- အလေ့ကျပေါက်တို့ ပေါက်ဖွားရာဒေသသည် ဖုံးဆိုးတောဟု ခေါ်ပါသည်။
- တမင်စိုက်ပျိုးမှ တိုးတက်ရာဒေသသည် ဥယျာဉ်လယ်ယာဟု ခေါ်ပါသည်။
ဤစာတမ်းသည် မေ့မေ့ပျောက်ပျောက်နေနည်းနှင့် မမေ့မပျောက်နေနည်းနှစ်မျိုးတို့ကို ပို့ချပေးမည့် စာတမ်းဖြစ်၏။
ထိုနေနည်းနှစ်မျိုးတို့တွင်လည်း -
မေ့မေ့ပျောက်ပျောက်နေနည်းကား မသင်ပြမီကပင် တတ်မြောက်ကြပြီးသားများ ဖြစ်နေကြပါ၏။ ယနေ့ လူတိုင်း လက်ခံကျင့်သုံးနေသော နေနည်းအားလုံးသည်ပင် သွားနေကျလမ်း၊ မျှောလိုက်နည်းခေါ် မေ့မေ့နေနည်းချည်း ဖြစ်ကြပါချေ၏။
သို့ကြောင့် -
သင့်အား အထူး သင်ပြပေးစရာမလို၊ သင် နေ့တိုင်း အာရုံ ခံစားစဉ် အာရုံကြော မျှောလိုက်နည်း၊ စိတ်ပူဆာရာ ခြေလက်ပါနည်း၊ စိတ်အလိုကျ လွှတ်ပေးထားနည်းများကိုသာ ဆက်လက်ကျင့်သုံးသွား ဟူ၍သာ တိုက်တွန်းရုံ ရှိတော့၏။
ဤ၌ မေ့မေ့ပျောက်ပျောက် ဆိုသောစကား ရှိ၏။
ထိုစကားသည် အာရုံခံစားခွင့် ရရာတိုင်းတို့၌ ခံစားရင်း မတ်တတ်က ထိုအာရုံတို့ ပုံလိုင်းများ အလကားသက်သက် ပျောက်ပျက်သွားသည်ကိုသာ ရည်ညွှန်း၏။ အာရုံကိုမှီ၍ မိမိဉာဏ်ရည် တက်မလာသော ခံစားမျိုးတည်း။
(၁) တောတွင်းနေ သက်မဲ့ အလေ့ကျပေါက် သစ်ပင်များသည် ရေ၊ နေ၊ လေ၊ ပူ၊ အေး ထောက်ကန် ဥတုဒဏ်ခံရင်း မတ်တတ်တို့က ပေါက်ချိန်ပေါက်၊ ပွင့်ချိန်ပွင့်၊ သီးချိန်သီးပြီးနောက် သွေ့ခြောက်ကာ အလကား ပျောက်ပျက်၏။
(၂) တောတွင်းနေ သက်ရှိအလေ့ကျပေါက် သားကောင်များသည်လည်း ဇာတ်တူဇာတ်ကွဲသားကောင်ချင်းချင်း အလိုတူလျှင်လည်း အလိုတူရာ ညှင်း၊ အလိုမတူလျှင်လည်း အလိုမတူရာညှင်းသော ဒဏ်ခံရင်း မတ်တတ်က မွေးချိန်မွေး၊ သေချိန်သေပြီး ပျက်သုဉ်း အလကား အသက်ဆုံးရ၏။
(၃) အာရုံတော မျောပါနေသော လူသားသည်လည်း ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မကောင်းမဆိုးပင်ဖြစ်စေ၊ အာရုံအမျိုးမျိုး တံခါးစုံ အကုန်တိုးဝင်လာသော ဒဏ်ခံရင်း မတ်တတ်က စားချိန်စား သွားချိန်သွား၊ နားချိန်နားပြီး ဘ၀ပျက်သုဉ်း အလကားသက်သက် ကုန်ဆုံးရ၏။
ထိုသုံးမျိုးတို့သည် -
(က) အလကား ကုန်ဆုံးနည်းကား တူကြ၏။ သို့တစေလည်း တောတွင်းနေ သားကောင်နှင့် လူသားများကား အာရုံခံစားမူမှာသာ အလကားကုန်ဆုံးကြ၏။ အာရုံခံစားစဉ် မသိသော အကောင်းထင် အကြိုက်စွဲ၊ အဆိုးထင် အညှိုးစွဲတို့ကား -
အနာပေါက်ရာ အနာပျောက်သော်မှ အမာရွတ်အရာ သေရာပါအထိ ပါသွားလေသည့်ပမာ အစွဲကား အထဲ၌ ငြိလျက် ကိန်းဝင်နေချေပြီ။ သို့ကြောင့် မေ့မေ့ပျောက်ပျောက်သည် အာရုံတို့ကို အသုံးတည့်အောင် အသုံးမချတတ်လေသဖြင့် ထိုအာရုံများ အလကားသက်သက် ပျောက်ပျက်သွားကြသည်ကိုသာ ရည်ညွှန်းသည်မှတ်ပါလေ။
(ခ) တစ်ဖန် မေ့မေ့ပျောက်ပျောက်ဟူသည် မိမိကောင်းမူ အထူးပြုမိဖူးခဲ့သဖြင့် တန်ဖိုးရှိရှိ ရမိထားသော ဤလူ့ဘ၀ လူ့ဖြစ်စဉ်ကြီးကို အာရုံတို့အကြား အလကားချထားလျက်က ငါးကန်ကြီးများအထဲ ပစ်ချထားသော ပေါက်ပေါက်လုံးကြီး တစ်ဆုပ် ငါးအုပ်ကြီး ခဲခံရသည့်ပမာ တစ်နေ့တခြား အာရုံအတိုက် လိုက်၍လိုက်၍ ခံစားရင်း လုံးပါးပါးရကား၊ သေလွန်သောကာလ လူ့ဘ၀ရင်းစားဆုံး အလကားလုံးလုံး အသုံးမကျတော့ပြီကို ရည်ညွှန်း၏။ သို့ကြောင့် မေ့မေ့ပျောက်ပျောက်သည် အာရုံတို့ကို မေ့မေ့ကြီးနှင့် ခံစားနေရာမှ မိမိဘ၀ အလကား လွင့်ပျောက်ရသည်ကိုသာ ရည်ညွှန်းသည်မှတ်ပါလေ။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment