ယခုအခါ အသံဖမ်း အရိပ်ဖမ်း ဓာတ်များကို တွေ့ရသကဲ့သို့ ထို့အတူ ခန္ဓာကိုယ်အတွင်း၌လည်း ဆိုင်ရာအာရုံကို ဖမ်းနိုင်သော အကြည်ဓာတ်များ ရှိကြလေသည်။ ထိုအကြည်ဓာတ်ကိုပင် ပါဠိလို “ပသာဒ”ဟုခေါ်သည်။
မျက်လုံးအတွင်း၌ရှိသော အကြည်ဓာတ်ကို စက္ခုပသာဒဟု ခေါ်သည်။ မျက်လုံးအတွင်း မျက်နက်ဝိုင်း၏ အလယ်၌ ဤစက္ခုအကြည်ဓာတ်ပေါင်းများစွာ ပျံ့နှံ့လျက်ရှိ၏။ အမျိုးမျိုးသော အဆင်းအရောင် (ရူပါရုံ) များကို ဤစက္ခုအကြည်ဓာတ်က ဖမ်းမိသောအခါ ထိုရူပါရုံကို သိသော စက္ခုဝိညာဉ်ခေါ် မြင်သိစိတ်ဖြစ်၏။
သောတပသာဒနားပေါက်အတွင်းဝယ် လက်စွပ်ကွင်းသဏ္ဌာန်ရှိသော အရပ်၌ ပျံ့နှံ့၍နေသော အကြည်ဓာတ်များစွာကို “သောတပသာဒ”ဟုခေါ်၏။ အမျိုးမျိုးသောအသံ (သဒ္ဒါရုံ)ကို ဤအကြည်ဓာတ်က ဖမ်းမိသောအခါ၌ သောတ၀ိညာဉ်ခေါ် ကြားသိစိတ်ဖြစ်၏။
နှာခေါင်းအတွင်းဝယ် ဆိတ်သတ္တ၀ါ၏ ခွာနှင့် ပုံသဏ္ဌာန်တူသောအရပ်၌ ပျံ့နှံ့နေသော အကြည်ဓာတ်ပေါင်းမျာစွာကို “ဃာနပသာဒ” ဟုခေါ်၏။ အမျိုးမျိုးသော အနံ့ (ဂန္ဓာရုံ) များကို ဤဃာနအကြည်ဓာတ်က ဖမ်းမိသောအခါ ဃာန၀ိညာဉ်ခေါ် နံသိစိတ်ဖြစ်၏။
လျှာအလယ်ဝယ် ကြာပွင့် ကြာဖတ်များနှင့် ပုံသဏ္ဌာန်တူသော အရပ်၌ ပျံ့နှံ့တည်ရှိနေသော အကြည်ဓာတ်များစွာကို “ဇိဝှာပသာဒ”ဟုခေါ်၏။ စားသောက်သမျှအစာတွင် ပါဝင်သော အရသာ (ရသာရုံ) များကို ဇိဝှာအကြည်ဓာတ်က ဖမ်းမိသောအခါ ဇိဝှာဝိညာဉ်ခေါ် အရသာစိတ် ဖြစ်၏။
ခြောက်သွေ့သော အသားအရေကို ချန်လှပ်၍ တစ်ကိုယ်လုံး အရပ်တိုင်း၌ ပျံ့နှံ့နေသော အကြည်ဓာတ်ပေါင်းများစွာကို “ကာယပသာဒ”ဟုခေါ်၏။ ထိမိ တိုက်မိ တွေ့ထိအပ်သမျှကို (ဖောဋ္ဌဗ္ဗာရုံများကို) ဤကာယအကြည်ဓာတ်က ဖမ်းမိသောအခါ ကာယ၀ိညာဉ်ခေါ် ထိသိစိတ် ဖြစ်၏။ ဤသို့လျှင် ခန္ဓာကိုယ်၌ အကြည်ဓာတ် ၅-မျိုးရှိသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment