၃။ လောက၀ယ် စိတ်ကူးကြည့်ရုံမျှဖြင့် ကောင်းသော အကောင်းကား ခန္ဓာ၌ အာဟာရ ဖြစ်ရိုးမရှိ၊ စိတ်အဆင့် နိမ့်ကျစေရုံမှတစ်ပါး အခြားအကျိုးတရားလည်း ဘာမျှ မထွန်းကားချေ။
ယနေ့ ကြုံတွေ့နေရသော ဒုက္ခ၊ စိတ်ကူးမှစသည်ချည်း ဖြစ်၏။ စိတ်၏ ထိုကျင့်မူကို မခံနိုင်သူတို့ တစ်ဖက်သို့လှည့် ရမ်းကားနေရာမှ ဒုက္ခရကြ၏။ ထိုစိတ်ကူးသည် အမည်ကိုမျှော်၍ ပုံဖော်ကြည့်ကာ ခံစားနေခြင်းမျှတည်း။
ထိုအမည် ပေါ်နေခြင်းကား အာရုံခံစားခွင့်ရနေစဉ်တုန်းက ငှက်ပျောသီးမှည့် မစားတတ်သေးသူ ကလေးအရွယ် လူမမယ်သည် အသားရောအခွံပါ မနွှာဘဲချည်း စားနေသည့်ပမာ တကယ့်အရှိ အာရုံကို ခံစားလျက်က၊ ထိုအာရုံကြားမှ ထွက်လာသော အရသာများကို တစ်ဖန် အမည်ဖုံး၍ သုံးမိရာမှ စွဲလာသော အစွဲအသိများချည်း ဖြစ်ကြ၏။
ထိုအမည်ခင် အစွဲသိများသည် -
အာရုံခံစားပြီးစဉ် သို့မဟုတ် အခြားအာရုံ ခံစားခွင့်မရမီ သို့မဟုတ် မည်သည့်အာရုံများနှင့်မျှ ဆက်ဆံခွင့် မရတော့သော အကာလ ညအချိန်များဝယ် နွားတစ်ကောင်၏ နေ့လယ်ခေါင်စားပြီးအစာကို ညမှာ စားမြုံ့ပြန်သည့်ပမာ ကြံတွေး တွေးနေတတ်တော့၏။ တွေးရင်းကပင် စိတ်ထကြွလာကာ အားမရလေသောအခါ နက်ဖြန်ကျလျှင်တော့။
တစ်ဖန် ထိုနက်ဖြန် ကိုယ်တွေ့ အာရုံခံစားခွင့် ရလာပြန်၏။
ထိုအခါမျိုးတို့၌လည်း အာရုံပေါ် အမည်တင် အမည်ခင်စိတ်ဖြင့် အမှတ်မဲ့ သုံးမိပြန်ချေရာ အစွဲပေါ် အငြိပါလာပြီး တစ်ဖန် အာရုံတို့ကို ဆက်ဆံခွင့် မရလှာလေသောအကာလ ညအခါ အတွေးဖြစ် ပေးစေပြန်ပါ၏။
ဤသို့လျှင် နေ့မှညကူး၊ ညမှ နေ့ကူးလျက်က -
ယနေ့၊ နေ့၏ ကိုယ်တွေ့အာရုံအစာသည် ညစိတ်ကူးယဉ်ရာ ကုန်ကြမ်းဖြစ်လာပြီး၊ တစ်ဖန် ထိုည၏ စိတ်အာရုံစာကလည်း နက်ဖြန် ကိုယ်တွေ့အတွက် ဆက်၍ဆက်၍ ပေးနေကြချေရာ -
သင့်အဖို့ နားရက်မရှိ၊ အားရက်မရှိတော့ပြီ။
သင့်အဖို့ လူအိုသော်မှဓလည်း အလုပ်မအိုတော့ပြီ။
အာရုံပေါ် အမည်တင် အမည်ကိုလျှင် ခင်နေသမျှ သင်တွေးလက်စ မပြတ်တော့ပါပြီ။ ထိုအဖြစ်ဆိုး ထိုးထောက်ရန် တစ်ခုတည်းသောလမ်းမှာ အာရုံခံစားခွင့်ရလေတိုင်း စွဲစိတ်က သရက်သီးအမည် ဖော်ပေးလျှင် မှတ်စိတ်က ဘာသရက်သီးလဲ၊ သုံးသပ်စိတ်ဝင် ဆင်ခြင်၍သာ စားသုံးပါလေ။
စွဲစိတ်က ချိုလိုက်တာ မြလို့ ဖော်ပေးလျှင် မှတ်စိတ်က ဘာချိုမြသလဲ သုံးသပ်စိတ်ဝင် ဆင်ခြင်၍သာ စားသုံပါလေ။
စွဲစိတ်က ကောင်းလိုက်တာ ဖော်ပေးလျှင်လည်း မှတ်စိတ်က ဘယ်လိုကောင်းတာလဲ သုံးသပ်စိတ်ဝင် ဆင်ခြင်ပြီးသား စားသုံးပါလေ။
ထိုသို့ မှတ်ချက်ပေး၍ အရေးယူနေသော သင့်၌ -
အမည်မပေါ် အကောင်းအဆိုးကိုလည်း ကျော်လွန်သွားစေပါမည်။ ထိုအခါ ထိုအကောင်းဆိုးကြားရှိ အကောင်းလည်းမဟုတ်၊ အဆိုးလည်းမဟုတ် သူ့ပင်ကိုဗီဇရုပ်၏ ဖြစ်ပျက်မူအတိုင်းသာ အလယ်လမ်း ဧကန်ပေါ်လာပါတော့မည်။
အလယ်လမ်းသည် သူ့အပေါ် ကြိုက်စော်ကား၊ မုန်းပြစ်မှားခြင်း မပြုတော့ပါ။
အလယ်လမ်းသည် သုံးသာ သုံး၍ သူ့အပေါ် မစွဲလမ်းတော့ပါ။
အလယ်လမ်းသည် သူ့ကိုယ်နှစ်ပါး ဘက်ထား၍ မကစားတော့ပါ။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment