လောကတွင် သက်ဝင်လူပ်ရှားနေကြသော လူသားအားလုံးတို့သည် ယခု ပစ္စုပ္ပန်ဘ၀၌ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ်ဟူသော ခန္ဓာငါးပါးကို ရရှိထားကြ၏။ ထိုရရှိထားသော ခန္ဓာငါးပါးကို ငါပိုင်ဖြစ်၏၊ ငါဖြစ်၏ စသည်ဖြင့် ထင်မှတ်နေကြသည်။ ထို့ကြောင့်ပင် ဤခန္ဓာ ငါးပါးကို အစဉ်သဖြင့် တွယ်တာနေကြသည်၊ စွဲလမ်းနေကြသည်၊ တစိုက်မတ်မတ် မက်မောနေကြသည်။
ဤခန္ဓာကိုယ်ကို တွယ်တာစွဲလမ်းနေမူကို တဏှာလောဘဟုခေါ်သည်။ “ဤတဏှာကား ခန္ဓာကိုယ်ကို ဘ၀အဆက်ဆက်ဖြစ်ပေါ်နေအောင် တည်ဆောက်နေပါတကား”ဟု မသိနိုင်ကြချေ။ ခန္ဓာငါးပါးကိုလည်း ဒုက္ခခဲဟု မသိနိုင်ကြ၊ သိဖို့ရန်လည် အလွန်ပင် ခဲယဉ်းလှပေသည်။
ဤလောကဓါတ်တခွင်ဝယ် တရားအားလုံးကို သိတော်မူသော သဗ္ဗညုတဉာဏ်သခင် ဘုရားရှင်ပွင့်တော်မူလာ၍ သစ္စာလေးပါးမြတ်တရားကို ဟောကြားတော်မူသဖြင့် သတ္တ၀ါများ သစ္စာလေးပါးတရားတို့ သိခွင့်ရလာခဲ့ကြသည်။ ယင်းသစ္စာလေးပါးကား -
(၁) ဒုက္ခသစ္စာ - ဆင်းရဲအမှန်
(၂) သမုဒယသစ္စာ - ဆင်းရဲကြောင်းအမှန်
(၃) နိရောဓသစ္စာ - ငြိမ်းအေးရာအမှန်
(၄) မဂ္ဂသစ္စာ - ငြိမ်းအေးရာသို့ရောက်ကြောင်း လမ်းကောင်းအမှန်တို့ဖြစ်သည်။
သစ္စာလေးပါးတွင် လောကီခန္ဓာငါးပါး ရုပ် နာမ်တရားသည် ဒုက္ခသစ္စာဖြစ်၏။ ထိုဒုက္ခသစ္စာကို သိရမည်။ လောကီခန္ဓာငါးပါး ရုပ် နာမ်တရားကို တွယ်တာသည့် တဏှာလောဘသည် သမုဒယသစ္စာဖြစ်၏။ ထိုသမုဒယသစ္စာကို ပယ်ခွာရမည်။ ယင်းတဏှာငြိမ်းအေးရာ နိရောဓသစ္စာကို မျက်မှောက်ပြုရမည်၊ ဆိုက်ရောက်ရမည်။ တဏှာငြိမ်းရာ နိရောဓသစ္စာသို့ ဆိုက်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်ဖြစ်သော မဂ္ဂသစ္စာကို ပွားများရမည်ဟု ဟောပြထားပေသည်။
တရားတော်ကို နာကြားရသည့် ဝေနေယျတို့၏ အသိဉာဏ်၌ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ဒုက္ခတုံး၊ ဒုက္ခခဲကြီးပါတကား၊ ဖြစ်ပြီးလျှင် ပျက်ကြမှာပါတကားဟု သိမြင်လာကြသည်။ ဤကဲ့သို့ သစ္စာလေးပါးကို သိသော အသိဉာဏ် ရင့်ကျက်လာပါက လိုချင်မူ ရာဂမီး၊ စိတ်ဆိုးမူ ဒေါသမီး၊ မသိမူ မောဟမီး၊ ပဋိသန္ဓေနေမူ ဇာတိမီး၊ အိုမူ ဇရာမီး၊ ပျက်စီးသေဆုံးမူ မရဏမီး၊ စိုးရိမ်မူ သောကမီး၊ ငိုကြွေးမူ ပရိဒေ၀မီး၊ ကိုယ်ဆင်းရဲမူ ဒုက္ခမီး၊ စိတ်ဆင်းရဲမူ ဒေါမနဿမီး၊ ပြင်းထန်စွာပူလောင်မူ ဥပါယာသမီး ဟူသော မီး(၁၁)ပါးတို့သည် ငြိမ်းအေးကုန်ခမ်းသွားပေမည်။
ဤမီး (၁၁)မီး ငြိမ်းအေးကုန်ခမ်းသွားခဲ့သော် သတ္တာလောက၊ သြကာသလောက၊ သင်္ခါရလောကဟူသော လောက (၃)ပါးမှ လွတ်မြောက်သွားပေတော့သည်။
ဤသို့ သစ္စာလေးပါးနည်းဖြင့် လောကသုံးပါးမှ လွတ်မြောက်ရာ၌ -
(၁) လောကီခန္ဓာငါးပါး ရုပ် နာမ်တရားတို့သည် ဒုက္ခတုံး၊ ဒုက္ခခဲပါတကားဟု သိမြင်ခြင်းသည် ဒုက္ခသစ္စာကို သိမြင်မူပင်ဖြစ်၏။
(၂) ဤလောကီခန္ဓာငါးပါး ရုပ် နာမ်တရားပေါ်၌ တွယ်တာမူ တဏှာလောဘသည် သမုဒယသစ္စာမည်၏။ ယင်းတဏှာလောဘကို ပယ်ခွာခြင်းသည်ပင် သမုဒယသစ္စာကို ပယ်ခွာမူဖြစ်သည်။
(၃) ဒုက္ခသစ္စာဟုသိသည်နှင့် တပြိုင်နက် လောကီခန္ဓာငါးပါးအပေါ်၌ တွယ်တာမူတဏှာ ငြိမ်းအေးသွား၏။ ယင်းတွယ်တာမူတဏှာ ငြိမ်းအေးမူသည် နိရောဓသစ္စာမည်၏။ နိရောဓသစ္စာကို ဆိုက်ရောက် မျက်မှောက်ပြုသည် မည်၏။
(၄) ဒုက္ခသစ္စာဟုသိမြင်ခြင်းသည်ပင် (သမ္မာဒိဋ္ဌိမဂ္ဂင်-) မဂ္ဂသစ္စာမည်၏၊ ယင်းအသိများဖြစ်နေခြင်းသည်ပင် မဂ္ဂသစ္စာကို ပွားများသည်မည်၏။
ဤကား သစ္စာလေးပါးနည်းဖြင့် လောကသုံးပါးမှ ထွက်မြောက်ပုံဖြစ်ပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Friday, 25 November 2011
လောကသုံးပါးမှ လွတ်မြောက်ရေး သစ္စာလေးပါးနည်းဖြင့် လောကမှထွက်မြောက်ပုံ
အမျိုးအစား/ကဏ္ဍ
လောက (၃)ပါးဆိုင်ရာသိမှတ်ဖွယ်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment