြရမည်။

၃။ ၎င်းပြင် - ခင်ပွန်းသည်၏ သိုးမွေး, ၀ါဂွမ်းစသော အိမ်တွင်းမူတို့၌ ကျွမ်းကျင်ကြရမည်၊ မပျင်းရိသူများ ဖြစ်ကြရမည်၊ ထိုအိမ်တွင်းမူ လုပ်ငန်းတို့၌ စူးစမ်း ဆင်ခြင်တတ်သော ပညာနှင့် ပြည့်စုံကြရမည်၊ ကိုယ်တိုင်ပြုလုပ်ရန် စီမံရန် စွမ်းနိုင်ကြရမည်။

၎။ ၎င်းပြင် - ခင်ပွန်းသည်၏ အိမ်တွင်းသားဖြစ်သည့် အစေခံ အလုပ်သမားတို့ -

- ပြုလုပ်ပြီးသည်ကိုလည်း ပြုလုပ်ပြီးဟု သိကြရမည်၊

- မပြုလုပ်ရသေးသည်ကိုလည်း မပြုလုပ်ရသေးဟု သိကြရမည်၊

- မကျန်းမာသူတို့၏ ခွန်အားရှိ, မရှိကို သိကြရမည်၊

- ထိုအိမ်တွင်းသားအပေါင်းအား သူတို့ရထိုက်သော ခွဲဖွယ်, ဘောဇဉ်အဖို့ အသီးသီးကို ဝေဖန်ပေးကြရမည်။

၅။ ၎င်းအပြင် - ခင်ပွန်းသည် ရှာဖွေလာသည့် ဥစ္စာ, စပါး, ရွှေ, ငွေ စသည်တို့ကို စနစ်တကျ လုံခြုံအောင် စောင့်ရှောက် ထိန်းသိမ်းကြရမည်။

ထိုပစ္စည်းများ မပျက်စီးအောင် အပျော်မကြူးရ၊ မခိုးမ၀ှက်ရ၊ မူးယစ်သေစာ မသုံးစွဲရ။

အဆိုပါ တရား ၅-မျိုးနှင့် ပြည့်စုံသော အမျိုးသမီးသည် ခန္ဓာပျက်ကြွေ သေပြီးနောက် နှစ်သက်ဖွယ် ကိုယ်ရှိသည့် နတ်ဘ၀သို့ ရောက်ရသည်။”

တဖန်ထပ်၍ ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -

“အမြဲမပြတ် လွန်စွာ ကြိုးစားအားထုတ်ပြီး ကြောင့်ကြတစိုက် အလိုရှိရာ မှန်သမျှကို ဆောင်ယူကာ မိမိမယားကို ပြုစုလုပ်ကျွေးသည့် ခင်ပွန်းသည် လင်ယောက်ျားကို မိန်းမကောင်းသည် မထီလေးစား မပြုရာ။

မိန်းမကောင်းသည် ငြူစူသော အကျင့်ဖြင့်လည်း မိမိခင်ပွန်းသည်ကို မခြုတ်ခြယ်ရာ၊ ပညာရှင်အမျိုးသမီးသည် ခင်ပွန်းသည်၏ ရိုသေလေးစားအပ်သူ ပုဂ္ဂိုလ်အားလုံးကို မြတ်နိုးပူဇော်ရမည်။

လုံ့လ၀ီရိယလည်း ရှိ, ပျင်းလည်း မပျင်းရိ, အခြွေအရံပရိသတ်ကိုလည်း ချီးမြှောက်ထောက်ပံ့တတ်, ခင်ပွန်းသည်၏ နှစ်လိုဖွယ်ကိုလည်း ကျင့်တတ်, စုဆောင်းပေးသော ပစ္စည်းကိုလည်း ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်တတ်, ခင်ပွန်းသည်၏ အလိုသို့လည်း လိုက်တတ်သော အမျိုးသမီးသည် မနာပမည်သည့် နတ်တို့၏နေရာ နိမ္မာနရတိဘုံသို့ ရောက်ရလေသည်။”


ဆောင် - ထလျှင် ရှေးကျ၊ အိပ်က နောက်ချန်၊ ပြုရန် မေးလစ်၊ နှစ်ခြိုက်ဖွယ် ပြုလေ့၊ ဆိုလေ့ ချစ်ဖွယ်၊ ဤငါးသွယ်၊ တကယ် တော်ဝင် ဇနီးကောင်း။

မိမိလင်သား၊ အလေးထားသည့်၊ နှစ်ပါး မိဘ သမဏ, ဗြာဟ္မဏတ်၊ ပုဂ္ဂိုလ်မြတ်ကို၊ ရိုသေမြတ်နိုး၊ တစ်မျိုး ပူဇော်၊ ပြုသော် မှန်စွာ၊ ရောက်လာဧည့်သည်၊ ရေတည်, နေရာပေး၊ အလေးထား၊ မှတ်သား တော်ဝင် ဇနီးကောင်း။

အိမ်တွင်းမူရေး၊ သိုးမွေး ၀ါဂွမ်း၊ ကျွမ်းကျင်စွာဘိ၊ မပျင်းရိဘဲ၊ စွမ်းသည့် ပညာ၊ ပြည့်စုံရာ၊ မှန်စွာ တော်ဝင် ဇနီးကောင်း။

ကျွန်, အလုပ်သမား၊ အိမ်တွင်းသား၏၊ ပြု၏ တစ်ဖန်၊ မပြုပြန်ကို၊ ဝေဖန် သိရာ၊ မမာသူများ၊ ခွန်အားရှိ, မရှိ၊ ထောက်ချင့်သိရာ၊ စားအစာနှင့်၊ လစာအဖို့၊ မချို့လေအောင်၊ ပြုလုပ်ဆောင်၊ အခေါင် တော်ဝင် ဇနီးကောင်း။

လင်သား ယောက်ျား၊ ရှာဖွေထားသည့်၊ စပါး ရွှေ ငွေ၊ ဥစ္စာတွေကို၊ သေချာ သိမ်းထုပ်၊ မလုပ် ပျော်ကျူး၊ ယစ်မူး, ခိုးဝှက်၊ ရှောင်ကြဉ်လျက်၊ မိန့်မြွတ် တော်ဝင် ဇနီးကောင်း။


တတိယသုတ် ပြီး၏။

No comments:

Post a Comment