အချဲ့သည် ကျယ်ဖို့ရာ၏ လမ်းပေတည်း။
အလှည့်သည် လည်ဖို့ရာ၏ လမ်းပြတည်း။
လူသားတစ်ဦး၌ -
တစ်နေ့တစ်နေ့ အာရုံခံစားခွင့်ရရာအကြိမ်သည် အရေအတွက် မနည်းပါးခဲ့။ ထိုအာရုံခံစားရာ အကြိမ်တို့၌လည်း အချဲ့မခံရသည့် အကြိမ်ဟူ၍ မရှိလေခဲ့ပြီ။
(၁) မျက်စိမှဖြစ်သော မြင်သိ တစ်တွဲတည်းကိုလျှင် -
ဒါက ယောက်ျားကွ၊ သူ့ကိုလည်း ယောက်ျားမြင်၊ ယောက်ျားသိ တွဲထားလိုက် ကြားလား။
ဒါကတော့ မိန်းမကွ၊ မိန်းမမြင်၊ မိန်းမသိလို့ပဲ တွဲထားလိုက် ကြားလား။
သည့်အတူ နွားမြင် နွားသိ၊ ကျွဲမြင်ကျွဲသိ၊ ကြက်မြင် ကြက်သိ၊ ၀က်မြင် ၀က်သိစသည် တစ်တွဲစီ တစ်တွဲစီ တွဲပေးခံထားရရာ မြင်သိတစ်ခုတည်းမျှကိုပင် အတွဲပေါင်း များမြောင်လှချေသည်။
ထိုသို့ အတွဲခံရလေသောအခါ ထိုမြင်သိနယ်ကျဉ်းလေးကား တကယ်နယ်ကျယ်ကြီး ဖြစ်သွားရချေပြီ။
ထိုနည်းအတိုင်းပင်လျှင် -
(၂) အသံတစ်ခုတည်းကိုလျှင် အမည်အမျိုးမျိုး တပ်ဆင်ပေးထားပြီး နယ်ကျဉ်းလေးထဲမှ နယ်ကျယ်အတွင်းသို့ စိတ်သိမ်းသွင်းခံရခြင်း။
(၃) တစ်ခုတည်းသော အနံ့ကိုလျှင် အမျိုးအမည်၊ အကောင်းအဆိုး စသည် ခွဲခြားပေးထားပြီး နယ်ကျယ်ကြီးအဖြစ် အသိပေးကာ စိတ်သိမ်းသွင်းခံရခြင်း။
(၄) တစ်ခုတည်းသော အရသာကိုလျှင် အချိုအချဉ်စသည် ခွဲခြား၍လည်းကောင်း၊ ဘာအချို ညာအချို စသည် ခွဲခြား၍လည်းကောင်း၊ နယ်ကျယ်ကြီးပမာ ထင်စေကာ စိတ်အသွင်း ခံရခြင်း။
(၅) တစ်ခုတည်းသော အတွေ့ကိုလျှင် ကုလားမလေးကွ၊ ဗမာမလေးကွ၊ တရုတ်မလေးကွ၊ ရှမ်းမလေးကွ စသည် အမျိုးမျိုးထွင်၍ စိတ်ကို တင်ပေးခံရခြင်း။
ဤသို့လျှင် တစ်ခုတစ်ခု၌ ရာကုဋေမျှမကသော အမည်လိမ်၊ အမည်ငှား၊ အမည်မှားများဖြင့် ချဲ့ထွင်းပေးထားကြလေရာ -
ထိုသုံးခုတို့ လက်အောက်ရှိ စိတ်ကလေးခမျာ -
ပန်းစုံတော လှည့်လည်နေရသော လိပ်ပြာငယ်လေးတစ်ကောင်နှင့် ဘာမျှ မခြားပြီ။ အနံ့ခံကောင်းသော ယင်မမဲယောင်းများနှင့်လည် ဘာမျှ မခြားနားတော့ပြီ။
ထိုစိတ် ထိုသုံးခုတို့ လက်ထဲ အစွဲဖြင့်သာ အချိန်ကုန်လွန်ရ၏။
ထိုစိတ် သူ့တစ်ဖက်အာရုံထဲ အစွဲဖြင့်သာ အချိန်ကုန်စေရ၏။
ညှို့ဓာတ် အပြည့်ပါသော အာရုံသည် စိတ်ကို အမြဲလျှင် တိုက်ဆွဲလေ့ ရှိ၏။ လာ၍လည်း တိုက်၏။ အပါလည်း ဆွဲယူသွား၏။ ထိုသို့ ပြုကျင့်ခံနေရစဉ် -
တလွဲထင် အမြင်မှားလေးကလည်း အမည်ဖော် တကြော်ကြော် အော်ပေးလိုက်ဦးမည်။
အမြင်မှန်း အဆန်းထင်လေးကလည်း ငန်းငန်းတက် ပူဆာနေဦးမည်။
ထိုစိတ် မည်သို့လျှင် အာရုံနောက် မလိုက်စားဘဲ နေနိုင်ပါအံ့နည်း။
ဤနည်းဖြင့်ပင် အာရုံတစ်ခုမှ တစ်ခုသို့ နေ့စဉ် လိုက်စားပေးနေရပါသည်။
ဤနည်းဖြင့်ပင် အစွဲအငြိသန်ရာ အာရုံတစ်ခု၌ပင် အကြိမ်ကြိမ် မိုက်မှားပေးနေရပါသည်။
ဤနည်းဖြင့်ပင် ထိုအာရုံတစ်ခုတည်း အမြင်အကြား ခွဲ၍ ငါးပါးလုံးစေ့ တွေ့ပေးနေရပါသည်။
ထိုစိတ်သည် တစ်ခုအပေါ် အာရုံမညောင်းသမျှ အကောင်းထင်၊ အာရုံညောင်း ပြောင်းချင်လာ၏။ အပေါင်းကြားလင်မယား ခွဲပစ်မထားရစ်ကြသည်မှာ သားနှင့်ဖမ်းထိန်း၊ သမီးနှင့် ဖမ်းသိမ်း၊ ဘေးလူ အထိန်းကောင်း၍သာ ဖြစ်ကြပါ၏။
ထိုသို့ အာရုံနောက် တကောက်ကောက် လိုက်စားနေသော စိတ်၊ အိပ်ရာမှ နိုးထလာသည်နှင့် ကိုယ့်စိတ်နှင့်ကိုယ် မကပ်မိတော့၊ ကိုယ့်စိတ်ဟူ၍လည်း မရှိတော့ချေ။
မျက်နှာသစ်မည်၊ သွားတိုက်မည်၊ သူတို့စိတ်နှင့် ကိုယ့်ကိုယ်သာတည်း။
ဆေးလိပ်သောက်မည်၊ အစားစားမည်၊ သူတို့စိတ်နှင့် ကိုယ့်ကိုယ်သာတည်း။
ဤနည်းအတိုင်းလျှင် မယားမြင်၊ မယားစိတ်၊ သားမြင် သားစိတ်၊ သမီးမြင် သမီးစိတ်၊ ပစ္စည်းမြင် ပစ္စည်းစိတ်များမှသည် မြင်မြင်သမျှ သူ့စိတ်၊ ကြားကြားသမျှ သူ့စိတ်၊ နမ်းမိသမျှ သူ့စိတ်၊ စားမိသမျှတွင် ကြက်စား ကြက်စိတ်၊ ၀က်စား ၀က်စိတ်စသည် တွေ့ထိမိသမျှလည်း သူ့စိတ်။
(က) တစ်နေကုန် အာရုံခံစားနေရသမျှ တစ်ဖက် သူ့စိတ်နှင့်ချည်းသာမဟုတ်လော။
(ခ) လကုန်၊ နှစ်ကုန် အာရုံခံစားနေရသမျှလည်း သူ့စိတ်နှင့်ချည်းသာ မဟုတ်လော။
(ဂ) တစ်သက်လုံးလုံး အာရုံသုံးစားခွင့် ရနေသမျှလည်း စိတ်တစ်ဖက်အိပ် သူ့ထံ သိပ်ထားသည်ချည်းသာမဟုတ်လော။
ထိုလူသား -
နေတုန်းကမှ ကိုယ့်စိတ်နှင့် ကိုယ်နေခွင့်မရ၊ သေသောကာလကျခါမှ ကိုယ့်စိတ်နှင့်ကိုယ့်ကိုယ်ဆိုင် မည်သို့လျှင် သေနိုင်ပါအံ့နည်း။
တစ်ဖက်အာရုံတို့ကို အကောင်းပါ အဆိုးပါ ထင်၊ ရွေးချယ်ခံစားတတ်ရာအရွယ်မှ တစ်သက်လုံးလုံး တေးစွဲထားသော အကြွေးစာရင်းအတိုင်း သူ့ဘက်မှ တေး သူ့အကြွေးဖြစ်နေတော့ရကား ကြက်သိ ကြက်စွဲ ကြက်ထဲပြေး ကြက်ကြွေး ဆပ်ကြရပေဦးတော့မည်။
ထိုထိုတေးမိ စွဲမိအများထဲ သေခါနီးတစ်ခုကိုသာ ဆွဲးပြေး အကြွေးဆပ်ရပါမည်။ ကျန်အတေးအစွဲတို့ကား ၎င်းတို့ရလှည့် အချိန်ပြည့် စောင့်ဆိုင်းငံ့လင့်နေကြရပါသည်။
(က) သို့ဆိုသော် တစ်နေ့တစ်နေ့ သူ့စိတ် သူ့အစွဲ အဘယ်မျှ စွဲတေး တေးထားပြီး ကြပါပြီနည်း။
(ခ) သို့ဆိုသော် အစွဲချရာဘ၀ သွားကြရဦးမည့် အကြိမ်ကလည်း ဘယ်မျှ ကျန်ပါသေးသနည်း။
ထိုအာရုံ တစ်ခုတစ်ခုထဲ၌ပင် ခင်စိတ်နှင့် ဆက်ဆံမိခြင်း၊ မုန်းစိတ်ဖြင့် ဆက်ဆံမိခြင်း၊ ဆက်ဆံနေကျမို့ ဆက်ဆံခြင်း၊ သုံးမျိုး သုံးမျိုးစီ အလှည့်ကျ စောင့်ဆိုင်းနေကြရာ -
“ခင်စိတ်က ပြိတ္တာ၊ မုန်းစွဲမှာ ငရဲ၊ သာမန်စိတ်အမည်စွဲ တိရစ္ဆာန်မှာပဲ” အတိုင်း ပို့လွှတ်မည်ဖြစ်သဖြင့်လျှင် -
မယားပို့မည့်ဘုံကား မည်မျှ အရအတွက်ရှိပါသနည်း။
သားသမီးပို့မည့်ဘုံကား မည်မျှ အရေအတွက် ရှိပါသနည်း။
လင်ပို့မည်ဘုံကား မည်မျှ အရေအတွက် ရှိပါသနည်း။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment