ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 8 March 2013

တစ်နေ၀င်သော်

နေ၀င်တော့မည်။

တစ်နေ၀င်လျှင် ကိုယ့်နေအိမ်ကို ပြန်ကြရစမြဲတည်း။

(က) စီးပွားရှာလေသူ နေ၀င်ကာနီးသော်မှ မိမိလက်ထဲ သုံးစရာပစ္စည်း မယ်မယ်ရရ ပါမသွားလျှင် အိမ်ပြန် မျက်နှာပန်းမလှ ဖြစ်တတ်သည်။


(ခ) စီးပွားရှာလေသူ၊ နေမ၀င်မီကာလ မိမိလက်ထဲသို့ အသုံးချစရာ ပစ္စည်းစု အထုပ်နှင့် အထည်နှင့် စုပြီးဖြစ်နေပါက အိမ်ပြန် မျက်နှာပန်း လှတတ်သည်။

လူတို့တွင် -

၁။ မွေးကင်းစမှ ဆယ်နှစ်တန်သည် နေထွက်လာချိန်မျိုးတည်း။

၂။ ဆယ်ကျော်သက်မှ ဆယ့်ငါးဆယ့်ခြောက်နှစ်တန်းများသည် ဆွမ်းခံဝင်ချိန်မျိုးတည်း။

၃။ ဆယ့်ရှစ် ဆယ့်ကိုးမှ အိမ်ထောင်ကျအရွယ်တန်းသည် နေ ထန်းတစ်ဖျားတည်း။

၎။ အသက်သုံးဆယ်၊ လေးဆယ်အရွယ်တန်းများကား မွန်းတည့်လာချေပြီ။

၅။ အသက်ငါးဆယ်၊ ခြောက်ဆယ် ရောက်လျှင်ကား နေစောင်းသွားပြီ။

၆။ အသက်ခုနှစ်ဆယ်ရှစ်ဆယ် ရောက်လျှင်ကား နေ၀င်ရန် တာစူနေပြီ။

၇။ အသက်ကိုးဆယ်၊ ကိုးဆယ်ကျော်သွားတော့လျှင်ကား တစ်နေ၀င်သွားချေပြီ။

သင်သည် -

အထက်ပါအချက်ပြ သင်္ကေတများကို ပိုင်းခြားမှတ်သား၍ သင့်ကိုယ်သင် စစ်တမ်းကောက်ပါလေ။

(က) ငါသည် နေထွက်စလေလား၊ ဆွမ်းခံဝင်ချိန်လေးလား။

သို့မဟုတ် -

(ခ) ငါသည် နေထန်းတစ်ဖျား ရောက်နေပါပေါ့လား၊ မွန်းတည့်နေပါပေါ့လား၊ နေစောင်းနေတိမ်း အ၀င်ဘက် ယိမ်းနေပါပေါ့လားဟူ၍။
လူတို့သည် -

တစ်နေကုန် တစ်နေခမ်းပင် ပင်ပမ်းကြီးစွာ မိမိနေအိမ်များကို ပစ်ထားခဲ့ပြီး စီးပွားဖြစ်ရာ စက်ရုံ၊ အလုပ်ရုံများသို့သော်လည်းကောင်း၊ ရုံး၊ ဈေး၊ ကျောင်းများဆီသို့သော် လည်းကောင်း၊ ကုမ္ပဏီ၊ ကားစခန်း၊ ရထားလမ်းများသို့ သော်လည်းကောင်း သွားရောက်ကြရစမြဲပင် ဖြစ်ပါသည်။

တစ်ဖန် တောနေတောင်သားများ ဖြစ်ကြပြန်ပါကလည်း မိမိတို့ နေအိမ်နှင့် ရွာကိုပင် နောက်ကျောခိုင်းခဲ့ရပြီး လယ်ယာဥယျာဉ်၊ သစ်တော၊ ၀ါးတော၊ ဟင်းစုံတော စသည်များသို့။

အချို့ကား လွယ်အိတ်ကလေးများ ကိုယ်စီလွယ်လို့၊

အချို့ကား တောင်းပလိုင်းလေးများ ကိုယ်စီလွယ်လိုီ့ တစ်နေကုန် တစ်နေခမ်း စီးပွားဖြစ်မည့်နေရာသို့ ခြေလှမ်း မှန်း၍ သွားကြရပါ၏။

ထိုသူများ -

တစ်နေကုန်၍မှ မိမိတို့လက်ထဲ ကိုယ်စီကိုယ်ငှ ရိက္ခာမရကြသေးလျှင် အပူတပြင်း တက်သုတ်ရိုက်ရှာသင့် ရှာရပါသည်။ နေ၀င်ကာနီးလေ ခရီးတွင်လေဖြင့်လည်း လှမ်းသင့် လှမ်းရပါမည်။

အဘယ်ကြောင့်ဆိုသော် -

နေ၀င်သွားသဖြင့် အိမ်ပြန်ရောက်လို့မှ လက်ထဲဝယ် စားနပ်ရိက္ခာ မယ်မယ်ရရ ပါမလာသော် နက်ဖြန်အတွက် ရတက်မအေး ဖြစ်ရပါတော့မည်။ သံဘက်၊ ဖင်နွှဲ စသည့် နောက်နောက်ရက်များအတွက်ကား ဆိုစရာပင် မလိုတော့ပါချေပြီ။

ထို့အတူပင်လျှင် -

လူမှန်သမျှနေပြီးလျှင် သေရပါဦးမည်။ စီးပွားရှာ လူ့ရွာမှသည် သေရွာဖြစ်သော မိမိတို့ လာရာလမ်း တန်းတန်းမတ်မတ်ကြီး ၀င်ကြရပါဦးမည်။

ထိုလူသား -

လူဖြစ်စဉ် လူ့ဘ၀ -

အကယ်တိတိ ဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင်များ ဖြစ်ကြပါက ဗုဒ္ဓအမွေတို့ကို -

(က) ဒါနဖြင့် အမွေယူ၍ လူ့ဘ၀၊ နတ်ဘ၀ စီးပွားဖြစ် ဒါနထုပ် မြှုပ်နိုင်ပါလျက်က၊

(ခ) သီလဖြင့် အမွေယူ၍ လူ့ဘ၀၊ နတ်ဘ၀ ဘ၀နှင့် စည်းစိမ်ကို ဖန်တီးနိုင်ပါလျက်က၊

(ဂ) ဈာန်ကုသိုလ်ဖြင့် အမွေယူ၍ ဗြဟ္မာ့ဘ၀ ရိက္ခာထုပ် မြှုပ်ခွင့်ရှိပါလျက်က၊

(ဃ) ဉာဏ်ကုသိုလ်ဖြင့် အမွေယူ၍ အရိယာဘ၀ ရိက္ခာထုပ် မြှုပ်သာပါလျက်က။

ထိုသို့ကား မကြိုးစားလိုပြီ။ ပေါ့ပေါ့စား၊ ပေါ့ပေါ့နေ၊ အာရုံနောက် စိတ်အလေလိုက် စိတ်အလို စိတ်အကြိုက်လွှတ်၍ထား အမေ့ကောက်သမားကြီး လုပ်နေချင်သော်ကား သေရွာပြန် မျက်နှာ ပန်းမလှ အောက်ကျနောက်ကျဘ၀ဖြင့် ပြန်လည်နားရပေတော့မည်။

အကယ်တိတိ အထက်ပါ အချက်ပြရှိ မိမိ၏ ရောက်ရာအရွယ်ကို ချိန်ဆလျက်က ရိက္ခာထုပ်လေးမျိုး မိမိသန်ရာ ကြိုးစားဖွေရှာပါသော်ကား သေရွာပြန် မျက်နှာပန်းလှလှ အပြုံးဘ၀ဖြင့် ပြန်လည်နားခိုခွင့် ရကြပါမည်။

သို့ကြောင့် သင့်အား ငါတို့ ယခု တစ်ခုမေးလိုပါ၏။ သင်ကြိုက်သလို ဖြေပါလေ။

သင် သေရွာပြန်ရာ၌ ခြေလျင်ပြန်လိုပါသလော၊ ယာဉ်ရထားဖြင့် ပြန်လိုပါသလော။

လက်မဲ့ချည်း ပြန်လိုပါသလော၊ လက်ဆုပ်လက်မိဖြင့် ပြန်လိုပါသလော။

ကိုယ့်ပစ္စည်း ကိုယ်ဆုပ်ပြီး ပြန်လိုပါသလော၊ သူတစ်ပါးပစ္စည်းအငှားဆုပ် ပြန်လိုပါသလော။

သင့်အကြောင်း သင်စဉ်းစားပြီး ယင်းစကားများ ဖြေဆိုကြည့်ပါလေ။

ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment