ထို မေ့မေ့ပျောက်ပျောက် အာရုံခံစားလေ့ရှိသူ၌ -
၁။ ငါကပင် အာရုံခံစားနေသည်၊ အာရုံခံစားမူ ငါကပင် ပြုကျင့်နေသည်၊ ငါ့အလိုကျ ငါရနေသည် ငါ့ကို ငါပိုင်သည်ဟူသော ငါစွဲသည် ဦးစွာ ပေါ်လာချေတော့မည်။
ထိုအခါ ငါ၏ဆန့်ကျင်ဘက် သူတွေ တစ်သီတစ်တန်းကြီး ပေါ်လာချေဦးတော့မည်။
၂။ ထိုအခါ သက်ရှိသက်မဲ့သူများကို ငါကောင်းစားရေးအတွက် အသုံးချဦးတော့မည်။ ထိုအခါ စိတ်ကြိုက်ရလေ အကောင်းထင်လေဖြင့် အကောင်းစွဲ ကဲတက်လာချေဦးတော့မည်။
၃။ ထို စိတ်ကြိုက်ရလေတိုင်း ငါနှင့်ငါသာ နိုင်းစရာပမာ ကိုယ့်ကိုကိုယ် ငါ တယ်ဟုတ်ပါကလား၊ အထင်ကြီးလူသည်လည်း အားကြီးစွာ တက်ရောက်လာချေဦးတော့မည်။
- ထိုလူသား တစ်ခုနှင့်လည်း အားမရတော့ပြီ၊ တစ်ခုမှ တစ်ခုဆီသို့။
- ထိုလူသား တစ်ကြိမ်ဖြင့်လည်း အားမရတော့ပြီ။ တစ်ကြိမ်မှသည် တစ်ကြိမ်ဆီသို့။
ထိုအခါ ရမှန်းသိ သာအိတစိုစို အလိုပူဆာမူကလည်း အလိုချည်း ပြနေပါတော့မည်။
လုပ်သလိုရသဖြင့် ရသလို လုပ်မည့်မာန်ကလည်း အလိုပြတိုင်း ဖြည့်ပေးနေရပါတော့မည်။
ဖြည့်သလို ဖြည့်သဖြင့် မရှိကို အရှိဟူ၍ သိနေသော ငါစွဲကလည်း ငါပိုင်အဖြစ် အမြဲမှတ်ထားပါတော့မည်။
သုံးခု အထောက်ပါသော ခြားရဟတ်တစ်ခုကို လှည့်လည်ရာ၌ အရှိန်ပြတ်က ရပ်ရသည်ရှိသေး၏။
ထိုငါစွဲ အကောင်းကြိုက် အဟုတ်ထင် သုံးခုတို့ကား မသေမချင်း မရပ်ကြရတော့ပြီ။
ကံ၊ စိတ်၊ ဥတု၊ အာဟာရ၊ ထို သင်္ခါရလေးခုတို့သည် ဘ၀စသည်မှ ဘ၀အဆုံးသို့တိုင် ပိုင်ပိုင်နိုင်နိုင်ကြီး လူသားတစ်ဦးကို ပြုပြင်ဖန်ဆင်းပေးနေပါ၏။
ထိုသင်္ခါရတို့ လက်အကြား ရောက်ရှိသွားသော ထိုသုံးခု အထောက်ပါသော အချဲ့ကိရိယာကြီးသည်လည်း အဘယ်မှာလျှင် ရပ်၍ရပါအံ့နည်း။
(၁) တဏှာသည် ပူဆာတတ်သော သတ္တိမျှ ရှိ၏။ သူ့အပြင် ဘာမှမရှိ၊ ထိုတဏှာသည် မြင်တိုင်း၊ ကြားတိုင်း၊ သူ့အပေါ် ငါ တပ်ခွင့်ရရန် သို့မဟုတ် သူ့အိမ်နေ သူ့သမီး ငါ့ဇနီးအဖြစ် ပျော်ပါးခွင့်ရရန် မရမချင်း ပူဆာနေမည်။
(၂) မာနသည် ဖက်ပြိုင်သတ္တိမျှ ရှိ၏။ သူ့အပြင် ဘာမှ မရှိ၊
ထိုအခါ မာကြောကြောမာနကလည်း ငါကြံခံနိုင်ရိုးလားဖြင့် ကြိုးစားပေးမည်၊ တစ်ဖက်က အတုံ့ မနှုံ့မချင်း ကွင်းဆင်းကြိုးစားပေးလိမ့်မည်။
(၃) ဒိဋ္ဌိသည် ငါပိုင်အစွဲသတ္တိမျှ ရှိ၏။ သူ့အပြင် ဘာမျှမရှိ။
ထိုဒိဋ္ဌိသည် မာနကြိုးစား၍ရလာသော မယားဖြစ်က ထိုမယားအပေါ် ငါတပ်ပေးတဲ့ကာ ငါ့မယား၊ ငါ့မယား အပိုင်သိမ်းပေးထား၏။
အကယ်တိတိ ဆိုင်ပေါ်နေ ရွှေဖြစ်က ထိုရွှေရလာသောအခါ ရွှေပေါ်ငါတပ်ပေးတဲ့ကာ ငါ့ရွှေ ပါ၊ ငါ့ငွေပါစသည့် အပိုင်သိမ်းထား ပေးပေလိမ့်မည်။
၁။ လိုချင်သည်ပူဆာ၏။ ပြီးလျှင် အလိုကား အလိုသာတည်း။
၂။ မရအရ ပြိုင်ဆိုင်ယူ၏။ ပြီးလျှင် အပြိုင်ကား အပြိုင်သာတည်း။
၃။ ရလာသော် အစွဲထား၏။ ပြီးလျှင် အစွဲကား အစွဲသာတည်း။
ထိုသုံးခု တစ်ပတ်ရမှ သူ့ဟာမှ ကိုယ့်ဟာသို့ ပြောင်းရွှေ့ရပါသည်။
ဤသို့ဖြင့် တစ်ကား အလိုပြည့်သွားပြီ၊ သို့သော် နှစ်ဘို့ အလိုရှိနေပြန်သည်။
တဖန် နှစ်ကား အလိုပြည့်သွားပြီ၊ သို့သော် သုံးဘို့ အလိုရှိနေပြန်ပါသည်။
အလိုကား ဘယ်သောကာလမှ ပိုသည်မရှိပြီ၊ ဗီဇဘွား ကုလားမဲတူတူကမှ ရေနွေးအိုးပွက်ပွက်ဆူထဲကျ အဖြူဘ၀ ရကောင်းရပေဦးမည်၊ ဤအလိုသဘောကား မလိုပါသဘောသို့ ဘယ်သောကာလမှ မပြောင်းလဲပြီ။
ထိုအလိုက အလိုပြနေသမျှလည်း မာနလည်း မနေသာပြီ။
သေခါနီး အဘိုးနှင့်အဘွား စုံတွဲများသော်မှလည်း တော်ပြီတန်ပြီစကား မပြော၊ အားကြလေရကား ၎င်းတို့နှင့် တန်သလောက်အင်အား၊ မာနထားလျက်က လက်မလွှတ်နိုင်ကြချေ။
ထိုမာန လက်စွမ်းပြနေသမျှလည်း ငါစွဲဒိဋ္ဌိလည်း မနေသာပြီ။
အသက်ထွက်ခါနီးဆဲဆဲ အဘိုးအိုသော်မှလည်း မသေမီ သမီးနှင့် သားမြေးများတို့ လာရောက်ကန်တော့ရာမှ ရထားသော ပုဆိုးခေါက်ကလေး အမှတ်ရကား -
ဟဲ့ရှင်မ ငါ့ပုဆိုးလေး ဘယ်နားထားလဲ
ဤသို့မေးရင်းက အသက်ထွက်သွားရချေပြီ။
တစ်ဖန် ထို အချဲ့ကိရိယာသုံးခုတို့သည် -
ကိုယ့်ကိုကိုယ် ငါ-ကိုယ်ရပစ္စည်းကိုကား ငါပိုင်ဟူ၍ ကင်ပွန်းတပ်ထား၏။
သို့ကြောင့် အခြားခြားတို့ကား သူနှင့် သူပိုင်တို့ချည်းသာ အလိုလို ဖြစ်သွားရ၏။
ငါဆိုသည်ကား တစ်ယောက်တည်းသမား၊
သူဆိုသည်ကား အများအပြား အစားစား။
သို့ဆိုသော် ပစ္စည်းနှင့် အခြွေရံများလည်း အများဘက် အားသာနေမည်မှာ ဧကန်တည်း။
ထိုစဉ် တဏှာသည် အာရုံဆန်းကို ငန်းဖမ်းတတ်သော သဘောရှိလေရာ
၎င်းလက် မရောက်သေးသမျှ တစ်ပတ်နွမ်းပင် ဆန်းနေတတ်ပါသည်။
၎င်း မမြင်ရ၊ မတွေ့ရဖူးသေးသည် မှန်သမျှလည်း အဆိုးကပင် ကောင်းနေတတ်ပါသည်။
ရိုးရိုးမျက်စိ တဏှာမျက်လုံးလေး ထည့်ပေးထားပြီး အကြည့်ခိုင်းလျှင် တစ်ဖက်မျက်စိစွေလေးမှသည် စပယ်ကြည့် ကြည့်နေပုံမျိုးလေးသို့ မြင်သိစေနိုင်စွမ်း ရှိပါသည်။ တစ်ဖက်၏ ခါးချိချိသွား၊ လေးကပင်၊ မခို့တရို့ သွားလေးအဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိလာပါသည်။
ထိုတဏှာ တံခါးစုံတပ်၍ အာရုံမှန်သမျှ ပုံဟပ်ကြည့်ပေးလိုက်သောအခါတွင်ကား သူပိုင်မှ ငါပိုင်သို့ ချိုင်ပေးရသော မာန၊ သူကိုင် ငါကိုင်ခွင့်၊ ရသမျှ သူ့ဟာမှ ငါ့ဟာသို့ ကိုင်ပေးရသော ဒိဋ္ဌိတို့လည်း တဏှာ၏နောက် ခါးတောင်းကျိုက်လိုက်ပါရချေပြီ။
ထိုစဉ် အကြိုက်ချင်းဆုံ၍ ဂုဏ်ပြိုင်ရသည်များလည်း ရှိနိုင်ပါသည်။
ကိုယ့်အကြိုက် သူ့အကြိုက်အဖြစ် တိုက်ယူသွားခံရသော ဖြစ်ရပ်များလည်း တွေ့နိုင်ပါသည်။ တဏှာနောက်ပါး မာနအားသည် ထိုအခါ မနားမနေ ပြိုင်ဆိုင်ရပါတော့မည်။
နိုင်လျှင်ကား ခါးထောက်၊ မနိုင် တောက်ခေါက်ကျန်ရစ်ခဲ့ရပါမည်။ နိုင်လျှင်ကား မာန်ပြင်းပြင်း၊ မနိုင် မာန်တင်းတင်းနှင့်ပင် အနိုင်စောင့်ရပေဦးတော့မည်။ ယနေ့ ပြိုင်ဆိုင်နေကြသော စကားနိုင်လုမူ၊ ငြင်းခုန်မူများမှသည် လက်နက် အကြီးအသေး ကိုင်ဆောင်လျက်က တိုက်ခိုက်နေရမူအထိ အားလုံးပင် ထိုမာန၏ ထန်ပြင်းတက်ကြွသော မြောက်ကြွကြွကြောင့်ချည်း မဟုတ်လေ။
မယားချင်းပြိုင်၊ သားချင်းပြိုင်နေရသည်မှာ သည်မာန၊ စကားချင်းပြိုင်၊ အကြွားချင်းပြိုင်နေရသည်မှာ သည်မာနကြောင့် -
ယုတ်စွအဆုံး ဘာသာချင်း မတူသူတို့၏ တရားချင်း ပြိုင်ဆိုင်နေရမူ၊ နည်းချင်းမတူသူတို့၏ တရားခြင်းပြိုင်ဆိုင်နေရမူ၊ နည်းချင်းမတူသူတို့၏ တရားခြင်းပြိုင်ဆိုင်နေရမူတို့သည်ပင် ကိုယ့်ဘာသာကိုယ်မင်၊ သူ့ဘာသာ အထင်သေးရာမှဖြစ်သော မာန၏ လက်ချက်ပင် ဖြစ်ပါ၏။ ကိုယ့်နည်း ကိုယ့်အထင်ကြီး၊ သူ့နည်း တင်စီးရာမှဖြစ်သော မာန၏ တိုက်ကွက်ပင် ဖြစ်ပါ၏။ မာသလောက်ထ၍ မာသလောက် အစေ၊ နစေသည့် အာဂမာနပင်တည်း။
ထိုမာနက တစ်ဖက်ထက် အထ သာ၍ အရသာလာလေသောအခါ ဒိဋ္ဌိသည် စီးပွားရှာကောင်းသော လင်သား၊ ပစ္စည်းတွေ တစ်ပွေ့တစ်ပိုက် လှည်းတစ်စီး၊ ကားတစ်တိုက်တို့ဖြင့် အိမ်ပြန်အလာ မယားလှလှလေးက ချိုပြုံးသော မျက်နှာပေးလေးဖြင့် အဝေးမှပင် ဆီးကြိုငံ့လင့်နေသည့်ပမာ၊ ဒါမှ ငါ့လင်ဟူသော မာယာအသွင်ဖြင့် မြင်သာရာ အရပ်မှနေ ကြိုဆိုနေသည့်ပမာ။ ထိုမာန ရှာဖွေပေးသော အရာမှန်သမျှ အားလုံးကိုလျှင် ရယူသိမ်းပိုက်ပေးလျက် ရှိပါ၏။
ယနေ့ သိမ်းပိုက်ထားကြရသမျှသော ပလတ်စတစ်အိတ်ခွံသေးသေးလေးမှသည် နေအိမ်တိုက်တာ ကားကြီးကားငယ်များအထိ အားလုံးပင်လျှင် ထိုဒိဋ္ဌိ၏ သူ့ဟာ၊ ငါ့ဟာအမှတ်ြဖင့် တွင်တွင် သိမ်းပိုက်ပေးရာမှ ဖြစ်သော အစွဲချည်းပင် ဖြစ်ပါ၏။
အဘသမီး၊ ငါ့ဇနီးထင် သိမ်းပိုက်ထားခြင်းသည်လည်း ဒိဋ္ဌိ၏ ပယောဂ။
သားမက်ဇနီး၊ ငါ့သမီးထင် သိမ်းပိုက်နေခြင်းသည်လည်း ဒိဋ္ဌိ၏ ပယောဂ။
ချွေးမလင် ငါ့သားထင် သိမ်းပိုက်နေခြင်းသည်လည်း ဒိဋ္ဌိ၏ ပယောဂ။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment