ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 7 March 2013

ပြစ်မူထင်ရှားသဖြင့် အိမ်ထောင်အချခံရသောအခါ

ရိုင်းသောသူချင်း ရန်တိုက် တိုက်သလောက် ရတတ်၏။

ရိုင်းသောသူချင်း ဆက်သွယ် သွယ်သလောက်ပင် ရတတ်၏။

ထိုနည်းဖြင့် မသိမူအ၀ိဇ္ဇာအမှောင့်သည် စောင့်၍စောင့်၍ ကိုယ့်အကြောင်းမေ့ အတွေ့နောက်ကိုချည်း ကာလသား ကာလသမီးများကို အလိုက်ခိုင်းခဲ့ရာ -

ကြင်ဟင်းခါးနှင့် နှမ်းဖတ်ချဉ်

သူပြင်ကိုယ်တင် အလဲလှယ်လုပ်စားကြသည့်ပမာ -

လင်လုပ်တမ်း၊ မယားလုပ်တမ်း ကစားကွက်သို့ တွဲဖက်လာကြရလေကုန်၏။ မင်္ဂလာဆောင်သည့်ည ပျော်လိုက်ကြသည့်ဖြစ်ခြင်း၊

သူသည် ကိုယ့်စိတ်သာရှိ၍ အခြား ဘာမှမသိ၊ ပိန်းပိတ်မိ။

ကိုယ်သည်လည်း သူ့ကိုသာ သိ၍အခြား ဘာမသိ၊ ပိန်းပိတ်မှောင်အမိ။

အခြားအကြောင်း ဝေလာဝေး၊ ကိုယ့်အကြောင်းပင် ကိုယ်မတွေး မိကြတော့ပြီ။ စွဲလေငြိလေ၊ ငြိလေမိလေ၊ မိလေထိလေသာတည်း။

ထိုသူနှစ်ဦး -'

တစ်ဦး၏ အာရုံ ငါးချက်စုံကို တစ်ဦးက တစ်ခါးစုံမှ အကုန်သွင်းယူကာ ကောင်းကွက်ချည်းကိုသာ ရွေးမှတ်ထားတော့၏။ အဆိုးဆုံး ဘာမမြင် ဆင်ခြင်ရန်ပင် သတိမရကြတော့ပြီ။ ရှေ့ဆက်ရမည့်ခရီးဆို နက်ဖြန်အတွက်ပင် သတိမရကြတော့ပြီ။ ရှေ့ဆက်ရမည့်ခရီးဆို နက်ဖြန်အတွက်ပင် သတိမရကြတော့ပြီ။ မောဟကား ဂုတ်ပေါ်မှဖိ ပြုံးစိစိသာ။

(က) သို့ဖြင့် နှစ်ဦးသား ပျော်ကြ၏။ ပျော်ရာမှ ပါးသွားသည်ကိုကား မသိကြ။

(ခ) သို့ဖြင့် နှစ်ဦးသား မြူးကြ၏။ မြူးရင်းက မူးနေသည်ကိုလည်း မသိကြ။

(ဂ) သို့ဖြင့် နှစ်ဦးသား ရူးကြ၏။ ရူးရင်းက ဘူးကျနေသည်ကိုလည်း မသိကြ။

အပျော်ကြူး၊ အမြူးမွှန်၊ အရူးလွန်သဖြင့် ကိုယ်နွမ်းစိတ်ညစ် ပုံပျက်ပန်းပျက် ဖြစ်လာကြသောအခါ မောဟက အိပ်ပစ်လိုက်ကြရန် အမိန့်ပေး၏။ အိပ်ကြရ၏။

အိပ်ရာမှာပင် သူ့ငါဖက်၊ ငါ့သူဖက် အတွဲမဖျက်ကြသေး။ ဆင်းပြေးလာပြီ။ ဟော နောက်တစ်ယောက်၊ ဟော နောက်တစ်ယောက်၊ တစ်နှစ်လျှင် တစ်ယောက်ကျ ပေါက်ချလာကြပြီ။ လင်မယားအချင်းချင်းလည်း တွေ့စ၊ ရစတုန်းက ချိုသာသောစကားလုံး သုံးခဲ့ကြသလောက် ယခုသော် မကျေနပ်သောစကား အားမရသော စကားချည်း အပြောများလာကြရာ -

နင်လေ ကြာလေချဉ်လေ နှမ်းဖတ်ချဉ်ကိုများ အမေတော်လေသလားပဲ။

တော်ကလည်း ကြာကြာဝါးလေ ခါးမှန်းသိလေ ကြက်ဟင်းခါး အဖေများ ဖြစ်နေသလားပဲ။

ဤသို့ဖြင့် တွေ့စ၊ ရစတုန်းက ကြည့်မ၀၊ ရူမ၀လေးတို့သည် ယခု ကြည့်မရ၊ ရူမရအခြေသို့ ဆိုက်လာခဲ့ရချေပြီ။ လက်လွန်သမားတို့ အနီးအပါး ထိုမောဟ မနားတော့ပြီ။ ကိုယ်ကြိုးနှင့်ကိုယ် တုပ်ပြီး ချည်ပြီးသားတို့အနား ထိုမောဟ လမ်းမသလားတော့ပြီ။

ထိုနှစ်ဦးစလုံး -

ကြမ်းပေ့ဆိုသော ဘ၀ကန္တာရခရီးခဲကြီးထဲဝယ် လျည်းထမ်းပိုးကြီး၏ ဘယ်တစ်ဖက်၊ ညာတစ်ဖက်ပေါက် အောက်သို့ နှစ်ယောက်သား ၀င်ရုန်းကြရရှာကာ သားသမီးများနှင့် ပစ္စည်းများကို ထိုလှည်းပေါ်တင်ဆောင်၊ လူတစ်ဦးတစ်ဦး၌ ရှိအပ်သည့် လောက၀တ်များ ဖြစ်ကြလေသော လင့်ဝတ်၊ မယားဝတ်၊ သားဝတ်၊ သမီးဝတ်၊ မိဘ၀တ်၊ ဆွေဝတ်၊ မျိုးဝတ်၊ မိတ်ဆွေဝတ်စသည့် အ၀တ်ထုပ်ကြီးများကိုလည်း ထိုလှည်းပေါ်မှာပင် တင်၊ တစ်ဖန် မင်းရေးစိုးရေး လူမူရေးစသော အရေးများကိုလည်း လှည်းဦးစီးအရာခန့် ဆန့်ငှင်ဆန့်ငှင်ဖြင့်ပင် ရုန်းကြရရှာလေကုန်၏။

သားသမီး ဆယ်ယောက်ရမှ မှားပြီဆိုကာ ခြေကျွရာ လက်ရုပ် မြုပ်ရုံသာ ရှိတော့မည်။ သားသမီးအကြွေး အရေးမလှကြမှ သူ့အိမ် ကိုယ့်အိမ်ပြန် နာလန်မထူရုံ ရှိတော့မည်။

လောကတွင် မသိမူမောဟလောက် မွှေနှောက်သည်လည်း မရှိ၊ မသိမူမောဟလောက် ကြောက်စရာကောင်းသည်လည်း မရှိတော့ပြီ။ ထိုမသိမူသည် မေ့မေ့နေတတ်သူကို အမြဲပင် လှည့်စားတတ်ပါ၏။ မေ့သူကိုသာ အမြဲ ရှာဖွေနေပါ၏။

(၁) သင်သည် ဘ၀အစ အညှိမှဖြစ်ရသော အသေဒဇ ပိုးမွှားလေးများက စခဲ့သည်ကတစ်ကြောင်း၊

(၂) တိရစ္ဆာန်ကောင်ဘ၀ ဘ၀များစွာ အနေကြာလာသည်ကတစ်ကြောင်း၊

(၃) လူဖြစ်ပါသော်ကော မေ့မေ့နေတတ်သော အလေ့ကျအသုံးချ၍ချည်း နေခဲ့ဖူးသည်ကတစ်ကြောင်း၊

(၄) တိရစ္ဆာန်အမူစရိုက် စိတ်ကလည်း မကောင်းမူ၌သာ နှစ်ခြိုက်နေသည်ကတစ်ကြောင်း။

ထိုအကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် သင့်အား အမေ့ကောက်နည်း နိသျည်း၊ ငါတို့က သင်တန်းပေးရန် လိုအပ်မည် မထင်တော့ပါပြီ။
သင်သုံးလက်စထုံး နှစ်လုံးမူရုံမျှဖြင့် မေ့နည်းအစားစား သင်တတ်ပြီး၊ သုံးပြီးသား ဖြစ်မည် ထင်ပါသည်။

ဤ၌ မေ့ခြင်း၏ သော့ချက်ကိုသာ လမ်းစချပေးထားခဲ့ပါမည်။ ၎င်းကား အခြားမဟုတ် စိတ်ကို သူ့အလိုကျအတိုင်း လွှတ်ပေးထားလိုက်ရုံတည်း။ ထိုအခါ ထိုစိတ် ကိုယ့်ကိုယ်ကို အမေ့ကောက် အာရုံဆွဲရာနောက် လိုက်တော့မည်လည်း ဧကန်တည်း။

ဤကား မေ့သောနေနည်းပင်တည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment