ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 10 March 2013

ကောသမ္ဗီမှ သေမင်းငှင်ပွဲ

ဘုရားရှင် ရွေလက်ထက်တော်ကာလတုန်းက -

ကောသမ္ဗီပြည်ဝယ် ဘုရင် ဥတေနမင်းစော စိုးစံ၏။

ထိုမင်း၌ -

သာမာဝတီ၊ မာဂဏ္ဏီ၊ ၀ါသုလဒတ္တာဟူ၍ မိဖုရားကြီးသုံးပါး ရှိ၏။


ထိုတွင် -

သာမာဝတီကား ထိုပြည်ရှိ ဂေါသကသူဌေးကြီးနှင့် အတန်းတူ၊ အဆင့်တူ သူဌေးကြီးတစ်ဦး၏ သူဌေးသမီး ဖြစ်ပြီး ဂေါသကသူဌေး မွေးစားထားသူလည်း ဖြစ်၏။

တစ်နေ့ -

နန်းရင်ပြင် ကွင်းလယ်မှ သာမာဝတီ ဖြတ်အသွား -

နန်းတော်၏ လေသာပြတင်းဝမှ ရပ်ကြည့်နေသော ဥတေနမင်း မြင်သွားရာ နေရောင်အောက်ဝယ် ရွှေအဆင်းကဲ့သို့ ၀ါဝင်း တောက်ပသော အလှရုပ်ပိုင်ရှင် သာမာဝတီကို မရအရ အာဏာပြလျက်က သိမ်းပိုက်ခံရရာမှ မိဖုရားဘ၀ ရောက်လာရသူတည်း။ သို့မဟုတ် ဘုရင့်ဘက်က ချစ်လွန်းလွန်းလှသဖြင့် သူဌေးမျိုး ဘုရင့်သွေးထိုး ခံရလေသူပင်တည်း။

ဤကား သာမ၀တီအကြောင်း။

မာဂဏ္ဍီကား ရာဇ၀င် ခြေတံရှည်မျိုးဖြစ်ရာ အခြေအမြစ်မှ စရှင်းပြမှ လိပ်ပတ်လည်မည် ဖြစ်၏။

၎င်း၏ ဖခင်သည် မာဂဏ္ဍီဖြစ်၍ ဖခင်အမည်စွဲ၍ ခေါ်သော မာဂဏ္ဍီ၊ ထို မာဂဏ္ဍီပုဏ္ဏား ဇနီးမောင်နှံ၏ တစ်ဦးတည်းသော သမီးလှလေးဆိုရ၏။ ထိုသမီးလှလေးသည် လူမမီ၊ နတ်အလှထက်ပင် နည်းနည်းပိုသေး၏။ ၎င်း၏ကြန်အင်လက္ခဏာများကို ထိုပုဏ္ဏားကြီး ဇနီးမောင်နှံက ဗေဒအတတ်ဖြင့် ကြည့်ရူကြလေသောအခါ -

ဤသမီးကား စကြာမင်းနှင့်သာ ထိုက်တန်သော သမီးပေတကား။

ဤသမီးကား မင်းကောင်းမင်းမြတ်နှင့်သာ လိုကဖက်သော သမီးပေတကား။ ၎င်းကား အထက်ပါ မာဂဏ္ဍီ မိဖုရားပင်တည်း။

တစ်နေ့ -

ထိုပုဏ္ဏားဇနီးမောင်နှံတို့ ကျွတ်တန်းဝင်ချိန် အလှည့်ရောက်နေပြီဖြစ်သဖြင့် ထို မိသားဖသား လာရာလမ်း၏ သဲပြင်များပေါ်ဝယ် စက်တော်ရာ ခြေရာတော်များ ချပြပြီး တစ်ခုသော သစ်ပင်ရိပ်ဝယ် ဘုရားရှင် ငံ့လင့်စောင့်ကြိုနေတော်မူပါ၏။

ပုဏ္ဏားကြီးနှင့် ဇနီး၊ သမီး ထိုသုံးဥဓီးလည်း ထိုလမ်းအတိုင်း လာရင်းက မာဂဏ္ဍီပုဏ္ဏားကြီးကပင် စတင်ကာ ဘုရားရှင်၏ သူတစ်ပါးတို့နှင့် မကွဲပြားသော ခြေတော်ရာများကို မြင်တွေ့သွားရာ -

ရှင်မရေ၊ ကြည့်စမ်း-ကြည့်စမ်း၊ ဒါ သာမန်လူသားခြေရာ မဟတ်ုဘူးကွဲ့၊ ဧကန္တ စကြာဝတေးမင်း ဖြစ်ရမယ်၊ ဒါမှမဟဒုတ် စကြာမင်းလောင်း ဖြစ်ရမယ်။ တို့သမီးလေးနဲ့ ထိုက်တန်တဲ့ သမက်လောင်း တွေ့ရတော့မယ်ကွဲ့။

လာ ခြေရာခံ လိုက်ကြစို့ရဲ့။

ပုဏ္ဏေးမကြီးကလည်း ပုဏ္ဏားကြီးနည်းတူ လက္ခဏာဖတ်ပညာဗေဒပညာများ တတ်ကျွမ်းထားလေရာ ပုဏ္ဏားကြီး ထိုင်ငုံ့ကြည့်နေသော ခြေတော်ရာကို ပုဏ္ဏားကြီးနှင့် ခေါင်းချင်းဆိုင် ထိုင်လျက်ကပင် လေ့လာသုံးသပ်ပြန်၏။

အာ-အရှင့်သမီးယူမယ့် လူစားမျိုး မဟုတ်ဘူး အရှင်ရေ့။

ရာဂသွေးကင်းနေတဲ့ တရားမင်းသား ဖြစ်ရမယ်။

အိုကွယ်၊ လမ်းတွေ့တဲ့ ရတနာထုပ် မကောက်ဘဲ ပစ်ထားခဲ့၊ တို့ လူညံ့ ဖြစ်သွားမှာပေါ့၊ လာသာလာ ခြေရာခံလိုက်ကြရအောင်။

စောင့်နေသည် လာသာလာခဲ့
ဘုရားရှင်၏ ဤနေရာ လာခြင်းကပင် ပုဏ္ဏားကြီး ဇနီးမောင်နှံအတွက်တည်း။ ပုဏ္ဏားကြီး ဇနီးမောင်နှံလာခြင်းကလည်း ဘုရားရှင် ရှာပုံတော်ဖွင့်ရန်အတွက်တည်း။

အမျှော်တွက်နှင့် အရှာတွက် အချက်မိသွားကြပြီ။

ပုဏ္ဏားကြီးသည် ဘုရားရှင်၏ ထံတော်မှောက် ရောက်သွားသည်နှင့် ဘုရားရှင်၏ ဘုန်းကျက်သရေတော်များကို စေ့စေ့စပ်စပ်ကြည့်၏။ မျက်လုံးပွတ်သပ် အထပ်ထပ်လေ့လာ၏။ တစေ့တစောင်း ချောင်းမြောင်း၍လည်း အကဲခတ်၏။ ခြေဖ၀ါး၊ လက်ဖ၀ါး အသားတော်ကအစ ဘာမှ မကျန်စေရပြီ။

သည်လူမျိုးမှ ဒို့သမီးနှင့်မထိုက အဘယ်လူမျိုး ထိုက်လိမ့်နည်း။

ပုဏ္ဏားကြီးသည် စိတ်တွင်းမှနေ ထိုသို့ ရေရွတ်ကြုံးဝါးရင်း သူ့သမီး ချောကြောင်း၊ လှကြောင်း၊ သင်နှင့်သာ ထိုက်တန်ပါကြောင်း စသည်စသည်ဖြင့် ဘုရားရှင်အား မိမိတို့ မာဂဏ္ဍီသမီးလေးကို အပ်နေလေရာ -

ပုဏ္ဏားကြီး သင့်သမီး အဘယ်မှာ ချောသနည်း။

ဝမ်းဗိုက်တွင်း၌ ပိုးလောက်မစင်များဖြင့် ပြည့်ကျပ်နေ၏။

ချွဲကဏ်းသလိပ် အညစ်အကြေးများလည်း စုံလင်လှချေ၏။ ခန္ဓာ့ပြင်သို့ ထွက်စရာလမ်းပေါက်မှန်သမျှ မစင်ချေးများဖြင့်သာ ပေကျံလျက် ရှိ၏။

ထို ပုပ်ဟောင်ညှီထေး ညစ်ကြေးမဟင်၊ မသတီစရာအသွင် ဆောင်ထားသော သင့်သမီးကို ငါ မယူလိုပြီ။

ဟုတ်ပေသားကပဲ။

ထို မာဂဏ္ဏီပုဏ္ဏားကြီး ဇနီးမောင်နှံ အနာဂါမ် တည်သွားကြလေပြီတကား။

မဟုတ်လိုက်တာကပဲ။

မာဂဏ္ဏီသတို့သမီးက ဘုရားရှင့်အပေါ် အငြိုးကြီး ငြိုးထားလိုက်ပြီ။

ငါ့ မိုချိုးမျှစ်ချိုးပြောတာ တစ်နေ့ သိကြရောပေါ့၊ ဟင်း…

ထို့နောက် -

ပုဏ္ဏားကြီးဇနီးမောင်နှံ ဘုရားထံ ခွင့်ပန်ပြီး ရဟန်းဝတ်ကြရာ သမီးကို စူဠမာဂဏ္ဍီ ညီတော်ပုံဏ္ဏားထံ အပ်နှံထားခဲ့ကြ၏။

ထို စူဠမာဂဏ္ဍီပုဏ္ဏားကလည်း ဥတေနမင်းကြီးထံ သွားရောက်ဆက်သရာ ထို မာဂဏ္ဍီကား မိဖုရား ဖြစ်လာရ၏။ သို့မဟုတ် သမဓီးရှင်ဘက်က ထိုအပ်လာသဖြင့် ဘုရင် လက်ခံထားလိုက်ခြင်း။

ဤကား မာဂဏ္ဍီအကြောင်း။

ရန်သူအား ရန်သူသွေးသား
ဤ၌ သာမာဝတီ၊ မာဂဏ္ဍီတို့၏ ကိစ္စကိုသာ ညွှန်းလိုပါသဖြင့် စန္ဒပဇ္ဇောတမင်း၏ သမီးတော် ၀ါသုလဒတ္တာအကြောင်း ဖုံးခဲ့ပြီ။

ဥတေနမင်းသည် မိဖုရားခေါင်ကြီး အရာထားသော သာမာဝတီ မိဖုရားကြီးကို အလွန် မြတ်နိုးလဓှရကား အခြံအရံ မိဖုရား ခုနှစ်ရာ တို့နှင့်တကွ တခမ်းတနား အခွင်းအရေး ပေးသနားထား၏။ စံမြန်းရာ၌ကား သာမာဝတီ လက်ဥဓီး။ ထို့နောက် ၀ါသုလဒတ္တာ၊ နောက်ဆုံး မာဂဏ္ဍီအလှည့်ကျ။

တစ်နေ့ -

သာမာဝတီမိဖုရားကြီး၏ ကျွန်မ ခုဇ္ဇုတ္တရာသည် သုမနပန်းသည်ထံ ပန်းသွားဝယ်ရာ ဘုရားရှင်နှင့်တကွ နောက်ပါ သာဝကများအား ဆွမ်းအလှူတော်ပွဲ ကျင်းပနေချိန်နှင့် ကြုံကြိုက်နေရကား သုမနပန်းသည်ကလည်း ဖိတ်ကြား။ ကျွန်မလည်း တရားနာလိုသဖြင့် နေမိလေရာ -

ဘုရားရှင်၏ ဆွမ်းအနုမောဒနာ တရားအဆုံးမှာပင်

ထိုကျွန်မ သောတာပန်ဘ၀ ရောက်ခဲ့ရပြီ။

သို့နှင့် -

နန်းတော်သို့ ပြန်အလာ ၀ယ်လာသော ပန်းတို့ကား ထက်ဝက်တိုး ဖြစ်နေတော့ရာ -

ရှင်မ ယနေ့ ပန်းတွေကလည်းများလိုက်တာ -

ဘုရင်မင်းမြတ်က ခါတိုင်းထက် ပန်းဖိုး ပိုပေးလို့လားကွယ် သာမာဝတီမိဖုရားကြီးက အမေး -

မဟုတ်ပါဘူး အရှင်မ

ခါတိုင်းက လေးကျပ်ကို နှစ်ကျပ်ယူထားပြီး နှစ်ကျပ်ဖိုးပဲ ၀ယ်ခဲ့ပါတယ် အရှင်မ၊ ယနေ့တော့ လေးကျပ်ဖိုးလုံး ၀ယ်ခဲ့လို့ ဒီလောက်များတာပါ အရှင်မ။

ခုဇ္ဇုတ္တရာကျွန်မက အဖြေပေးလိုက်၏။

ဟင် - ဒီကနေ့ ဘာဖြစ်လို့လဲ ရှင်မ။

ဘုရားရှင်၏ တရားတော် နာကြားခွင့် ရခဲ့လို့ပါ။

အဲဒီတရား ငါတို့ကိုလည်း ဟောပြပေးပါလား။

သို့နှင့် ကျွန်မသည် ဘုရားကိုယ်စား တရားဟောကြားပေးရတော့မည်ဖြစ်၍ ကျနစွာ ရေအချိုးခံယူခြင်း၊ ကျန်စွာဝတ်စားဆင်ယင်မူကို ခံယူခြင်း ပြုပြီးနောက် တဘက်တစ်ထည်ကို ကိုယ်ရုံကဲ့သို့ ကိုယ်အပေါ်ပိုင်း ပတ်ကာ၊ ပလ္လင်ပေါ် တက်ရောက်၍ ဘုရားဟောသောအတိုင်း တရားဟောပြလိုက်ချေရာ -

သာမာဝတီနှင့် မိဖုရားခုနှစ်ရာတို့လည်း သောတာပန်ဘ၀ ရောက်ပြန်ရချေပြီ။

တစ်နေ့ -

ဘုရားရှင်နှင့် နောက်ပါ သာဝကများသည် -

နန်းတော်ရှေ့မှ ဖြတ်လျှောက်ပြီး ဆွမ်းခံ ကြွချီတော်မူပါသည်ကို တရားကိုသာ နာခွင့်ရ၊ ဘုရားဖူးခွင့် မရရှာကြသေးသော ထို သာမာဝတီအုပ်စုသည် နန်းဆောင်၏ ထရံများဝယ် မျက်လုံးတစ်လုံးစာမျှ အပေါက်ကလေးများ ဖောက်ပြီး ချောင်းမြောင်း ဖူးမြော်ကြ၏။ မာဂဏ္ဍီမိဖုရား တွေ့သိသွားပြီး။

ဒင်းတို့ ငါ့ရန်သူ အားပေးနေတာ သိစေ့မည်။

ထိုနောက် ဘုရင့်အား သာမာဝတီနှင့် နောက်ပါများ သူတို့လင်ငယ်များနှင့် ချိန်းတွေ့ရအောင် နံရံမှာ အပေါက်များ ဖောက်ထားကြပါသည်။

တစ်နေ့ အရှင်မင်းကြီးကိုပင် လုပ်ကြံခံရပါလိမ့်မည်။ ဂုံးအချော ဘုရင်ကလည်း တစ်ပါးတည်း လိုက်ပါပြီး မေးစစ်၏။

သာမာဝတီမိဖုရားကြီးတို့ကလည်း အကြောင်စုံ အကုန်အစင် ဟုတ်တိုင်းမှန်စွာဖြင့် စိတ်တိုင်းကျ လှူစေဗျား။

ရော-ခက်ကပြီ။

အဝေးကြည့်မုန်းလွန်းလို့ ဂုံးချောပါမှ အနီးဆုံးကြည့် မုန်းအားပြည့် ဖြစ်ရဦးတော့မှာပါကလား။

ထိုနေ့မှစ၍ မာဂဏ္ဍီသည် နိုင်ကွက်ကိုချည်း ချောင်းမြောင်းနေတော့၏။ ၎င်း၏ အဆောင်မှ သာမာဝတီအဆောင်တော်တို့အကူး စောင်းတော်၏ ၀မ်းဗိုက်အတွင်း အဆိပ်ပြင်းသော မြွေဟောက် သွင်းပေးထားကာ သာမာဝတီကပင် လုပ်ကြံသယောင် ဂုံးချော၏။

မာဂဏ္ဍီအကြံကား မအောင်၊ သာမာဝတီ၏ ၈ုစ်ကျေးဇူးများကသာ ပို၍ ပို၍ ထွန်းပြောင်လာ၏။

သီလ၏အလှကို မာနအလှက တုမမီနိုင်ပြီ။

သီလအားကိုလည်း မာနအားက လိုက်၍ မမီနိုင်ပြီ။

သီလ နတ်စောင့်သည်သာ ရှိ၏။ မာန နတ်စောင့်သည်ဟူ၍ မရှိပြီ။

ထို့နောက် မာဂဏ္ဍီသည် ဘုရင့်အမိန့်တော်ဖြင့်

ကြက်သေများကို ယူဆောင်လာကာ ဘုရား ဆွမ်းလောင်းရန် ချက်ပြုတ်ခိုင်း၏။ သာမာဝတီအုပ်စုကလည်း ကြည်ဖြူစွာ ချက်ပြုတ်ကြ၏။ တစ်ဖန် ကြက်အရှင်လတ်လတ်များကို ယူဆောင်လာကာ ဘုရင် အရက်နှင့် ပွဲတော်တည်ရန် ချက်ပြုတ်ခိုင်းပြန်၏။

ညီမ အသေဆို တော်သေးကွယ်

အရှင်ဆိုတော့ ငါတို့ အသတ်နိုင်ဘူး ညီမတော်။

မာဂဏ္ဍီအကြံ အောင်သွားပြီ၊ ဘုရားနှင့် သာမာဝတီညားကြရပေပြီ။

အရှင်မင်းကြီး -

သည်လောက်ဆို အစ်မတော် သာမာဝတီအကြောင်း သဘောပေါက်သင့်လှပါပြီဘုရား။

သူ့ဂေါတမအတွက် ကြက်ချက်ပေးပါဆိုတော့

ကြည်ကြည်ဖြူဖြူ ချက်ချင်းကြီး တာဝန်ယူလိုက်ပါသည်။

ယခု အရှင်မင်းကြီး ပွဲတော်တည်ဖို့အတွက် ကြက်ချက်ခိုင်းတော့ ချက်ချင်းပဲ ငြင်းပယ်လွှတ်လိုက်ပါသည်။

သည်လောက်ဆို အရှင်မင်းကြီးထက် ရဟန်းဂေါတမဘက်ပို၍ စိတ်ညွတ်နေသည်မှာ ထင်ရှားနေပါပြီ အရှင်မင်းကြီး။

မာဂဏ္ဍဓီ ဘယ်လိုတိုက်သော်လည်း ဥတေနမင်း မမိုက်တော့ပါပြီ။ ယခင် မြွေကိုလွှတ်၍ တိုက်ပေးစဉ်က မိုက်ကြွေးတင်ခဲ့သည်များ ယခုတိုင် မင်းစော သတိရဆဲပင် ရှိနေသေး၏။

ထိုစဉ်က -

သာမာဝတီအပေါ် အထင်လွဲ လေးညှို့ကို ဆွဲဆန့်ကာ ဒင်းသာမာဝ တီ သေရော့ဟဲ့ ရင်ဝတည့်တည့်ချိန်လျက်က မြားလွှတ်စဉ် -

(၁) တစ်ကြိမ်မှဓာ သာမာဝတီထံ မြားကမသွား၊ မိမိပစ်ခတ်သူထံ တန်ပြန်လှည့်လာခဲ့၏။

(၂) ဒုတိယအကြိမ်မှာ သာမာဝတီထံသို့ မြား လုံးဝမသွား ပစ်လေသူ မိမိနားရွက်နားအထိ တိုးကပ်လာကာ ထိမည်လုပ်သဖြင့် ရှောင်ပေးလိုက်ရ၏။

(၃) နောက်တစ်ကြိမ် သည်တစ်ချီကား မည်သို့မျှ ငါ့ဘက် မလှည့်စေရအောင် အသေချာဆုံးမြား အသေချာဆုံး လက်မှန်းလက်ဆများဖြင့် ချိန်လွှတ်ပေးလိုက်ရာ ထိုအသေချားကား သာမာဝတီ၌ကားမဟုတ်၊ မြားသည် တစ်ဟုန်ထိုး မိမိရင်ဝတည့်တည့် ဆီသို့ ပြေးဝင်လာရာ အရှောင်မြန်သဖြင့်သာ သေမင်းထံ အမိန့်မနာခံခဲ့ရသည်များကို ယခုတိုင် သတိရဆဲ ဖြစ်နေသေး၏။ သို့ကြောင့် -

ဥတေနမင်းသည် သာမာဝတီ၏ သီလကိုကား အကြွင်းမဲ့ ယုံပြီးသားတည်း။ မာဂဏ္ဍီ၏ အတွင်းသဘောကိုလည်း အကြွင်းမဲ့ သိပြီးသားတည်း။ ထိုနှစ်ဦးတို့၏ တူသော မတူခြင်းကို စိတ်ထားချင်းများက သက်သေပြနေကြပြီ ကိုယ်အမူအရာချင်းတို့ကပါ ထောက်ခံနေကြပါသည်ကို ဥတေန သိ၏။

မာဂဏ္ဍီကား အလိုရမ္မက် ကြီး၏။ အာရုံအတေါ့ မေ့မေ့ကြီးဖြင့် ဆွေ့ဆွေ့ခုန် တုန်တုန်လူပ်လူပ်ခံစားလေ့ရှိ၏။ အလိုကြီးသဖြင့် ဘာမဆို သူတစ်ပါးအပေါ် မာန်ဖီနေတတ်၏။ သူတစ်ပါး မာန်ဖီနေသဖြင့် မေတ္တာရေစက် ခန်းခြောက်လျက်။

ထိုအကြောင်းကို ကောင်းကောင်းကြီး သိနေတော့သဖြင့် မာဂဏ္ဍီတိုက်ကွက် သာမာဝတီဘက် မြားဦး မလှည့်တော့ပေ။ နေနှင့်ဦးပေါ့။ ထင်းခွေမကြုံ ရေခပ်ကြုံ မာဂဏ္ဍ၏ ကြုံးဝါးသံ၊

(က) သူ့ရန်ဘက် ဂေါတမအပေါ် ကြည်ညိုနေခြင်းသည် သူ့နှိပ်စက်သည်သို့ ထင်၏။

(ခ) သူ့ထက်သာ ဘုရင်က အရေးပေးသည်ကို သူ့ရှေ့ဆီးခံနေသော တုံးတစ်တုံးသို့ ထင်၏။ ထိုနှစ်ချက်တို့ကြောင့်ပင် ဤနန်းမတွင်းမှ သာမာဝတီကို ဖယ်ရှားပစ်ရန် သူ့မှာ တာဝန်ရှိလေ၏။

တစ်နေ့ -

ဥတေနမင်းစော နောက်ပါ အခြံအရံများဖြင့် ဥယျာဉ်တော်သို့ ထွက်၏။ ထိုအချိန်သည် မာဂဏ္ဍီအတွက် အခွင့်ကောင်းတည်း။

မာဂဏ္ဍီသည် -

ဦးမင်းတော် စူဠမာဂဏ္ဍီပုဏ္ဏားနှင့်တကွ သူ့တစ်ဆွေမျိုးအားလုံးကို စုရုံးစေကာ ဘုရင် မျက်နှာတော် ကွယ်နေဆဲ

သာမာဝတီမိဖုရားကြီးနှင့်တကွ သူ့အခြွေအရံ သူ့နန်းမတစ်ခုလုံး မီးလောင်တိုက်သွင်းတော့၏။

(က) သတ်သူ မာဂဏ္ဍီအုပ်စုကား
သူတို့ရှိ တစ်ဘက်သို့ အငြိုးထားမူ အာဃာတ ရမ္မက်ကြီးမူရာဂ ဘက်ပြိုင်လိုမူ မာနတို့ နှိပ်စက်ခံရသဖြင့် ချွေးပြန်။

(ခ) သေရမည့် သာမာဝတီအုပ်စုကား
သူတို့ရှိ တစ်ဘက်သို့ခွင့်လွှတ်တတ်မူ ခန္တီ၊ ရမ္မက်ပါးရှားမူ မေတ္တာ၊ အာရုံပေါ် စိတ်မသွား၊ မိမိခန္ဓာကြား ထားသောသတိတို့ကြောင့် အေးအေးသာသာခံ။

မီးကြီးကား သာမာဝတီတို့နန်းမ လောင်ကျွမ်းစပြုပြီ။

သာမာဝတီကိုလည်း မမေ့သတိဖြင့် ကိုယ့်ကိလေသာကို ရို့မြိုက်ကြရာ မီးကြီးလည်း နန်းမတစ်ခုလုံး (သာမာဝတီတို့ပါ) ၀ါးစားအပြီး သာမာဝတီတစ်အုပ်စုလုံးလည်း -

(က) အချို့ကား အနာဂါမ်ဘ၀ဖြင့် ဗြဟ္မာ့ပြည် လားကြရချေပြီ။

(ခ) အချို့ကား သကဒါဂါမ်ဘ၀ဖြင့် ဗြဟ္မာ့ပြည် သွားကြရချေပြီ။

မီးသည် သာမာဝတီတို့သာမက သာမာဝတီတို့အတွင်းရှိ ကိလေသာဟောင်းများကိုပါ မီးသမျှ လောင်မြိုက်ဝါးမြိုသွားချေပြီ။

ဘုရင် ဥတေနမင်း ရောက်လာသောအခါတွင်မူကား -

သာမာဝတီနန်းမတို့အစား ပြာပုံသာ ရူမြင်ရတော့သည် ဖြစ်ရာ ဖြစ်ရလေ သာမာဝတီရယ်။ အကြောင်းစုံ အကုန်သိသွားသော ထိုမင်းစော
မာဂဏ္ဍီမိဖုရားနှင့်တကွ

မာဂဏ္ဍီဆွေမျိုးမှန်သမျှ ပုခက်တွင်း ကလေးပါမကျန် နန်းရင်ပြင် ထုတ်ခေါ်စေပြီး

ကလေးများကိုကား ဓားဖြင့်ခုတ် တွင်းထဲ မြှုပ်စေ၏။

စူဠမာဂဏ္ဍီနှင့် လူကြီးများကိုသာ ဥက္ခောင်းပေါ်ရုံမျှ ကိုယ့်တွင်း ကိုယ်တူးခိုင်း၊ တူးပြီးသော် ကိုယ့်တွင်း ကိုယ်ဆင်းစေပြီး

မင်းချင်းများသည် တစ်ကိုယ်လုံးကိုကား မြေမှာမမြှုပ်၊ ဥက္ခောင်းကိုကား ဖော်ပေးထား၏။

ထို့နောက် မင်းချင်းများကား -

သံသွားတပ် ထွန်များနှင့် ထိုဥက္ခောင်းများ မပြတ်မချင်း ထွန်ယက် သတ်ဖြတ်ပေးရ၏။ ကာလ၀ိပါက် နောက်ပိုးတတ်ကြပြီ။

မည်မျှ စိတ်ဆင်းရဲကြရလေမည်နည်း။

ထိုမျှ လုပ်ရက်သူ မင်းချင်းများအပေါ် မည်မျှ အာဃာတထား အငြိုးပွားကြလေမည်နည်း။

အမိန့်ပေးရက်စက်သူ ဘုရင့်အပေါ် မည်မျှပြစ်မှား ဒေါသမာန်ပွားကြလေမည်နည်း။ ၎င်းတို့ အပြန်လမ်းကား အဆန်းမဟုတ်၊ အမှန်လည်း မဟုတ်၊ ခံရန်မျှသာတည်း။

မာဂဏ္ဍီမိဖုရားကိုကား -

ဦးစီးညွှန်ကြားသူ၊ မိမိမြတ်နိုးသော မိဖုရားကြီးကို ရက်စက်ကြမ်းကြုတ်စွာ လုပ်ကြံဝံ့သူ၊ ရမ္မပြင်းထန် အကောက်ဉာဏ်ထားတတ်သူ၊

ထိုစွဲချက်သုံးချက်တို့ဖြင့်-

ဥတေနမင်းစောနှင့် ပရိတ်သတ်အားလုံး မြင်သာရာ နန်းမကွင်းပြင်ကြီးမှာပင် ကိုယ့်ဆီချက်အိုး ကိုယ်မီးထိုးလျက်က တည်ပေးရပါပြီ။ ဆီချက်အိုး ပွက်ပွက်အဆူ ကိုယ့်ပေါင်သား ကိုယ်ဓားဖြင့်လှီး၍ ကြော်စားပြနေရပါချေပြီ။

အသားဆတ်ဆတ် သွေးအထပ်ထပ် မသေမချင်း ကိုယ့်အသား ကိုယ်စားပြနေရပါချေပြီ။

ထိုမာဂဏ္ဍီလေး သာမာဝတီလို ပြုံးပြုံးလေး သေနိုင်ပါ့မလား။

ထိုမာဂဏ္ဍီလေး သာမာဝတီလို ကိုယ့်အဖြစ်ကိုယ်မြင် ဆင်ခြင်နိုင်ပါ့မလား။


ဘယ်သူလူသေ ဘယ်သူလူရှင်လဲ
ထိုနှစ်အုပ်စုသေသတင်း -

ဆွမ်းခံရင်း ရဟန်းတော်များ ကြားသိတော်မူလာခဲ့ကြရလေရာ ကျောင်းတော်တွင်း၌လည်း ပုထုဇဉ်ရဟန်းအားလုံး အုံးအုံးကျွက်ကျွက်သာတည်း။

နေ့ခင်း တရားသဘင် ကျင်းပတော်မူချိန်တွင်ကား -

ဘုန်းတော်ကြီးသော မြတ်စွာဘုရား

တစ်ဖက်မှာ -

(က) မာဂဏ္ဍီနှင့် သူ့ဆွေမျိုးများ၏ လုပ်ကြံမူကြောင့် သာမာဝတီ မိဖုရားကြီးနှင့်တကွ မိဖုရား ခုနှစ်ရာ၊ အခြွေအရံပါ မကျန်သေဆုံး၍ သွားရှာကြပါပြီ။

တစ်ဖက်မှာကား -

(ခ) ဥတေနမင်းကြီး၏ ကွပ်မျက်ခံရမူကြောင့်ပင် မာဂဏ္ဍီမိဖုရားနှင့်တကွ သူ့တစ်ဆွေတစ်မျိုးလုံး သေဆုံး၍ သွားကြရပါသည်။

ထိုနှစ်ခင်း -

ဘယ်ဒင်းသည် သေ၍ ဘယ်ဒင်းသည် အရှင်ဖြစ်ပါသလဲ ဘုရားဟူ၍ ရဟန်းတို့က လျှောက်ထားတောင်းပန်ကြရာ

အပ္ပမာဒေါ အမတံပဒံ၊ ပမာဒေါ၊ မစ္စုနောပဒံ
အပ္ပမတ္တာ နမိယန္တိ၊ ယေပမတ္တာ မတာယထာ။

ဤဂါထာတော်ကို ရှင်တော်ဘုရား မိန့်မြွက်ကြားချေသည်တကား။ ထိုဂါထာ၏ အနက်အဓိပ္ပာယ်များ နောက်ကပင် ပြဆိုရှင်းလင်းခဲ့ပြီးပြီ။

(က) မမေ့ခြင်းသည် အသေခြင်း၏ အကြောင်းဖြစ်ပြီး၊ မမေ့သောသူ လူသေသော်မှလည်း သေသည်မမည်။

(ခ) မေ့ခြင်းကား သေခြင်း၏ အကြောင်းခံ အမှန်ဖြစ်ပြီး ထိုမေ့လေသူ လူမသေသည့်တိုင် သေသည်နှင့် ဘာမျှ မခြားနားပြီဟူ၍ပင်တည်း။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment