တလောကလုံး ညွတ်ရုံးဦးချ၊ နိုင်းမမျှသား၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား၊ ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်။ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည့်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည် လောကကျင့်ရာ၊ အကျင့်မှာပိမ့်။ ။ နတ်ရွာဖို့ လုံးလုံး၊ ကျက်၍သုံး။
သားသမီးကျင့်ဝတ် ငါးပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်။ ။ ကျင့်ဖွယ်သားတို့တာ။
မိဘကျင့်ဝတ် ငါးပါးမကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်။ ။ဖခင်မယ်တို့တာ။
ညီညာထကြွ၊ ဆုံးမ နာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်။ ။ မချွတ်ငါးခုတာ။
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့ ဆရာတို့။ ။ကျင့်ဖို့ဝတ်ငါးဖြာ။
မထီမဲ့ ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်။ ။ ငါးအင်လင့်ကျင့်ရာ။
အိမ်တွင်းမူလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ။ ။ အိမ်သူ ကျင့်အပ်စွာ။
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နူတ်မြွတ်ချိုသာ သစ္စာမှန်စေ၊ ၀တ်ငါးထွေ။ ။ကျင့်လေမိတ်သဟာ။
ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင်ဝတ်။ ။ မချွတ်ငါးခုသာ။
အိပ်သော် နောက်ကျ၊ ထသော် ကားရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်။ ။ ငါးချက်ကျွန်ကျင့်ရာ။
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊ ခင်မင်နူတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ၀တ်ငါးထွေ။ ။ပြုလေဒါယကာ။
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမူ။ ။ခြောက်ခုလွန်သေချာ။
ကျမ်းသိင်္ဂါလ၊ သုတ်ဝယ်ပြ၊ သုံးဝမြတ်ဆရာ။ ။ကျင့်ဝတ်မပြေ၊ ပါယ်လေးထွေ၊ လားလေရှည်မြင့်ကြာ။ ဤသည့်ဝတ်ကုန်၊ ဆွေမျိုးစုံ။ ခြောက်ဘုံထက်နတ်ရွာ။ ။လှည်းဘီးပြင်က နားစောင့်ချသို့၊ မိဘနှင့်သား၊ မယားနှင့်လင်၊ အရှင်နှင့်ကျွန်၊ ထေရ်မွန်ဒကာ၊ မိတ်သဟာနှင့် ဆရာတပည့်၊ တည့်တည့်မချွတ်၊ ကျင့်ဝတ်စုံလင်၊ ဖြူသန့်စင်မူ၊ ရှင်လည်းမကွေ၊ သေလည်းမကွာ၊ နတ်ရွာလူ့ပြည်၊ လှည့်လည်အတူ၊ ခံစားမူ၍၊ နိဗ္ဗူရွှေပြည်၊ ၀င်အံ့သည်တည့်၊ မတည်ကျင့်ဝတ်၊ ချွတ်သူတို့မှာ၊ မလွတ်သာသည်။ ။ လေးရွာဖိုးလုံးလုံး လူဖြစ်ရူံး။
သေစာသောက်စား၊ လမ်းသွားခါမဲ့၊ ရူငဲ့သဘင်၊ ပျော်ရွှင်အန်လောင်း၊ မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား။ ။ယိုယွင်းဥစ္စာ၊ ပျက်ကြောင်းတည်း။
ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊ မလုံအင်္ဂါ၊ ပညာနည်းရှား၊ ဤခြောက်ပါးကား။ ။သောက်စားသေစာ အပြစ်တည်း။
ကိုယ့်သားမယား၊ တခြားဥစ္စာ၊ လုံရာမဲ့ရှောင်၊ မကောင်းအရာ၊ ရွံရှာလေအပ်၊ ယိုးစွပ်ရောက်မူ၊ ဆင်းရဲစု။ ။ခြောက်ခုခါမဲ့ သွားပြစ်တည်း။
ကခြင်းတလီ၊ သီခြင်းတသီ၊ မူတ်တီးတသင်း၊ ပြိန်ဖျင်းတအုပ်၊ လက်ခုပ်တစ်တည်၊ အိုးစည်တဖြာ၊ ရှိရာရှာ၍၊ ဥစ္စာပျက်မူ၊ ဤခြောက်ခုကား။ ။ကြည့်ရူသဘင် အပြစ်တည်း။
အောင်သူ ရန်ပွား၊ ရူံးသွားစိုးရိမ်၊ စည်းစိမ်လျှော့ပါး၊ တရားသဘင်၊ မ၀င်သက်သေ၊ မိတ်ဆွေနှိမ့်ဆို၊ မလိုထိမ်းမြား၊ ဤခြောက်ပါးကား။ ။ပျော်ပါးကြွေအန် အပြစ်တည်း။
ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစာကြူးမူ၊ အတုပြုငြား၊ လှည့်စားတစ်ယောက်၊ မျက်မှောက်လှည့်ချက်၊ နိုင်ထက်လုယူ၊ ဤသူခြောက်ပါး၊ မိတ်ဖြစ်လားကြောင့်။ ။ပျက်ပြား မိတ်ဆွေအပြစ်တည်း။
အချမ်းပြင်းဝှမ်၊ အလွန်ပူနိုး၊ မိုးချုပ်လှမော၊ စောလှလွန်းရောင်၊ ဆာလောင်ပြင်းပြ၊ ၀မ်းဝလွန်းထွေ၊ နေကပညာ၊ မပွားရာသည်။ ။ ခြောက်ဖြာပြင်းသူ အပြစ်တည်း။
ထကြွ, နိုးကြား, သနား, သည်းခံ၊ ဝေဖန်ကြည့်ရူ၊ ဤခြောက်ခုကား။ ။ကြီးသူကျင့်ရာ တရားတည်း။
လက်ချည်းလာ၍ ဥစ္စာဆောင်သယ်၊ အနည်းငယ်ဖြင့်သာ၊ များစွာလိုရှိ၊ ဘေးထိရောက်ခါ၊ ပြုလာတုံဘိ၊ မိမိကျိုးငှာ၊ မှီလာ ပေါင်းယှဉ်၊ လေးယောက်စဉ်ကား။ ။အညဒတ္ထုဟရတည်း။
ရှေ့ဖြစ်စေ့စပ်၊ တထပ်နောက်မှီ၊ ချည်းနှီးသင်္ဂြိုဟ်၊ ပေးလိုစဟန်၊ ပစ္စုပ္ပန်မူ၊ ပြညွှန်ပျက်ပြား၊ ဤလေးပါးကား မှတ်သား ၀စီပရမတည်း။
မကောင်းခွင့်ပြု၊ ကောင်းမူကိုလျှင်၊ ဆင်ခြင်မရူ၊ ခွင့်ပြုသည်ပင်၊ ရှေ့တွင်ချီးမွှမ်း၊ ဖုံးလွှမ်းကွယ်လျှင်၊ ကဲ့ရဲ့ချင်သည်။ ။လေးအင် ပိယဘာဏီတည်း။
မေ့လျော့စောင့်လာ၊ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက၊ နှစ်ဆဥစ္စာ၊ ချေးပေးလာသည်။ ။လေးဖြာ ဥပကာရတည်း။
လျှို့ဝှက်စကား၊ ကြားစေတုံလျက်၊ သူလျှိုဝှက်၍၊ ဘေးတွေ့မစွန့်၊ မတွန့်တိုပါ၊ သူ့ကိုညှာလျက်၊ ကိုယ့်သက်စွန့်မြောက်၊ ဤလေးယောက်အား။ မျှလောက် ချမ်းသာ ဆင်းရဲတည်း။
မကောင်းမြစ်တာ၊ ကေားရာ သွင်းထား၊ မကြား စကောင်း၊ အကြောင်းကြားလာ၊ နတ်ရွာလမ်းပြ၊ ဤလေးဝကား၊ မည်ရအတ္ထက္ခာယီတည်း။
ဥစ္စာခမ်းနား၊ မပွားသမြို့၊ မနှစ်လိုငြား၊ ပွားကရွှင်မြူး၊ ကျေးဇူးမဲ့ကို၊ ဆိုသော်တားမြစ်၊ ကျေးဇူးဖြစ်ကို၊ ဆိုသော်ချီးမွမ်း၊ သူတို့တမ်းကား။ ။မြိန်ကျွမ်းအနုကမ္ပတည်း။
အလေးအမြန်ပြုအပ်သော အရပ် ခြောက်မျက်နှာ။
အရှေ့မိဘ၊ တောင်မှဆရာ၊ နောက်မှာမယား၊ မြောက်ကားမိတ်ဆွေ၊ အောက်ခြေကျွန်များ၊ အထက်ဖျားကား၊ ပုဏ္ဏား, ရဟန်း။ ။ခြောက်ယောက်တည်း။
သောက်ထုတ် သေရက်၊ ညဉ့်နက်လမ်းသွား၊ ရူစားသဘင်၊ ပျော်ရွှန်အန်စာ၊ လေးရပ်မှာပင်၊ တကွထင်သည်။ လေးအင်ပါယ သဟဲတည်း။
လောဘ, ဒေါသ၊ မောဟကင်းလို၊ တောင်ခိုတဖြာ၊ ဆိတ်ရာငြိမ်သက်၊ ၀ဋ်မှထွက်။ ။ခြောက်ချက်လောင်းလျာ လိုတော်တည်း။
အိုခြင်းတဖြာ၊ နာခြင်းတထွေ၊ သေခြင်းတခြား၊ ကွဲပြားတတန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာနေ့ည၊ ဉာဏ်သက်ဝင်၍ ဆင်ခြင်ကြ။
သေခြင်းတစ်ပါး၊ ဤတရားကား၊ စီးပွားမြားမြောင်၊ အကျိုးဆောင်သည်။ အိုအောင်အောက်မေ့၊ စီးဖြန်းကြ။
သိင်္ဂါလောက၀ါဒသုတ်ထွက် ကျင့်ဝတ်များပြီး၏။
သစ္စာမဏ္ဍိုင် ဆယ်စောင်တွဲစာအုပ်မှ ပြန်လည်ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment