မြတ်ဗုဒ္ဓဒေသနာတော်သည် သစ္စာအားဖြင့် -
(၁) သမ္မုတိသစ္စာ၊
(၂) ပရမတ္ထသစ္စာဟူ၍ (၂)ပါး အပြားရှိသည်။
သမ္မုတိသစ္စာ
လူတို့ ခေါ်ဝေါ်သတ်မှတ်ချက်အရ မှန်ကန်ခြင်းသည် “သမ္မုတိသစ္စာ” မည်၏။
ထိုသမ္မုတိသစ္စာဟူသည် လူတို့ခေါ်ဝေါ်ပြောဆိုနေကြသော ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ လူ၊ နတ်၊ ဗြဟ္မာ၊ မင်း၊ ပုဏ္ဏား၊ ယောက်ျား၊ မိန်းမ အစရှိသော အမည် ပညတ်တို့ ဖြစ်သည်။
ယင်းအမည်ပညတ်တို့သည် ပရမတ္တသဘာဝအားဖြင့် အမှန်ထင်ရှား မရှိကြသော်လည်း လောကလူသားများက အညီအညွတ် ခေါ်ဝေါ်သတ်မှတ်ထားကြ၏၊ သတ်မှတ်ချက်အရ အမှန်တရားများပင် ဖြစ်၏၊ ထို့ကြောင့် ယင်းအမည်ပညတ်တို့ကို သမ္မုတိသစ္စာဟု ခေါ်သည်။
ဤသမ္မုတိသစ္စာသည် မုသာဝါဒမဖြစ်၊ (တစ်ဘ၀အတွက် အခါခါဖြစ်ခြင်း၊ ချုပ်ခြင်းမရှိဘဲ တစ်သက်လုံးခိုင်မြဲနေသော အတ္တဟူသည် ဧကန်အမှန်ရှိ၏၊ ဇီဝမည်သည် ဧကန်အမှန်ရှိ၏ဟု ပြောဆိုကြသောစကားသည် လူအများတို့ ပြောရိုး ဆိုရိုးအတိုင်း ပြောဆိုကြသောကြောင့် ပြောဆိုသောသူမှာ မုသာဝါဒမဖြစ်၊ တစ်ဦး တစ်ယောက်ကိုမျှ လှည့်စားခြင်းမဖြစ်ပေ။) ဗြဟ္မာ၊ လူ၊ နတ်၊ မင်း၊ ပုဏ္ဏား၊ ယောက်ျား၊ မိန်းမစသည်ဖြင့် ခေါ်ဝေါ်ပြောဆိုခြင်းသည် လောကလူသားတို့ သတ်မှတ်ချက်အတိုင်း အမှန်ကိုပြောဆိုခြင်းဖြစ်သောကြောင့် မုသာဝါဒမဖြစ်၊ တစ်ဦးတစ်ယောက်ကိုမျှ လှည့်စားမူလည်း မဖြစ်ပေ။
ပရမတ္ထသစ္စာ
ပင်ကို သဘာဝဖြင့် မှန်ကန်ခြင်းသည် ပရမတ္ထသစ္စာမည်၏။
ထိုပရမတ္ထသစ္စာဟူသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သတိပဋ္ဌာန်း၊ သမ္မပ္ပဓာန် အစရှိသောတရားများ ဖြစ်သည်။ ယင်းပရမတ္ထ တရားတို့သည် ပင်ကိုသဘာဝ ပရမတ္တအားဖြင့် ထင်ရှားရှိသော အမှန်တရားများ ဖြစ်၏။ ထို့ကြောင့် ယင်းပရမတ္ထတရားတို့ကို ပရမတ္ထသစ္စာဟု ခေါ်သည်။
ဤပရမတ္ထသစ္စာသည် အမှားမြင်စေတတ်သော ၀ိပလ္လာသတရား၏ ဆန့်ကျင်ဘက်ဖြစ်၏၊ ဤပရမတ္တသစ္စာတရားကို သိမှသာလျှင် ၀ိပလ္လာသ အသိမှား အမြင်မှား အမှတ်မှားတရားကို ပယ်နိုင်၏၊ ၀ိပလ္လာသတရားကို ပယ်နိုင်မှသာလျှင် သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်နိုင်ပေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Monday, 14 November 2011
သစ္စာ (၂) ပါး
အမျိုးအစား/ကဏ္ဍ
သစ္စာ(၂)ပါးဆိုင်ရာသိမှတ်ဖွယ်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment