(က) ကုသိုလ်၊ အကုသိုလ် သင်္ခါရတို့နှင့် ဖြစ်ရာဘုံ ပုဂ္ဂိုလ်များ
သတ္တ၀ါတို့ ပြုလုပ်သမျှသော ကံကို ဤနေရာ၌ သင်္ခါရဟုခေါ်သည်။
ထိုသင်္ခါရတို့သည် ကုသိုလ်သင်္ခါရ၊ အကုသိုလ်သင်္ခါရအားဖြင့် နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးတွင် ကုသိုလ်သင်္ခါရသည်လည်း ကာမကုသိုလ်သင်္ခါရ၊ ရူပကုသိုလ်သင်္ခါရ၊ အရူပကုသိုလ်သင်္ခါရအားဖြင့် သုံးမျိုးပြားပြန်သည်။ ထိုတွင် -
- ကာမကုသိုလ်သင်္ခါရကြောင့် ကာမသုဂတိ (၇) ဘုံ၌ ဖြစ်ရသည်။
- ရူပကုသိုလ်သင်္ခါရကြောင့် ရူပ (၁၆) ဘုံ၌ ဖြစ်ရသည်။
- အရူပကုသိုလ်သင်္ခါရကြောင့် အရူပ (၄) ဘုံ၌ ဖြစ်ရသည်။
- အကုသိုလ်သင်္ခါရကြောင့် အပါယ် (၄) ဘုံ၌ ဖြစ်ရသည်။
ဤကား ကုသိုလ်၊ အကုသိုလ်ကံဟူသော သင်္ခါရလောကနှင့် (၃၁)ဘုံဟူသော သြကာသလောကတို့ ဆက်သွယ်ပုံဖြစ်ပါသည်။
အပါယ်လေးဘုံ၌ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်များသာ ဖြစ်ကြရသည်။
လူ့ဘုံနှင့် စာတုမဟာရာဇ်ဘုံတို့၌ သုဂတိအဟိတ်၊ ဒွိဟိတ်၊ တိဟိတ် ပုထုဇဉ်ပုဂ္ဂိုလ် (၃)ယောက်၊ အရိယာပုဂ္ဂိုလ် (၈)ယောက် အားဖြင့် (၁၁)ယောက် ဖြစ်ကြရသည်။
တာဝတိံသာ စသောနတ်ပြည် (၅) ဘုံ၌ ဒွိဟိတ်၊ တိဟိတ် ပုထုဇဉ် (၂)ယောက်၊ အရိယာ (၈)ယောက်အားဖြင့် (၁၀) ယောက်ဖြစ်ကြရသည်။
ဗြဟ္မပါရိသဇ္ဇာဘုံမှစ၍ ဝေဟပ္ဖိုလ်ဘုံတိုင်အောင် ဗြဟ္မာ (၁၀) ဘုံ၌ တိဟိတ် ပုထုဇဉ်နှင့် အရိယာ (၈)ယောက်အားဖြင့် (၉) ယောက်သော တိဟိတ်ပုဂ္ဂိုလ်တို့ ဖြစ်ကြရသည်။
အသညသတ်ဘုံ၌ သုဂတိအဟိတ်ပုဂ္ဂိုလ်သာ ဖြစ်ရသည်။
သုဒ္ဓါဝါသ (၅) ဘုံ၌ အနာဂါမိဖိုလ် (အနာဂါမ်) ပုဂ္ဂိုလ်၊ အရဟတ္တမဂ် ပုဂ္ဂိုလ်၊ အရဟတ္တဖိုလ် (ရဟန္တာ) ပုဂ္ဂိုလ် (၃) ယောက်တို့သာ ဖြစ်ကြရသည်။
အရူပ (၄) ဘုံ၌ သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်မှတပါး အရိယာ (၇)ယောက်၊ တိဟတ်ပုထုဇဉ် (၁) ရောက်အားဖြင့် (၈)ယောက် ဖြစ်ကြရသည်။
ဤကား (၃၁)ဘုံဟူသော သြကာသလောကနှင့် ပုဂ္ဂိုလ် (၁၂)ယောက်ဟူသော သတ္တလောကသို့ ဆက်သွယ်ပုံ ဖြစ်ပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Sunday, 20 November 2011
လောကသုံးပါး ဆက်သွယ်ပုံ
အမျိုးအစား/ကဏ္ဍ
လောက (၃)ပါးဆိုင်ရာသိမှတ်ဖွယ်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment