ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 5 March 2013

"မေးမြန်းစူးစမ်း၊ဓမ္မလမ်း” (တောသူမလေးနှင့် ကိုညီညီတင် အင်တာဗျူးအစီအစဉ်)

ဗုဒ္ဓကမ္ဘာမှ ဗုဒ္ဓအရိပ်ကို ခိုလူံနေကြသော ဓမ္မမိတ်ဆွေများအားလုံး မင်္ဂလာပါလို့ ပထမဦးစွာ နူတ်ခွန်းဆက်သအက်ပါသည်။ ကျွန်မတို့ ဗုဒ္ဓကမ္ဘာမှ ဓမ္မမိတ်ဆွေများရဲ့ ရင်ထဲကလာတဲ့ ဘာသာရေးအပေါ်အမြင် ပီတိစကားလေးတွေကို ပြန်လည်မျှဝေ နားဆင်ခွင့်ရရန်အတွက် ဗုဒ္ဓကမ္ဘာ အင်တာဗျူးကဏ္ဍလေးကို အစီအစဉ် သစ်လေတစ်ခုအနေနဲ့ ထပ်မံတင်ဆက်ပေးလိုက်ပါတယ်ရှင်။ ဒီကဏ္ဍလေးအတွက် ဗုဒ္ဓကမ္ဘာမှ မန်ဘာဝင်များအားလုံးကို အလှည့်ကျအနေဖြင့် တွေ့ဆုံမေးမြန်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပထမဦးဆုံး အဖွင့်အင်တာဗျူးလေးအနေနဲ့ ကျွန်မတို့ ဗုဒ္ဓကမ္ဘာဆိုဒ်ထဲမှ တာဝန်ရှိအက်ဒမင်တစ်ဦးဖြစ်တဲ့ အစ်ကိုညီညီတင်ကို ဗုဒ္ဓကမ္ဘာ မိသားစုကြီးအားလုံးကိုယ်စား မေးခွန်းလေးတွေမေးမြန်းဖို့အတွက် တောသူမလေးမှ တာဝန်ယူတင်ဆက်ပေးမှာဖြစ်လို့ တောသူမလေးက ဘယ်လိုမေးခွန်းလေးတွေ မေးမြန်းပြီး အစ်ကိုညီညီတင်က ဘယ်လိုလေးတွေဖြေသွားမလဲဆိုတာ အခုပဲ ဖတ်ရူခံစားလိုက်ကြစို့နော်။

 http://api.ning.com/files/kpPDTkb*yUbAw0v2qUfoGtf*DKe3AGzqhVarUKO4g-mLnxLxW1T74w3RvU5ZG*rvwG2nC3TMnoNrllLa-dXbEOFWAls900Qu/interview.jpg
၁။ မင်္ဂလာပါ အစ်ကို.... အခုလို အစ်ကို့ကို ဗုဒ္ဓကမ္ဘာ မိသားစုလေးရဲ့ကိုယ်စား  အင်တာဗျူးလေးမေးခွင့်ရလို့  ကျေးဇူးတင်ပါတယ်။
ဘ၀တုသဗ္ဗမင်္ဂလံ ပါ ခင်ဗျာ။
(မေးခွန်းလေးတွေမဖြေခင်လေး အမေးအဖြေနဲ့ပတ်သက်လို့ ကျွန်တော့်သဘောထားလေး အရင်ပြောပြထားချင်ပါတယ်။ ကျွန်တော်ပြောစကားတွေက အများနဲ့သက်ဆိုင်ရာဖြစ်တဲ့ ဓမ္မစာမျက်နှာပေါ် ရောက်ရတော့မှာဆိုတော့ ဓမ္မနဲ့သက်ဆိုင်တာကိုပဲ အဓိကထားပြောချင်ပါတယ်၊ အချိန်ကုန်ရကျိုးလည်းနပ်အောင်၊ ဖတ်ရတဲ့သူအကျိုးလဲရှိအောင်၊ ပြောချင်ပါတယ်။ ဒါလေးတော့ ခွင့်ပြုပေးပါ။ (တရားဓမ္မအားထုတ်မှုနဲ့ပတ်သက်လို့ ပြောဆိုတယ်ဆိုရင်လည်း ကြွားချင်၊ ၀ါချင်၊ သမားဂုဏ်ပြချင်လို့-လုံးဝမဟုတ်ပါ။ ခေတ်လူငယ်များ အားကျအတုယူစေဖို့ သက်သက်သာဖြစ်ပါတယ်) အမှန်အတိုင်းဝန်ခံရရင်- “အင်တာဗျူး”ဖြေရတာ “တီကောင်”ကိုင်ရတာထက်ကြောက်လှပါတယ်။ ဒီအင်္ကျီ ဒီလူဝတ်ကြည့်တာကောင်းပေမယ့် ကိုယ်ဝတ်လိုက်တဲ့အခါကျမှ လူရယ်စရာကြီးဖြစ်နေမှာ လည်းစိုးတယ်။ ဒါလဲ ခပ်လန့်လန့် အချို့သော သူများက “ငတို့ ဘယ်လိုတော်ခဲ့တယ်”၊ “ဘယ်လိုပညာတွေတတ်တယ်”ဆိုပြီး “လေးတော်တင်”ပြနေတဲ့အချိန်မှာ ကျွန်တော့်မှာက “အဘယ်ကဲ့သို့တော်ကြောင်း၊ အဘယ်ကဲ့သို့တတ်ကြောင်း” ဘာမှကြွားလုံးထုတ်စရာ မရှိတာတော့အမှန်။ အားတော့အငယ်သား။ သို့သော်- ဇာတ်မင်းသားတစ်ယောက်ပြောသလိုပေါ့လေ။ “ချီးကျူးတာလည်းမခံရဘူး။ ကဲ့ရဲ့တာလည်းမခံရဘူး။ တစ်ပွဲမှလဲ မကရဘူး”ဆိုတာ မျိုးဖြစ်နေတာနဲ့ အတော်ပါဘဲ။ ကျွန်တော်ကထိုကဲ့သို့  မတော်ခဲ့သောကြောင့်ပဲ (လူတော်များလို ဂိုက်ထုတ်စရာမလို၊ ဂိုက်ပေးစရာမလို၊  ပဲများစရာ မလို၊ စိတ်ဖိစီးမှုများရှိစရာမလိုဘဲ) လွတ်လပ်စွာ၊ ပေါ့ပါးစွာနဲ့  ရိုးသားပွင့်လင်းစွာဖြေပါ့မယ် ဆိုတာပါဘဲ။ ကိုင်းးး …..စ  လို့ရပါပြီ)

၂။ အရင်ဆုံး အစ်ကို့ရဲ့ နာမည်အရင်းလေးနဲ့အတူ ယခုရောက်ရှိနေတဲ့ အသက်လေးနဲ့ အစ်ကိုရဲ့ မွေးရပ်မြေနဲ့ လက်ရှိရှင်သန်နေထိုင်နေတဲ့ နေရာလေးကိုလည်း ပြောပြပေးပါဦး။
 နာမည်အရင်း-ညီညီတင်
 မွေးသက္ကရာဇ်-၁၆-၁၀-၁၉၇၄ (ကိုယ့်ဖာသာကိုယ် အသက် တွက်သာကြည့်တော့)
 ပညာအရေအချင်း- ရေးတတ်/ ဖတ်တတ် (အင်္ဂလိပ်စာ သိပ်မတတ်)
 ဇာတိ-မြောင်းမြမြို့။ (အာဇာနည်ခေါင်းဆောင်ကြီး- ဒီးဒုတ်ဦးဘချို၏ဇာတိမြို့) ဧရာဝတီတိုင်းဒေသကြီး။
ယခုနေရပ်လိပ်စာ- “ဓမ္မရောင်ခြည်”တရားအလှူတော်လုပ်ငန်း၊ လုပ်ငန်းခွဲ(၁၈၇) ဟ-၁၁/၂၆၊ ကံ့ကော်လမ်းခွဲ၊ (မြို့တော်ခန်းမအနောက်)၊ ဟိုမွန်ရပ်ကွက်၊မူဆယ်မြို့။ ရှမ်းပြည်နယ်(မြောက်ပိုင်း)

၃။ အစ်ကိုရဲ့ မိသားစုဝင်လေးတွေကိုလည်း ဗုဒ္ဓကမ္ဘာ မိသားစုလေးသိအောင် မိတ်ဆက်ပေးပါဦး။
 အဖ-ဦးတင်ရွှေ(လက်နှိပ်စက်စာရေးကြီး)(ကွယ်လွန်)+အမိ-ဒေါ်မြင့်မြင့်(အလယ်တန်းပြကျောင်းဆရာမ)(ကွယ်လွန်)
(မွေးချင်း(၄)ယောက်-ချိုချိုတင်(ကွယ်လွန်)၊ကိုကိုတင်၊မီမီတင်၊ညီညီတင်)

၎။ အစ်ကို ning site တွေနဲ့  ဘယ်အချိန်ကစပြီး ရင်းနှီးခဲ့တာလည်းဆိုတာ ပြောပြပေးပါလား။
 (၂၀၁၁)ခုနှစ်ကျမှ အင်တာနက်သုံးတတ်တာပါ။
(ဦးဂျမ်း-ပိုးတွဲပုဆိုးခေတ်မှာ..ရွာထွက်ချည်ကြမ်းပုဆိုးနဲ့..ကျွန်တော် ကျန်နေခဲ့ရတာ ကြာပေါ့)

၅။ အစ်ကို ဗုဒ္ဓကမ္ဘာဆိုဒ်ကို ရောက်တာ ကြာပြီလား။ ဘယ်သူ ဖိတ်ခေါ်ပြီး ရောက်ခဲ့တာလဲ ပြောပြပေးပါလား။
 မှတ်တမ်းအရ- 2012,February,19-10:33pm အနီ နဲ့ whitecolor တို့က “ဗုဒ္ဓကမ္ဘာ… ကကြိုဆိုပါတယ်” ဆိုတော့ အဲဒီအချိန်ပဲ ဗုဒ္ဓကမ္ဘာ ရောက်တယ် ထင်ပါတယ်။  ဘယ်သူမှ မဖိတ်ပါဘူး။ “အမေရိကတိုက်ကြီး”ကို “ကိုလံဘတ်”ရှာဖွေတွေ့ရှိခဲ့သလိုမျိုးပေါ့။ ကျွန်တော် “ဗုဒ္ဓကမ္ဘာ”ကို google: မှာ ရှာတွေ့ခဲ့ပါတယ်။

၆။ ဒီဆိုဒ်လေးထဲ ရောက်ရှိလာပြီး ဗုဒ္ဓကမ္ဘာဆိုဒ်လေးထဲမှာ အသုံးပြုရတဲ့ အစ်ကို့ရဲ့ စိတ်ခံစားချက်လေးကိုလည်းသိချင်ပါတယ်။
 ရေငတ်နေတုံး “ရေအိုး”တွေ့ရင် “အာဆွတ်ရုံသောက်မလား” “အ၀သောက်မလား” မေးစရာမလိုပါဘူးဗျာ။

၇။ လက်ရှိအစ်ကိုအနေနဲ့ ဗုဒ္ဓကမ္ဘာမှာ အက်မင်တစ်ယောက်အဖြစ် တာဝန်ယူထားတယ်လို့သိရတဲ့အတွက် ဆိုဒ်အက်ဒမင် တစ်ယောက်အနေနဲ့ တာဝန်ယူဖြစ်ခဲ့ပုံလေးနဲ့ တာဝန်ယူရတဲ့အပေါ် ပီတိစကားလေးကရော။
 ဆိုဒ်တည်ထောင်သူ -ကိုကောင်းမြတ်မင်း က (၂၅-၅-၂၀၁၂)မှာ အက်ဒ်မင် လုပ်ဖို့ပြောပါတယ်။ (ဒီနေရာမှာ ကိုကောင်းမြတ်မင်းကို အထူးပင်ကျေးဇူးတင်ရှိကြောင်း အလေးအနက်ပြောကြားလိုပါတယ်။ နောက်ပြီး- မသိသေးတာတွေကို စိတ်ရှည်ရှည်နဲ့ သင်ကြားပေးတဲ့- အက်ဒမင်-Whitecolourကိုလည်း ကျေးဇူးအထူးတင်အပ်ပါတယ်။) “အရသာခပ်သိမ်းတို့မှာ တရားအရသာကအမြတ်ဆုံး၊ မွေ့လျော်မှုခပ်သိမ်းတို့မှာ တရားဖြင့်မွေ့လျော်ခြင်းကအမြတ်ဆုံး”လို့  ထေရ၀ါဒဗုဒ္ဓစာပေကျမ်းဂန်မှာ ဆိုတဲ့အတိုင်း ဓမ္မအက်ဒ်မင်တစ်ယောက်အနေနဲ့ ဓမ္မဘလော့ဘ်တွေ-ဖတ်ရှု-စိစစ်-မျှဝေ-နေခြင်းသည်ပင်လျှင် “တရားအရသာကို ခံစားနေခြင်း၊ တရားနှင့်မွေ့လျော်နေခြင်း”.. လို့ ခံယူပါတယ်။ “ပိဋက” အားဖြင်“့သုံးပုံ”၊ “နိကာယ်” အားဖြင့် “ငါးကျမ်း”၊ “ဓမ္မခန္ဓာ” အားဖြင်“့ရှစ်သောင်းလေးထောင်”တို့ဟာ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ကိုယ်စားတော်၊ ဘုရားအစစ်၊ ဘုရားအမှန်တွေပါပဲ။ ဒါကြောင့်- ဓမ္မ၀က်ဆိုဒ်တစ်ခုရဲ့ ဓမ္မအက်ဒ်မင်..ဆိုတာ- အဲဒီလို ထေရ၀ါဒဗုဒ္ဓဓမ္မတွေနဲ့ ထိတွေ့နေရခြင်းကိုပင်လျှင်- (“ဗုဒ္ဓမြတ်စွာဘုရားရှင်” နဲ့ အမြဲတွေ့နေသူတွေ)လို့ တင်စားပြီး ပီတိစကားအဖြစ်ပြောချင်ပါတယ်..။

၈။ ဗုဒ္ဓကမ္ဘာ ဆိုဒ်လေးထဲမှာ အစ်ကို့ရဲ့အခင်မင်ရဆုံးနှင့် တရားဓမ္မဆွေးနွေးဖော် မိတ်ဆွေ၊ သူငယ်ချင်း ရှိရင်လည်း ဗုဒ္ဓကမ္ဘာ မိသားစုဝင်တွေ သိအောင် မိတ်ဆက်ပေးပါလား။
 ကျွှန်တော့်မှာ မိတ်ဆွေအပေါင်းအသင်းစစ်စစ်ဆိုတာ ဘောလုံးတစ်သင်းစာတောင်မှ မရှိပါဘူး။ ဒီအသက်အရွယ်အထိ ကျွန်တော့်ကို မုန်းတဲ့သူက ပိုများလှပါတယ်။ သူတို့မုန်းနေတာ ဘာဟုတ်ဦးမလဲ..ခင်ဗျာ။  ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်တောင် မုန်းနေတာ ကြာလှပေါ့။ 

၉။ အစ်ကို့ရဲ့လက်ရှိ အလုပ်အကိုင်လေးနဲ့ အလုပ်လုပ်တဲ့အခါ ဘယ်လိုမျိုး ကြိုးစားအားထုတ်မူတွေ ပြုလုပ်ပြီး ကြိုးစားနေသလဲ ဆိုတာလေးကို အများသိအောင်လည်း ပြောပြပေးပါလား။
၁၉၉၆-၁၉၉၇-ပေါ့ဗျာ- ဂီတအနုပညာသမားဘ၀ကိုပဲ ခံယူတော့မယ်ဆိုပြီးတော့ အိမ်ကထွက်လာခဲ့တယ်..။ (အဖေ့လက်သီးက “စနေ၊ တနင်္ဂနွေ” ပိတ်ရက်မရှိဘူး။) စဉ်းစားကြည့်ဗျာ- “ဂီတအနုပညာသမားဆိုလို့ (DRUMSတီးသူဆိုလို့) မြန်မာပြည်မှာ ဘယ်သူကမှကြောက်မသွားဘူး၊ ဘယ်သူမှလေးစားမသွားဘူး၊ ဘယ်သူကမှတန်ဖိုးမထားဘူး… ဆိုတဲ့ကြားထဲမှာ ” (ကျွန်တော်..နှစ်နှစ်ဆယ်နီးပါး) ကိုယ့်ရင်ဘတ်နဲ့ကိုယ် လယ်ထွန်ပြီးး.နေ..နေရတာပါ..။ ပရိယေသန.. အလုပ်မျိုးစုံ.. လုပ်ကိုင်နေကြတဲ့.. လူဦးရေ.. သန်းပေါင်းများစွာကြားထဲမှာ. ကျွန်တော်က… DRUMMERသမား (အနုပညာရှင်ဂီတသမား)အဖြစ် လုပ်ခွင့်ရခဲ့လို့.. ဒီဘ၀အတွက်.. ကျေနပ်ဂုဏ်ယူလိုက်ပါရဲ့..။ ဂီတအနုပညာရှင်ဖြစ်ဖို့က.. အချောင်ရခဲ့တာမဟုတ်ပါဘူး.. ဘ၀..နဲ့လဲယူခဲ့ရတာပါ..။ ဂီတကို ခံစားတတ်တဲ့အရွယ်ကတည်းက.. DRUMSတီးသူကလွဲပြီး တစ်ခြားဘာမှမဖြစ်ချင်ခဲ့ဘူး။ဂီတအနုပညာရှင်ဆိုတာ… တကယ်တော့… ကြေးစားလူမိုက်ပါပဲ..။ အရင်းအနှီးများသလောက်… ကြေးများများမရခဲ့ပါဘူး..။ အရူးတွေကို ခွင့်လွှတ်သလို ..ခွင့်လွှတ်ခံခဲ့ရခြင်းသာ.. အများဆုံးရဖူးတဲ့ကြေးပါပဲ..။

၁၀။ “ဘာမှ မဟုတ်တာ ပဲရှိတယ်၊ ဘာမှ မရှိတာပဲ ဟုတ်တယ်”ဆိုတဲ့ ဆောင်ပုဒ်လေးကတစ်မျိုးပဲ ဆန်းသစ်ပါတယ်။ အဲ့ဆောင်ပုဒ်လေးအပေါ် အစ်ကို့ရဲ့ အမြင်လေးကို ရှင်းပြပေးပါလား။
 “ဘာမှမဟုတ်တာပဲရှိတယ်၊ ဘာမှမရှိတာပဲဟုတ်တယ်”ဆိုတဲ့ ဆောင်ပုဒ်ကလေးက- အမရပူရမြို့၊ ဗားကရာကျောင်းတိုက်၊ ဗိမာန်ရတနာကျောင်းမှ မူလဓမ္မဆရာတော် “အရှင်ဝိဇယ”ရဲ့ ဆောင်ပုဒ်လေးပါ။ ကြိုက်လွန်းလို့ပါ။ လို-တို-ရှင်း-သဘောမျိုးရှင်းပြရရင်- (၃၁)ဘုံမှာရှိနေဖြစ်နေသမျှ အလုံးစုံသောတရားတွေဟာ “အ၀ိဇ္ဇမာနပညတ်” “၀ိဇ္ဖမာနပညတ်” နှစ်မျိုးနှုတ်လိုက်ရင်၊ (သို့မဟုတ်) “မူလပျက်သုည”ကို နားလည်သဘောပေါက်သွားရင် စက္ကန့်မခြား “ဖြစ်ပျက်”နေတဲ့ သဘောမျှသာကျန်ပါတော့တယ်။ အဲဒီစက္ကန့်မခြား“ဖြစ်ပျက်”နေတာကို “အနိစ္စ, ဒုက္ခ , အနတ္တ , ”ရှုလျှင်တော့“ ၀ိညာဏ်သိဝိပဿနာ” ခေါ်ပါတယ်။ ဘာကြောင့် “၀ိညာဏ်သိဝိပဿနာ”လို့ ခေါ်ရလဲဆိုတော့ “ဖြစ်နိုင်ပျက်နိုင်တဲ့ အနှစ်သာရရှိနေတယ် ထင်နေခြင်းကြောင့်” “သန္တတိဖြစ်စဉ်ပျက်စဉ်ကို ထိုးထွင်းမသိသောကြောင့်” ဖြစ်ပါတယ်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ- “အ၀ိဇ္ဇာ ပစ္စယာ ရူပသမုဒယော” စသည်ဖြင့် “ရုပ်အကြောင်း”ကို “အ၀ိဇ္ဇာ, တဏှာ, ကံ, အာဟာရ,” လို့လာပါတယ်။ “နာမ်ရဲ့အကြောင်း”ကိုလည်း “အ၀ိဇ္ဇာ, တဏှာ, ကံ, ဖဿ”လို့လာပါတယ်။ “အ၀ိဇ္ဇာ”တရားဟာ “အမှန်မသိတဲ့အလုပ်”ကိုပဲ လုပ်ပါတယ်။ ရုပ်-နာမ်(၂)ပါးကိုဖြစ်စေတဲ့ “ဗျာပါရ”အလုပ်ကိုမလုပ်ပါဘူး။ “အ၀ိဇ္ဇာ”ကိုယ်တိုင်သည်ပင်လျှင် “ရုပ်-နာမ်(၂)ပါးမရှိဘဲနဲ့ ကိုယ်ပိုင်စွမ်းအားဖြင့် အမှန်ကိုဖုံးလွှမ်းနိုင်တဲ့သတိ” မရှိပါဘူး။ ဒါကြောင့်“အကြောင်း အ၀ိဇ္ဇာ”တရားသည် “အဗျာပါရအနတ္တ” တရားဖြစ်ပါတယ်။ “အ၀ိဇ္ဇာ”တရားသည် “ဖြစ်စေ”ဆိုတဲ့ သတ္တိမပါလို့ “အဗျာပါရ”၊ ကိုယ်ပိုင်စွမ်းအား “အတ္တသာရ” မရှိသောကြောင့် “အနတ္တ”ပါ။ ဒါကြောင့် “အဗျာပါရအနတ္တ” တရားဖြစ်ပါတယ်။ “တဏှာ”တရားဟာ“ လိုချင်တဲ့အလုပ်”ကိုပဲ လုပ်ပါတယ်။ ရုပ်-နာမ်(၂)ပါးကိုဖြစ်စေတဲ့ “ဗျာပါရ”အလုပ်ကိုမလုပ်ပါဘူး။ ကိုယ်ပိုင်စွမ်းအားဖြင့် ရပ်တည်နိုင်တယ်ဆိုတဲ့အထင် အ၀ိဇ္ဇာမပါဘဲ တဏှာဖြစ်လို့မရတဲ့အတွက်ကြောင့် “အနတ္တ”ပါ။ တဏှာအကြောင်းတရားသည် “အဗျာပါရအနတ္တ”တရားသာဖြစ်ပါတယ်။ “ကံ, အာဟာရ, ဖဿ” အကြောင်းတရားတွေနဲ့ (၃၁)ဘုံရှိတဲ့ အကြောင်းအကျိုးတရားတွေကို “အဗျာပါရအနတ္တ”တရားအဖြစ် နားလည်လက်ခံ၊ ကျင့်ကြံ၊ ရှုမှတ်နိုင်လာရင်.. “ဘာမှမဟုတ်တာပဲရှိတယ်၊ ဘာမှမရှိတာပဲဟုတ်တယ်”ဆိုတဲ့ ဆောင်ပုဒ်ကလေးရဲ့ အဓိပ္ပါယ်ကို ပိုမိုနားလည်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

၁၁။ ဒါနဲ့စကားမစပ် အစ်ကို့မှာ ဘ၀လက်တွဲဖော် ချစ်သူရှိနေပြီလား မိတ်ဆက်ပေးပါအုံး။ မရှိသေးရင်လည်း စိတ်ကူးထဲက ရည်မှန်းထားတဲ့ အစ်ကို့ရဲ့ ဘ၀လက်တွဲဖော်ပုံစံလေးနဲ့ အချစ်အပေါ် အမြင်က ဘယ်လိုလေးဖြစ်မလဲ။ (ဒီမေးခွန်းလေးကတော့ မဆိုင်ပေမယ့် နဲနဲစပ်စုတာ :P )
 ဒီအသက်အရွယ်ကြီးကျမှ အချစ်အကြောင်းတွေလည်း ပြောမနေပါရစေနဲ့တော့ ငါးမန်းတွေပေါတဲ့ ပင်လယ်ပြင်ကြီးထဲ တစ်ခါတည်းသာ ခုန်ချလိုက်ချင်ပါရဲ့။ ထားပါတော့ ခင်ဗျာ…။ ဖားရိုက်တဲ့.. ကိစ္စလေးကို ဗန္တုလသွေး မသုံးပါရစေနဲ့။

၁၂။ အစ်ကို့ရဲ့ အကြိုက်ဆုံး အစားအစာ၊ ပစ္စည်း၊ အရောင်၊ ၀ါသနာ ပါတာလေးတွေက ဘာများဖြစ်မလဲ ဆိုတာ သိခွင့်ရှိမလား။
အထက်က မေးခွန်းအတိုင်းပဲဖြေပါရစေ “ဖားရိုက်တဲ့..ကိစ္စလေးကို ဗန္တုလသွေး မသုံးပါရစေနဲ့..”

၁၃။ သူသူငါငါ ကိုးကွယ်ကြတဲ့ ဘာသာတွေအများကြီးရှိတဲ့အထဲကမှ ဗုဒ္ဓဘာသာကို အစ်ကို့အနေနဲ့ ယုံကြည်ကိုးကွယ်ရတဲ့အကြောင်း ဘာသာရေးနဲ့ပတ်သက်လို့ အစ်ကို့ရဲ့ ကိုယ်ပိုင်အတွေးအမြင်လေးကိုလည်း နားထောင်ချင်ပါတယ်။
မိဘတွေကမိရိုးဖလာ ဗုဒ္ဓဘာသာဝင်ပါ။ ဒါကြောင့်ကျွန်တော်လည်း မိဘသွန်သင်မှုကြောင့် အလိုလိုပဲ ဗုဒ္ဓဘာသာဝင်ဖြစ်လာတာပါပဲ။ သို့သော်- ဗုဒ္ဓဘာသာအကြောင်း ဘာမှမသိပါဘူး။ အသက်(၂၇)နှစ်ပြည့်တဲ့အချိန်မှာ- ပထမဦးဆုံးအကြိမ် တရားစတင်အားထုတ်ခဲ့ဖူးပါတယ်။ အဲဒီတော့မှ- ဘဂဝတာ-မြတ်စွာဘုရား သွာက္ခာတော-ကောင်းစွာ ဟောကြားအပ်တော်မူသော၊ ဓမ္မော- တရားတော်သည်။
၁။ သွာက္ခာတော- ကိလေသာငြိမ်းကြောင်း ကောင်းမွန်မှန်ကန်စွာ ဟောကြားတော်မူအပ်သော တရားတော်မြတ်ပါပေတကား။
 ၂။ သန္ဒိဋ္ဌိကော- ကျင့်ကြံအားထုတ်လျှင် မျက်မှောက်ကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်မြတ်ပါပေတကား။
၃။ အကာလိကော- အချိန်အခွင့် မဆိုင်းလင့်ဘဲ အသင့်လက်ငင်း ချက်ချင်း အကျိုးပေးတတ်သော တရားတော်မြတ်ပါပေတကား။
၎။ ဧဟိပဿိကော- "လာပါ၊ကြည့်လှည့်ပါ" ဟု ကျင့်ကြံအားထုတ်ရန် ဖိတ်မန် တိုက်တွန်းထိုက်သော တရားတော်မြတ်ပါပေတကား။
 ၅။ ဩပနေယျိကော-မိမိသန္တာန်၌တည်အောင် ကျင့်ဆောင်ထိုက်သော တရားတော်မြတ်ပါပေတကား။
 ၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ-တရားမြင်သိသည့် ပညာရှိရှစ်ပါး အရိယာများသာလျှင် ကိုယ့်တရားနှင့်ကိုယ် အသီးသီး သိမြင်ခံစားရသော တရားတော်မြတ်ပါပေတကား။
ဆိုတာ ရှင်းရှင်းလင်းလင်းကိုယ်တိုင်ကျင့်ကြံသိနဲ့ သိခဲ့ရပါတယ် ခင်ဗျာ..။

၁၄။ အွန်လိုင်းပေါ်က သူငယ်ချင်းတွေရဲ့ ခင်မင်မူတွေအပေါ်မှာ အစ်ကို့အနေနဲ့ ယုံကြည်မူရှိလား။
 ကျွန်တော့်သဘောကတော့ ရခဲလှတဲ့လူ့ဘ၀ကို ရလာကြတဲ့လူလူချင်း- တန်ဖိုးထားတဲ့အနေနဲ့ (ကိုယ်လိုစိတ်မျိုးပဲထင်ပါတယ် ဆိုတဲ့စိတ်နဲ့) အပြည့်အ၀-ယုံကြည်ပါတယ်။ အွန်လိုင်းမှာရော၊ အပြင်မှာတွေ့ပြီးခင်ရတာရော ဘယ်လိုမိတ်ဆွေမဆို ကျွန်တော် ဖက်က ဟန်မဆောင်တတ်ပါဘူး။ ဒီအတိုင်းပဲ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပေါင်းပါတယ်။ (ရင်ဘတ်ချင်းဂျက်ပင်ထိုး ပေါင်းတယ်ခေါ်မလားပေါ့ဗျာ) ဗီဇကိုက ပျော်ပျော်နေတတ်ပါတယ်။ (အပေါ်ယံပကာသနကို သာမက်မောတတ်တဲ့- စုန်းပြူးတစ်ချို့ကလွဲရင်) ရာခိုင်နှုန်း(၉၀)လောက်ကတော့ ကျွန်တော်အပေါ် စိတ်အရင်းအတိုင်းပြန်လည်တုံ့ပြန် ခင်မင်ရင်းနှီးတတ်ကြပါတယ်။

၁၅။ အစ်ကို့အနေနဲ့ ဗုဒ္ဓစာပေ၊ ဘာသာရေးဗဟုသုတလေးတွေကို အတော်စုံစုံလင်လင်လေး ရေးသားမျှဝေနေတာတွေ့ရလို့ ပိုစ့်လေးတွေကို အခြားမန်ဘာဝင်တွေအတွက် ရေးသားမျှဝေပေးရတဲ့ အစ်ကို့ ရဲ့ ခံစားချက်လေးကရော။
 “ဗုဒ္ဓမြတ်စွာဘုရားရှင်”ကတော့-
“ဗုဒ္ဓေါဗောဓေယျံ”=သစ္စာတရားကို ငါသိသလိုဝေနေယျတို့ သိစေရမည်။
“မုတ္တောမောစေယျံ”=ဘ၀အနှောင်အဖွဲ့မှ ငါလွတ်သလို လွတ်စေရမည်။
“တိဏ္ဏောတာရေယျံ”=သံသရာဝဲဂယက်မှ ငါကူးမြောက်နိုင်သလို ဝေနေယျတို့ ကူးမြောက်နိုင်စေရမည်တဲ့..
 ကျွန်တော်ကတော့ ပါးပါးလေးပါ…။
ကိုယ်ဖတ်ဖူး၊သိဖူးတာလေးတွေကိုလူငယ်တွေသိစေချင်တာတစ်ခုပါပဲ။
(ကျွန်တော်ကအရမ်းဆိုးခဲ့တဲ့သူဖြစ်ခဲ့လို့ ကျွန်တော့်လိုမဖြစ်စေချင်လိုပါ)

 ၁၆။ ဘာသာရေးနှင့် ဓမ္မဗဟုသုတတွေကို ဘယ်အချိန်ကတည်းက လေ့လာလိုက်စားခဲ့တယ် ဆိုတာလေးကိုလည်းပြောပြပေးပါ့လား။
အပေါ်မှာဖြေထားခဲ့သလိုပါပဲ။ မိဘတွေက မိရိုးဖလာမိဘသွန်သင်မှုကြောင့် အလိုလိုပဲ ဗုဒ္ဓဘာသာဝင်ဖြစ်လာတာပါပဲ။ လေးနက်တဲ့အသိမျိုးဆိုတာကတော့ “မူးလို့တောင်ရှု စရာမရှိ၊ ညောင်းလို့တောင်မှ မှီစရာမရှိပါ” ၁၉၉၆-ခုနှစ်မှာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ခရိုင်အတွင်းမှာရှိတဲ့ NightClubများမှာ(၈)နှစ်ကြာ ဂီတအနုပညာ(Drumsတီးခတ်ခြင်း)နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ခဲ့ပါတယ်။ အခုကတော့မူဆယ်မြို့က “TOPStudio”မှာတေးစီးရီးများ (ရှမ်း၊ကချင်၊ ပလောင်၊ တရုတ်၊ စသည်ဖြင့်)တီးခတ်တာ၊ Showပွဲများ တီးခတ်က အသက်မွေးဝမ်းကျောင်းပြုလျှက်ရှိပါတယ်။ ဇာတိမြို့ကလေးကို -၂၀၀၁-ခုနှစ်ပြန်ဖြစ်တဲ့အခါမှာ သူငယ်ချင်းမိန်းခလေးတစ်ဦး (ဓမ္မလမ်းကြောင်းမှန်ပေါ်ရောက်အောင် ပို့ပေးခဲ့တဲ့ ကျေးဇူးရှင်ဖြစ်ပါတယ်၊ “ဥမ္မာ”လို့ခေါ်ပါတယ်။ မြောင်းမြသူပါ)  “ကမ္ဘာ့ဝိပဿနာဆရာကြီး ဦးဂိုအင်ကာ” တရားစခန်းဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ “၁၄-၅-၂၀၀၁ရက်နေ့”မှ “၂၄-၅-၂၀၀၁ရက်နေ့”အထိ (ပထမအကြိမ်) (၁၀)ရက်တရားစခန်းကို “မြောင်းမြမြို့”မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံးသောတရားပြဆရာကြီးကတော့ “ဆရာကြီးဒေါက်တာခင်မောင်အေး”ဖြစ်ပါတယ်။ (ဆရာကြီးက အင်္ဂလန်မှ ခွဲစိတ်အထူးကုဆရာဝန်ကြီးဖြစ်ပြီးတော့ (စာရေးဆရာမကြီး- အမေလူထုဒေါ်အမာရဲ့ မောင်အရင်း
လဲဖြစ်ပါတယ်)
အဲသလိုနဲ့ပဲ-
 ဒုတိယအကြိမ်-(၁၀)ရက်တရားစခန်းကို-(၂၂-၃-၂၀၀၇)မှ(၂-၄-၂၀၀၇)-  “ဓမ္မမဟိမာ(ပြင်ဦးလွင်)”
တတိယအကြိမ်-(၁၀)ရက်တရားစခန်းကို-(၁၀-၁၀-၂၀၀၇)မှ(၂၁-၁၀-၂၀၀၇)-  “ဓမ္မမဟိမာ(ပြင်ဦးလွင်)”
စတုတ္ထအကြိမ်-(၁၀)ရက်တရားစခန်းကို-(၂၅-၅-၂၀၀၈) မှ (၅-၆-၂၀၀၈)-  “ဓမ္မလာဘ(နမ့်ခမ်း)”
ပဉ္စမအကြိမ်-(၈)ရက်“သတိပဋ္ဌာန်”တရားစခန်းကို-(၁၂-၁၀-၂၀၀၈)မှ(၂၀-၁၀-၂၀၀၈)-  “ဓမ္မမဏ္ဍလ(မန္တလေး)”
ဆဋ္ဌမအကြိမ်-(၁၀)ရက်တရားစခန်းကို-(၉-၁-၂၀၀၉) မှ (၁၉-၁-၂၀၀၉)-  “ဓမ္မဇောတိ(ရန်ကုန်)”
သတ္တမအကြိမ်-(၁၀)ရက်တရားစခန်းကို-(၁၉-၉-၂၀၀၉)မှ(၂၉-၉-၂၀၀၉)-  “လွယ်တိန်ခမ်း(မူဆယ်)”
အဋ္ဌမအကြိမ်-(၁၀)ရက်တရားစခန်းကို-(၁၈-၇-၂၀၁၂)မှ(၂၉-၇-၂၀၁၂)-  “ဓမ္မမဟိမာ(ပြင်ဦးလွင်)”
ရက်ရှည်တရားပတ်အနေနဲ့-
ပထမအကြိမ်-(၂၀)ရက်တရားစခန်းကို-(၉-၅-၂၀၀၉) မှ (၃၀-၅-၂၀၀၉)-  “ဓမ္မမကုဋ(မိုးကုတ်)”
ဒုတိယအကြိမ်-(၃၀)ရက်တရားစခန်းကို-(၁-၅-၂၀၁၀) မှ (၁-၆-၂၀၁၀)-  “ဓမ္မမကုဋ(မိုးကုတ်)”
ဒုလ္လဘရဟန်းဝတ်ခြင်း(၇)ကြိမ်-တစ်ကြိမ်ဝတ်လျှင်(၁၀)ရက်-
(ဒုလ္လဘရဟန်းဝတ်တိုင်း-(၁)တိစိဝရတ်ဓုတင်(၂)ဧကာသသနိက်ဓုတင်(၃)ပတ္တပိုဏ်ဓုတင်(၄)နိသဇ်ဓုတင်-ကို အမြဲကျင့်ကြံအားထုတ်ပါသည်။)
ပထမအကြိမ်တရားအားထုတ်ပြီးတဲ့အခါ မှစ၍ အရက်၊ ဆေးလိပ်၊ကွမ်း၊ မူးယစ်ဆေးဝါးအားလုံး တစ်ပြိုင်နက်ဖြတ်လိုက်တာ ဒီနေ့ အထိပါဘဲ။ သမ္မာအာဇီဝစစ်စစ်နဲ့ ရှာဖွေရရှိလာတဲ့ငွေကြေးများကို-
(၁)ပိဋကတ်(၃)ပုံ(CD-RAM-သာသနာရေးဝန်ကြီးဋ္ဌာနထုတ်)များလှူဒါန်းခြင်း။(၄ကြိမ်-ရှိပါပြီ)
(၂)ဘာသာခြောက်မျိုးပါ ပိဋကတ်(၃)ပုံ(CD-ROM-ကမ္ဘာ့ဝိပဿနာဆရာကြီးဦးဂိုအင်ကာမှထုတ်)များလှူဒါန်းခြင်း။
(၃ကြိမ်ရှိပါပြီ)
(၃) ဓမ္မရောင်ခြည်တရားအလှူတော်လုပ်ငန်းဖွင့်လှစ်ခြင်း။
(ဓမ္မစာအုပ်များ၊ဓမ္မတရားခွေMP-3,VCD,DVDများကိုအခမဲ့ငှားရမ်း၊လှူဒါန်းခြင်း)
(၄)လူမှုအွန်လိုင်းဆိုဒ်ပေါင်း(၂၂)ဆိုဒ်တွင်“ဓမ္မဘာသာရေးဘလော့ဘ်များ”ရေးသားမျှဝေဓမ္မဒါနပြုခြင်း။
စတဲ့လုပ်ငန်းတွေလုပ်ပြီး-ဗုဒ္ဓမြတ်စွာဘုရားကို ကျေးဇူးဆပ်နေပါတယ်။

၁၇။ အစ်ကို့ ရဲ့ဘဝမှာ လေးစား အားအကျရဆုံး ပုဂ္ဂိုလ်က ဘယ်သူများဖြစ်မလဲ။
 “ဗုဒ္ဓမြတ်စွာဘုရားရှင်” (“သုမေဓာရှင်ရသေ့” ဘ၀ကတည်းကကြည်ညိုတာ..)

၁၈။ အစ်ကိုဖတ်ရူခဲ့ဖူးတဲ့ ဘာသာရေးစာပေတွေထဲကမှ အစ်ကိုဖတ်ရတာအားရကျေနပ်မူရှိတဲ့ အကြိုက်ဆုံးနဲ့ အားလုံးဖတ်သင့်တယ်လို့ထင်တဲ့ စာအုပ်ကောင်းလေးများရှိရင်လည်း လမ်းညွှန်ပေးစေချင်ပါတယ်။
 “ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ”(ဓမ္မာစရိယ-ဦးဋ္ဌေးလှိုင်)

၁၉။ အစ်ကိုအနေနဲ့ ဘာသာရေးစာပေတွေတော်တော်များများလည်း ရေးသားမျှဝေခဲ့ပြီးပြီဆိုတော့ ဆိုဒ်အသုံးပြုနေသူ ဘာသာရေးစာပေလေးတွေကို ရေးသားမျှဝေနေတဲ့ ညီအစ်ကိုမောင်နှမတွေကို အကြံပေးချင်တာလေးများရှိရင်။
“ဆုံးမသမျှနားထောင်
ကျန်းမာအောင်သတိပြု
သိမှုအတွက်ကြိုးစား
ဝတ္တရားကျေပွန်စေ
ကွက်လပ်တွေမရှိစေနဲ့..။”လို့…
ဆရာတော်ကြီးတစ်ပါး..က ဆုံးမဘူးတယ်..။

အဓိက ကတော့ ဗျာ-
မျက်စိရှိမှ မြင်နိုင်တယ်။ဉာဏ်ရှိမှ သိနိုင်တယ်။
မျက်စိက မြင်ရုံမြင်နိုင်တယ်။မသိဘူး။
ဉာဏ် က မြင်လည်းမြင်၊သိ လည်းသိ တယ်….တဲ့..။
ထေရ၀ါဒဗုဒ္ဓဘာသာဝင် လူတစ်ယောက်မှာ အရေးကြီးတာက ဉာဏ်ပညာနဲ့ သာသနာကိုချစ်သော နှလုံးသားရှိနေဖို့ပဲလေ။ ဒီနှစ်မျိုးရှိနေရင်.. “မဟတ္တ မဂန္ဒီကြီး”လို. “လန်ကွတ်တီ”ပဲ.. ၀တ်နေ၀တ်နေ အဖိုးတန်သလိုပေါ့..။ အဲဒီနှစ်မျိုး (ဉာဏ်ပညာနဲ့.. သာသနာကိုချစ်သော.. နှလုံးသား) မရှိလို့ကတော့.. “သိကြားမင်း”လို ၀တ်ထားထား.. အလကားပါပဲ..ခင်ဗျာ..။

၂၀။ အခု လက်ရှိ ဗုဒ္ဓသာသနာတော်ရဲ့ အနေထားဟာ တိုးတက်လာတယ်လို့ ပါသလား( သို့) ဆုတ်ယုတ်နေတယ်လို့ ယူဆပါသလား အဲဒီအပေါ်မှာ အစ်ကိုအမြင်လေးလည်း မျှပါအုံး။
 လိုရင်းအချက်ကလေး တစ်ခုပဲပြောပြချင်ပါတယ်။ (ရှုထောင့်တစ်ခုထဲအမြင်ပါ၊ ကျန်တာတော့ ဆက်စဉ်းစားပေါ့ဗျာ)
 ၁၃၁၀-ခုနှစ်။ (၃-၂-၁၉၄၉)(ပထမအကြိမ်)မှ ၁၃၇၁-ခုနှစ်။ (၁၃-၁၂-၂၀၀၉/၂၀၁၀) (၆၂)ကြိမ်မြောက်“ တိပိဋကဓရ- တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ”အထိ
၁။တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရ(၁၂)ပါး။
၂။တိပိဋကဓရ ဘွဲ့ရ(၃)ပါး ပေါ်ထွန်းခဲ့ပါတယ်..။
 ကိုင်းးး…ဘယ်ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံမှာ ဒီလို“သုတဗုဒ္ဓ”များရှိသတုံးး…ဗျာ…။

၂၁။ဗုဒ္ဓကမ္ဘာဆိုဒ်လေးမှာ အလှူပွဲလေးတွေကျင်းပဖြစ်ခဲ့တာ အခုနဲ့ဆိုလေးကြိမ်ရှိပြီဆိုတော့ ဆိုဒ်အက်ဒမင်တစ်ယောက်အနေနဲ့ အလှူပွဲလေးတွေကို အခုလိုကျင်းပပေးရတဲ့အပေါ် ခံစားချက်လေးက ဘယ်လိုများဖြစ်မလဲ။
ချီးမွှမ်းခြင်းကိုလည်းမတောင်းတ၊ ကဲ့ရဲ့ခြင်းကိုလည်းမကြောင့်ကြပဲ ဟုတ်မှန်ပြီး … အကျိုးရှိတဲ့အလုပ်ပဲဆိုပြီး ရဲရဲဝံ့ဝံ့ကိုလုပ်ခဲ့တဲ့.. ဗုဒ္ဓကမ္ဘာသာသနာဟိတအသင်းမှ ဓမ္မမိတ်ဆွေအက်ဒ်မင်များဖြစ်တဲ့ “ကိုလှိုင်ကျော်ထွေး” “dimplemet(စောသဇင်-မန္တလေး)” အစပြုတဲ့.. အားလုံးသော ဓမ္မမိတ်ဆွေသူတော်ကောင်းများရဲ့ “စေတနာ, သဒ္ဓါ, ပညာ,” အားတွေကြောင့် ကျွန်တော်တို့တစ်တွေ ပါရမီကုသိုလ်ထူးတွေရကြပါတယ်..လို့ပဲဆိုပါရစေ။

၂၂။ အစ်ကိုအနေနဲ့ ဗုဒ္ဓကမ္ဘာမိသားစုနဲ့အတူ အလှူပွဲကို ဘယ်နှကြိမ်လောက်တက်ရောက်ဖူးခဲ့လဲ အလှူပွဲကိုကိုယ်တိုင် တက်ရောက်လှူဒါန်းခဲ့ရတဲ့အပေါ် ၀မ်းသာပီတိစကားလေးလည်း ကြားချင်ပါတယ်။
အလှူပွဲ(၄)ကြိမ်မှာ(၂)ကြိမ်ပါဝင်ခဲ့ပါတယ်။ (ရန်ကုန်မှာပြုလုပ်တဲ့(၂)ကြိမ် ကိုတော့ တပည့်တွေပဲလွှတ်ထားတာပါ။:P) မူဆယ် နဲ့ မန္တလေး ဒီ(၂)ကြိမ်မှာပဲ ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။ သံသရာဘ၀အဆက်ဆက်မှာ အတူတကွပြုဖူးကြတဲ့ အထုံရေစက်ကုသိုလ်တွေပါလို့ အခုလို ဗုဒ္ဓကမ္ဘာရဲ့ ဓမ္မမိတ်ဆွေသူတော်ကောင်းတွေနဲ့ အတူလှူဒါန်းဒါနပြုကြရတာပါ။ လူကိုယ်တိုင်အပြင်မှာ တွေ့ခွင့်ရတာကလည်းရခဲတဲ့ အခွင့်အရေးတစ်ခုပါပဲ။ နန်းတော်ရှေ့ဆရာတင်ရဲ့ သီချင်းတစ်ပုဒ်လိုပေါ့လေ… “အသက်ရှည်ရှည်ခင်ခင်မင်မင်။ လက်ရည်တစ်ပြင်တည်း၊ ရှေးကထက် ပိုလို့ချစ်ကြတယ်”..တဲ့..။ (အသားအရောင်ခွဲခြားမှု ခံရတာတော့ မတတ်နိုင်ဘူးဗျာ- ၀ဋ်ကြွေးဘဲ)

၂၃။ အစ်ကို့အနေနဲ့ စိတ်ညစ်တဲ့အချိန်၊ ပျော်ရွှင်တဲ့အချိန်တွေမှာ ဘယ်လိုအပြုအမူလေးတွေ လုပ်ဆောင်တက်ပါသလဲ။
 “စိတ်ညစ်”တာပဲဖြစ်ဖြစ်၊“ပျော်ရွှင်”တာပဲဖြစ်ဖြစ်  ဘာမှသုံးစားမရပါဘူးဗျာ။
“ဖြစ်ပြီးပျက်တဲ့ ဖြစ်ပျက်”။“ဖြစ်ရင်းပျက်တဲ့ ဖြစ်ပျက်”။“ဖြစ်တာအားလုံးမူလပျက်ဆိုတဲ့ ဖြစ်ပျက်” ။ဒါမျိုးတွေချည်းပါဘဲ။

၂၄။ မိဘတွေရဲ့ သွန်သင်ဆုံးမမူတွေကနေတစ်ဆင့် အစ်ကို ရရှိထားတဲ့ အမွေအနှစ်လေးများရှိရင် ပြောပြပါလား။
အဖေကတော့- ကျွန်တော့်ကိုဆုံးမဖူးတယ်- “ချီးကျူးဂုဏ်ပြုစရာဆိုလို့ တံဆိပ်ခေါင်းတစ်လုံးရဲ့ ကျောဘက်မှာတောင်မှ ပြည့်အောင်ရေးစရာမရှိတဲ့ကောင် မဖြစ်စေနဲ့ကွ”….တဲ့…။
အမေကတော့- “ပိုက်ဆံဆိုတာ ဘဏ်ကထုတ်တဲ့ အသစ်ကျပ်ချွတ်ပဲဖြစ်ဖြစ်၊ အမှိုက်ပုံကကောက်ရတဲ့ အဟောင်းအနွမ်းပဲဖြစ်ဖြစ်၊ သုံးလို့ရသလိုမျိုး…  အဖိုးတန်တဲ့သူဖြစ်ပါစေ” လို့  ကျွန်တော့်ကို   ပြောဆိုဆုံးမဖူးတယ်။

၂၅။ ရည်မှန်းချက်တွေ အောင်မြင်လာတဲ့တစ်နေ့မှာ အများအကျိုးပြု (လူမူရေးလုပ်ငန်း) တွေအနေနဲ့ ဘယ်လိုလေးတွေလုပ်ချင်လဲဆိုတာ ပြောပြပေးပါလား။
လူတိုင်း“တရားဓမ္မ”ကို စိတ်အေးလက်အေး လက်တွေ့ကျင့်ကြံအားထုတ်လို့ရအောင် ဘက်ပေါင်းစုံကကူညီပံ့ပိုးပေးချင်တယ်။ ဗုဒ္ဓရဲ့အလိုတော်ကျနဲ့အညီပေါ့..။ “မြတ်စွာဘုရားကောင်းစွာ သေချာဟောထားတဲ့ တရားဒေသနာတွေကို ကောင်းစွာနာကြားပြီး အဲဒီတရားနဲ့အညီ သေချာကျင့်ကြံတဲ့သူတွေသာ ကူးမြောက်နိုင်ဖို့ခဲ့ယဉ်းတဲ့ သေမင်းရဲ့နေရာသံသရာဒီဘက်ကမ်းကိုကူးမြောက်ကျော်လွန်ပြီး နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းကို ဆိုက်ရောက်နိုင်ကြပါတယ်”…တဲ့။
 (မူရင်းပါဠိတော်လေးကတော့….
ယေ စ ခေါ သမ္မဒက္ခာတေ၊ ဓမ္မေ ဓမ္မာနုဝတ္တိနော။
တေ ဇနာ ပါရမေဿန္တိ၊ မစ္စုဓေယျံ သုဒုတ္တရံ။…ပါ..ခင်ဗျာ..)
အဲသလို ဖြစ်အောင် လုပ်ပေးချင်ပါတယ်။

၂၆။ အင်တာနက်အသုံးပြုသူ ညီအစ်ကိုမောင်နှမတွေအတွက် အစ်ကိုပြောချင်တဲ့ စကားလက်ဆောင်လေးရှိရင် ပြောပြပေးပါလား။
 “အပ္ပမာဒေန သမ္ပာဒေထ”

၂၇။ အစ်ကို့ဘဝမှာ  အမြဲတမ်းလက်ကိုင်ထားကျင့်သုံးခဲ့တဲ့ ဆောင်ပုဒ်လေးများရှိရင် ဗုဒ္ဓကမ္ဘာ မိသားစုကြီးအတွက် ပညာပေးအနေနဲ့ စကားလက်ဆောင်အဖြစ် လက်ဆင့်ကမ်းပေးပါလား။
 "ကိုယ့်နေ့တွက် ကိုယ်ရတာ
ကိုယ့်လုပ်အားခ ကိုယ်ရတာ
ကိုယ်အားထုတ်ရင် ကိုယ်ရမှာ
ကိုယ့်အတွက် ကိုယ့်ဝေစုကို ရအောင်ယူကြ..။”
 (မောင်းထောင်မြေဇင်းတောရဆရာတော်ဘုရားကြီး)

၂၈။ ဗုဒ္ဓကမ္ဘာဆွေးနွေးခန်း (ချက်ခန်း)လေးမှာ ဘာသာရေးစာပေတွေ ဆွေးနွေးကြတဲ့အပေါ် အစ်ကိုဖြစ်စေချင်တာ ပြောချင်တာလေးများရှိရင်လည်း ပြောပေးပါအုံးအစ်ကို။
 “ဗုဒ္ဓမြတ်စွာဘုရားရှင်”က- “အရှင်မဟာကဿပမထေရ်”ကို ရဟန်းဖြစ်ဖို့သြ၀ါဒပေးတုံးက “ကဿပ-ချစ်သားကဿပ ဣမသ္မိံ ဓမ္မ၀ိနယေ- အံ့ဖွယ်ရှစ်ဖြာ- ငါဘုရားရဲ့သာသနာတော်မှာ ယံ ကိဥ္စိ ဓမ္မံ- အကြင်တစ်ပါးပါးသော တရားဘယ်သူပဲဟောဟော၊ ဟောသမျှတရားတွေကို (ဘယ်လိုနာရမလဲဆိုတော့) ကုသလူပ သံဟိတံ- ကုသိုလ်နဲ့စပ်တဲ့ တရားမှန်သမျှကို အဋ္ဌိံကတွာ- အမြတ်တနိုးပြု၍ သုကောယျာသိ- နားထောင်လိုက်စမ်းပါ”..တဲ့..။ ရဟန်း၊ရှင်၊လူ… ဘယ်သူတွေပဲဟောဟော- အမည်နာမတွေခေတ္တဖယ်ခွါလိုက်၊ ကုသိုလ်နဲ့စပ်တဲ့စကားတွေပဲလို့ သဘောထားပေးပါ။ “ညီင်္ညီတင်တရား”နဲ့ “အရှင်ဆန္ဒာဓိကတရား” ဘယ်တရားနာမလဲဆိုရင် “အရှင်ဆန္ဒာဓိကတရား”နာမယ်… ဖြစ်သွားမှာပေါ့..။ အမည်နာမပုဂ္ဂလတွေကြည့်ကုန်မှာပေါ့ “ဓမ္မ”ကိုမကြည့်တော့ဘူး။ ဖြစ်တတ်တဲ့သဘောကိုပြောပြတာခင်ဗျ..။ ကြားဖူးကြလားတော့မသိဘူး။
တစ်ခါက“လယ်ပိုင်ရှင်တစ်ဦး”က “နွား”ကျွေးဖို့ “မြက်”သွားရိတ်တယ်၊ မြက်ရလာတော့သူ့ရဲ့ ဆိုင်းထမ်းထဲထည့်တယ်။ တစ်ဖက်ကပြည့်သွားပြီ။ နောက်တစ်ဖက်အတွက် မြက်ကမရတော့လို့ အလေးချိန်မမျှတာနဲ့ပဲ မြက်ရှိတဲ့ ဆိုင်းထမ်းတစ်ဖက်နဲ့ အလေးချိန်တူတဲ့ ကျောက်တုံးတစ်တုံးရှာပြီးလွတ်နေတဲ့ ဆိုင်းထမ်းတစ်ဖက်ကိုထည့်တယ်။ ပြီးတော့ ထမ်းသွားတယ်။ လမ်းမှာမောတော့ ဇရပ်တစ်ခုဝင်နားတယ်။ ဇရပ်ပေါ်ကလူတစ်ယောက်ကပြောတယ်။ “ခင်ဗျားကျောက်ခဲကြီးကို ဖယ်လိုက်ပါလား”..တဲ့..။ “မြက်ထုံးကိုတစ်ဝက်ခွဲပြီး ဒီဘက်ထဲပြောင်းထည့်ုလိုက်ရင် ခင်ဗျားသက်သာသွားမှာပေါ့”.. လို့ပြောတယ်။ အဲဒီလူပြောသလိုလုပ်ပြီးထမ်းသွားတော့ အတော်ဟန်ကျသွားတယ်။ ကျောက်တုံးကြီးလည်း မသယ်ရတော့ဘူး၊ တစ်ဝက်သက်သာတယ်။ ဒီလိုအကြံဉာဏ်ကောင်းတွေ ပေးနိုင်တာတော်ရုံတန်ရုံ လူ၊ တော်ရုံတန်ရုံမျိုးရိုး ဘယ်ဟုတ်နိုင်ပါ့မလဲ၊ ဆိုပြီးပြန်မေးကြည့်တယ်။ “ခင်ဗျားဘယ်အမျိုးအနွယ်ကလဲ?  ခင်ဗျားဘယ်သူလဲ?” လို့မေးတယ်။ ဟိုက…..“ကျုပ်ဘယ်သူမှမဟုတ်ဘူး၊ ကျုပ်က သူတောင်းစား..။ ဒီဇရပ်ခဏ၀င်နားနေတာ..” အဲဒီလိုလဲဆိုရော မြက်ထမ်းတဲ့သူ ဘာလုပ်တယ်မှတ်လဲ..။ မြက်ထုံးကြီးတစ်ဘက်မှာ ပြန်တင်၊ ကျောက်တုံးကြီးကိုလည်း တစ်ဘက်မှာပြန်တင်ပြီး ထွက်သွားတယ်။ “သူတောင်းစားပေးတဲ့အကြံ  ဘယ်တော့မှမယူဘူး”လို့လဲ ပြောသွားသေးတယ်။ ဘယ်သူနာမလဲ၊ ဘယ်သူပင်ပန်းမလဲဆိုရင်.. သူပဲနာမယ်၊ သူပဲပင်ပန်းမှာပေါ့။ ဘယ်အပေါ်မှာ သောင်တင်သွားလို့လဲ..၊ “သူတောင်းစား”ဆိုတဲ့ နာမပညတ်အပေါ် သောင်တင်သွားလို့ပါ။ ဆိုလိုတာက…“ဓမ္မ”ကိုသာ အလေးဂရုပြုစေချင်ပါတယ် ခင်ဗျာ။

၂၉။ နောက်ဆုံးမေးခွန်းလေးအနေနဲ့ ဗုဒ္ဓကမ္ဘာဆိုဒ်လေးရဲ့ အင်တာဗျူး ကဏ္ဍလေးကနေတစ်ဆင့် ဆိုဒ်တည်ထောင်သူ ကိုကောင်းမြတ်မင်းနဲ့အတူ တာဝန်ရှိသူအက်ဒမင်တွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် အစ်ကို့အနေနဲ့ လိုအပ်မယ်ထင်တာလေးတွေရှိမယ်ဆိုရင် ဝေဖန်အကြံပြုစကားလေးကိုလည်း ကြားချင်ပါတယ်။
 “ပိန္နဲစေ့ လေး” တစ်စေ့ ရတယ်ဆိုပါစို့..။
“ကိုယ်ကျိုးရှာသမား”-က “မီးဖုတ်စား”လိုက်တာ..။
“ကိုယ်ကျိုးစွန့်သမား” က “အပင်ပြန်စိုက်တာ”..ခင်ဗျ..။
 “ဗုဒ္ဓကမ္ဘာ” ဆိုတာ   အပင်ပြန်စိုက်ထားတယ်…လို့ပဲ မြင်ထားပါတယ်..။
 (“တောက်တဲ့”လို့အော်နေတာကို “ဘာကောင်လဲ” လို့ မေးနေစရာမလိုပါဘူး ဗျာ..။)

၃၀။ အခုလို မအားလပ်တဲ့ ကြားကနေ ညီမ မေးသမျှကို ပြန်လည်ဖြေကြားပေးတဲ့ အစ်ကို ညီညီတင် ကို ညီမ နှင့်တကွ ဗုဒ္ဓကမ္ဘာ မိသားစုကြီးက အထူးကျေးဇူး တင်ရှိပါတယ် ။
 ကျွန်တော့်အနေဖြင့်လည်း -
မေးခွန်းလေးများမေးပေးတဲ့ ညီမလေး “တောသူမလေး” ကို၎င်း၊
ဖတ်ရှုပေးကြကုန်သော “ဗုဒ္ဓကမ္ဘာဓမ္မမိတ်ဆွေများအားလုံး”ကို၎င်း၊
ကျေးဇူးတင်ထိုက်သူအားလုံးကို၎င်း-
အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျား။
ချမ်းသာပါစေ-အေးငြိမ်းပါစေ
သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ကြပါစေ..။
ဘ၀တုသဗ္ဗမင်္ဂလံပါ ခင်ဗျာ..။
သင့်
ကလျာဏ မိတ္တ
(ည.ည.တ)
(စာကြွင်း-
ဖတ်ပြီးတော့မှ- “ဘာမှလဲ မဟုတ်ပါဘူးကွာ”လို့   အပြောခံရဖို့… ကျွန်တော်… ဘယ်လောက်ကြိုးစားထားရတယ် မှတ်လဲ..)

ဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမများအားလုံးလည်း တောသူမလေးနဲ့ အစ်ကိုညီညီတင်တို့ရဲ့ အင်တာဗျူးအစီအစဉ်လေးကို ဖတ်ရူလိုက်ကြရလို့ သိစရာ မှတ်စရာ တွေးစရာလေးတွေ ရရှိသွားကြမယ်လို့ထင်ပါတယ်ရှင်။ နောက်ဆက်လက်တင်ဆက်ပေးမယ့် အင်တာဗျူးအစီအစဉ်တွေမှာလည်း ဘယ်လိုမေးခွန်းလေးတွေနဲ့အတူ ဘယ်မန်ဘာဝင်တွေက ပြန်လည် ဖြေကြားပေးသွားဦးမလဲဆိုတာကို စောင့်မျှော်ဖတ်ရူအားပေးကြပါအုံးလို့ ပြောကြားရင်းနဲ့ ဗုဒ္ဓကမ္ဘာအင်တာဗျူးကဏ္ဍလေးမှ နူတ်ဆက်လိုက်ပါရစေရှင်။ တောသူမလေးတင်ဆက်ပေးတဲ့ ဗုဒ္ဓကမ္ဘာအင်တာဗျူးအစီအစဉ်လေးကို ဖတ်ရူအားပေးကြသော ညီအစ်ကိုမောင်နှမများအားလုံးကို တောသူမလေးနှင့်အတူ ဗုဒ္ဓကမ္ဘာမိသားစုမှ ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။ 

No comments:

Post a Comment