ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 1 March 2013

ကိုယ်ပိုင်ဘ၀လုံခြုံရေး လူဖြစ်လိုသူတို့၏ တာဝန်

(က) ကိုယ့်တိုင်းပြည် လုံခြုံစေလိုလျှင် စစ်တပ်ဖွဲ့၍ တိုက်ကင်း လှည့်ကင်းထား။

(ခ) ကိုယ့်မြို့ကိုယ့်ရွာ လုံခြုံစေလိုလျှင် ရဲတပ်ဖွဲ့၍ ကာကွယ်အရေးယူ၊ မူနှစ်မူထား။

(ဂ) ကိုယ်ပိုင်ဘ၀ လုံခြုံစေလိုလျှင် မဂ္ဂင်ဖွဲ့၍ စပ်အား၊ စိုက်အား သတိနှစ်မျိုးထား။


ဘ၀-ပါပ-လုံခြုံရေး-အလေးပေးကြ ဆောင်ရွက်ကြ။

အရာဌာနတိုင်း၌ -

- သဘာဝပေးအန္တရာယ်သည် ဘ၀ကို အန္တရာယ်ပေးစေသည့် အရေးအခင်းများ၊

- ပါပညစ်ထေး၊ စိတ်ကို အန္တရာယ်ပေးစေသည့် အရေးအခင်းများ။

ထိုအရာနှစ်ပါး နေရာကွက်လပ်မရှိ အချိန်အပြည့် ရှိနေပါသည်ကို အသိပေးခဲ့ပြီး ဖြစ်၏။

ထိုတွင် -

(က) တိုင်းပြည်အချင်းချင်း စစ်ခင်းကြရာတိုင်းတို့၌ မာနနှင့်ဒေါသတို့သည် ဦးဆောင်၏။

(ခ) လူလူချင်း ခိုးဝှက်ယူငင်ရာ၌ မပေးလိုသော လောဘနှင့် ရယူလိုသော လောဘတို့ ဦးစီး၏။

(ဂ) ကိုယ်တစ်ယောက်ချင်း စစ်ခင်းရာ၌ကား အတိတ်အကျင့်ဆိုးနှင့် လက်ရှိအကျင့်ဆိုးတို့ နှစ်မျိုးပေါင်းကာ တစ်ကြောင်းတည်းသောလမ်း၊ လှမ်းကြရာမှ ဖြစ်သဖြင့် ကိလေသာတို့ ဦးစီး၏။

ထိုသုံးမျိုးထဲမှ အထက်နှစ်မျိုးတို့ကား လောကီထုပ္ပတ် လူတို့ဇာတ်၌ သိကြပြီး မြင်ကြပြီး ဖြစ်နေရကား ဤ၌ ချဲ့မပြသာပြီ။

ဤ၌ကား မိမိတစ်ဦးတည်းတည်း ကိုယ့်ပုဆိုးစ ကိုယ်နင်းလဲသည့်ပမာ အစွဲမှဖြစ်သော အထဲမွှေများနှင့် ၎င်းတို့ နှိမ်နင်းပေးရသည့် အကျင့်ကောင်းများ တစ်ကြောင်းတည်းလမ်းဝယ် လက်တစ်ကမ်း တိုက်ပွဲဆင်ရပုံကိုသာ ညွှန်းဆိုပါအံ့။

ကိုယ်ပိုင်ဘ၀ဟူသည် -

လူပိုင်လူကိုင် စေတနာစစ်စစ်ဖြစ်သော ကောင်းရာလုပ်က ကောင်းကျိုးရ၏။ ဆိုးရာလုပ်က ဆိုးထုတ်ပေါ်မည်သာဟူသော ယုံကြည်ချက်အတွင်းခံ အမှန်ထားကာ ကောင်းမူအဆင့် ပြုကျင့်ရာမှ ပေါ်ထွန်းလာသော လူ့ဘ၀ပင်။

ထိုကောင်းမူတွင် -

(က) သီလစင်ကြယ်မူအခံပါသော ဒါနကုသိုလ်မျိုးဖြစ်က နတ်ဘ၀အထိ တက်သာ၏။

(ခ) လော်မာဉာဏ် အခံပါသော ဒါနကုသိုလ်မျိုးဖြစ်နေက အသူရကာယ်ဘ၀ ကျရ၏။

ဤ၌ -

ပင်ကိုဉာဉ်ကပင် မကောင်းဉာဉ်သုံးမျိုးဖြစ်သော မသိကြိုက်၊ မသိမိုက်ဉာဉ်များ ပါရှိနေမည်။ ထိုဉာဉ်များ ဒါနကုသိုလ်အား ထောက်ခံနေသော သဒ္ဓါခံစေတနာတို့အကြားလည်း လမ်းသလားနေမည်ဆိုက အသူရကာယ်ဘုံသို့သာ ရောက်စေရသည်ဆို၏။ သည့်အတူ ဘုန်းကြီးကျောင်း၊ သူဌေးအိမ်များဝယ် သွားရောက်၍ ဘ၀ရကြလေသော ခွေး၊ ကြက်၊ ၀က် စသည့် တိရစ္ဆာန်များလည်း အကုသိုလ်လော်မာဉာဏ် မကင်းသော ကောင်းမူမျိုးစေ့မှ ဆင်းသက်လာဟန် ရှိ၏။

တစ်ဖန်ကုသိုလ်ပြုရာ၌ ဆင်ခြင်ဉာဏ်နှင့် လော်မာဉာဏ်နှစ်မျိုးတွင် အကယ်တိတိ ဆင်ခြင်ဉာဏ်က အားသာပြီး လော်မာဉာဏ်ဘက်က သာမန်ဖြစ်ခဲ့သော် လူ့ဘ၀သို့သာ ပြန်လာခွင့်ရပြီး စေတနာကား မသန့်ပြန့်ရကား အကျိုးပေးဘယ်လောက်ရရ၊ ရလေလိုလေဖြင့် လောဘအမွှေ မလွတ်တော့ပြီ။

အကျိုးပေး ဘယ်လောက်အဆင်ပြေပြေ သောကအမွှေလည်း မလွတ်တော့ပြီ။

အကျိုးပေး ဘယ်လောက်လှလှ စိတ်ချခြင်းသည် အလျင်းမပြေပြီ။ သို့ကြောင့် ထိုလူသား လူခံစားခွင့်များ ခေါင်းပါးရပြီး လူစာမစားရတော့ပြီ။

ထိုလူ့ဘ၀ ရလျက်က လူကျင့်ကျင့်ခွင့် မရခြင်းသည် ကုသိုလ်ကြောင့် မဟုတ်ချေ။

လူဆိုကတည်းက ကောင်းမူကြောင့်ချည်း ရသည်ဖြစ်ရကား လူမှန်သမျှ လူကောင်းချည်းသာတည်း။

သို့ကြောင့် လောကတွင် လူဆိုးဟူ၍ တစ်ယောက်မျှ မရှိချေ။ ဓားပြတိုက်ခြင်း၊ ဆိုးခိုးလုယက်ခြင်း၊ လူသတ်မုဒိန်းကျင့်ခြင်း၊ လိမ်လည်လှည့်ဖျား၊ မုသားသုံးခြင်းများသည် လူက ဖြစ်ပေါ်လာသော အရာမဟုတ်ကြ။ ၎င်းတို့ လူမျိုးစေ့ ပျိုးချစဉ်က ပါလာသော လောမာဉာဏ် ကပ်ပါးပိုး၊ နှံဖြတ်ပိုးများ၏ ထိုကျင့်မူသာတည်း။ သို့ကြောင့် လူဆိုလျှင် လူကောင်းချည်း မှတ်ပါလေ။ လူဆိုးဟူ၍ ကြားက လူတခြား ဆိုးတခြား ခွဲထားပေးပါလေ။

အကယ်တိတိ လော်မာဉာဏ်ဘက်က အားထွက်သာစေပြီး ဆင်ခြင်ဉာဏ်ဘက်က သာမန်ဆိုလျှင်ကား အသူရကာယ်စသည် သွားရမည်။ ထိုဘ၀များ အရှိန်ကုန်လေမှ လူ့ပြည်သို့ ဒါနအကျိုး လာရောက်ခံစားလေ။

ထိုမှတစ်ပါး -

အခြားခြားသော ငရဲတိရစ္ဆာန်၊ ပြိတ္တာတို့ကား လူပိုင်စေတနာ မဟုတ်သော -

၁။ မသိကြိုက်လူံ့ဆော်မူအတိုင်း လိုက်လံပြုကျင့်ရာမှ ပြိတ္တာဖြစ်ရခြင်း။

၂။ မသိမုန်း လူံ့ဆော်မူအတိုင်း လိုက်ပါပြုကျင့်ရာမှ ငရဲသား ဖြစ်ရခြင်း။

၃။ မသိရုံမျှ လူံ့ဆော်မူအတိုင်း လိုက်ပါပြုကျင့်ရာမှ တိရစ္ဆာန် ဖြစ်ရခြင်း။

သို့ကြောင့် အငှားဘ၀ဆိုရ၏။ တစ်ဖန် ကိုယ်ပြီး ကိုယ်ပိုင်မရှိ လောဘ၊ ဒေါသ၊ မောဟတို့ အငှားထည့်ရာ လိုက်ပါ၍ သူတစ်ပါး လုပ်သမျှခံ၊ ကိုယ့်အရိုးက ကိုယ့်ပြန်စူးသော ဘ၀မျိုးများ ဖြစ်ရခြင်းကြောင့်လည်း ကိုယ်ပိုင်ဘ၀ မဆိုရပြီ။

ထို မသိကြိုက်၊ မသိတိုက်၊ မသိမိုက်သုံးခုတို့သည် -

အောက်တန်းစား ဘုံသုံးပါးတို့သို့သာ လားရမည့် စေတနာရိုင်းများ ဖြစ်ကြ၍ အယုတ်တရား ဆိုရ၏။

ခွေးလည်းဖြစ်၊ ၀က်လည်းဖြစ်၊ ကြက်လည်းဖြစ်သော အကျင့်များ ဖြစ်ကြ၍လည်း အယုတ်တရား ဆိုရ၏။

ထိုစေတနာဆိုး၊ အခိုးထတိုင်း ပြုကျင့်လေသမျှ အရူံးစာရင်းချည်း ပြနေ၍လည်း အရူံးတရား ဆိုရသေး၏။

ဤကား ကိုယ်ပိုင်ဘ၀၊ အငှားဘ၀တို့၏ ခြားနားချက်တည်း။

ယနေ့ -

သင်သည် ကိုယ်ပိုင်ဘ၀ဖြစ်သော သင်ကိုယ်တိုင် သင်ကြိုက်ရာ လမ်းရွေး၍ အမွေပေးခွင့်သာရာ လူ့အခွင့်အရေးကြီး ရနေပါသည်။ လူ့အခွင့်အရေးဟူသည် လူ့အကျင့်ဖြင့် လူ့အဆင့် တိုးမြှင့်ပေးသော လူကျင့် စင်စစ်ကိုသာ ဆိုလိုကြောင်းကိုလည်းကောင်း ကောင်းကောင်းကြီး သဘောပေါက်ထားစေလိုပါသည်။

ထို ကိုယ်ပိုင်ဘ၀ လုံခြုံရန်မှာ -

၁။ အာရုံပေးရာ အာရုံနှင့်အတူ ပြေးလာကာ အမည်ဖော်အစွဲဖြင့် တလွဲအသိပေးပြီး အခွင့်ရေးယူတတ်သော မသိမူကို သိမူဖြင့် အကာအကွယ်ပေးရပါမည်။

အာရုံကိုကား သူ့တံခါး သူဝင်သွားစေပြီး၊ တလွဲသိကိုကား သုတ်သင်ဖယ်ရှား ပေးရပါမည်။

ဤသို့ဖြင့်သာ ကိုယ်ပိုင်ဘ၀ ကိုယ်ကိုယ်တိုင် ကာကွယ်စောင့်ရှောက်ရပါမည်။

၂။ အာရုံခံစားရာတွင် အာရုံအနား တိုးကပ်လာပြီး ပူဆာနေတတ်သော မသိပေါင်း ပေါင်းလျက်က မသိကောင်းကိုပင် အကောင်းထင်၊ လောမာဉာဏ်ဝင်လာခြင်းကိုလည်း သတိဖြင့် ချေမူန်းပစ်ပါရပါမည်။

အာရုံဖော်အရသာကိုကား ခံစား၊ မသိကြိုက်အမှားကိုကား ဖယ်ရှားသုတ်သင်ခဲ့ရပါမည်။

ဤသို့ဖြင့်သာ ကိုယ်ပိုင်ဘ၀ ကိုယ်ကိုယ်တိုင် ကာကွယ်စောင့်ရှောက်ရပါမည်။

၃။ အာရုံခံစားရာတွင် အာရုံနား တိုးကပ်ဝင်လာပြီး မထင်မဲ့မြင် ပြုလုပ်နေသော မသိဆိုး၊ ဆိုးလျက်က မသိမျိုးကိုပင် အဆိုးထင် လော်မာဉာဏ် ၀င်နှောက်ခြင်းကိုလည်း သတိဖြင့်ပင် ဖယ်ရှားပစ်ရပါမည်။

အာရုံဖော် အရသာကိုကား လက်ခံ၊ မသိဆိုး အတိုက်ကိုကား ဆီးတားသုတ်သင်ထားခဲ့ရပါမည်။

ဤသို့ဖြင့်သာ သင့်ကိုယ်ပိုင်ဘ၀ သင်ကိုယ်တိုင် ကာကွယ် စောင့်ရှောက်ရပါမည်။

၎။ အကယ်တိတိ အာရုံမှန်ခံစား၊ သင့်စိတ်ထားသက်သက်ချည်း ဖြစ်နေပါပြီဆိုပါအံ့။

ထိုအခါ -

(၁) ဘယ်သူသည် ခံစားနေသလဲ၊

(၂) ခံစားသူပိုင်ရှင်က ဘယ်သူလဲ၊

(၃) ဘာ့ကြောင့် ခံစားနေသလဲ၊

ဤသုံးချက် ကွက်ကွက်ပေါ်အောင် စစ်မေးပေးပါလေ၊ သတိကမေး၊ သတိနောက်က အသိများက အဖြေပေးပါလိမ့်မည်။ အသိက အဖြေပေး ထိုအသိရှေ့က သတိကလည်း တိုး၍တိုး၍ စစ်မေး မေးပါလိမ့်မည်။ ထိုအခါ ငါ-သူ ကောင်း၏၊ ဆိုးသည်များ မပါဝင်လာတော့ဘဲ လူဖြစ်ခိုက်မို့ လူ့အာရုံ ခံစားနေပါသည်မှတစ်ပါး အခြား မလာနိုင်ပါပြီ။

ထို အခြားမလာခြင်းသည်ပင် အခြားမသွားရရန်၏ အာမခံတည်း။ ဤကား မမေ့ခြင်း၏ သဘာဝသရုပ်အမှန်တည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment