ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 8 November 2012

ပယောဂ၀ိပတ္တိ

ဉာဏ်ပညာကင်း၍ ဖျင်းအ ထိုင်းမိုင်းမူ၊ သတိကင်းပေါ့ မေ့လျော့မူ၊ ၀ီရိယကင်း၍ ပျင်းရိမူများသည် “ပယောဂ၀ိပတ္တိ” ချည်းတည်း။ ထို့ပြင် တစ်ယောက်အပေါ် တစ်ယောက် ဣဿာမစ္ဆရိယအားကြီးမူ အရာရာ၌ စိတ်တိုလျက် ဒေါသကြီးမူ၊ မာန်မာနကြီးမူများလည်း ကြီးပွားရေး စီးပွားရေးကို နှောက်ယှက်တတ်သဖြင့် ပယောဂ၀ိပတ္တိများပင် ဖြစ်သည်။ ယခု လူတို့ သန္တာန်၌ အကျိုးပေးခွင့် မရလျှင် မနေနိုင်လောက်အောင် ကြီးမားသော အကုသိုလ်ကံများသည် အကျိုးပေးခဲ့ပြီး ဖြစ်သည်။ ထိုအကုသိုလ်ကံကြီးများ လူတိုင်း ရှိတော့မည်မဟုတ်။ သို့သော် ပယောဂ၀ိပတ္တိ ဖြစ်နေလျှင် မကောင်းကျိုးပေးမည့် အကုသိုလ်ကလေးများကား ကိုယ်စီကိုယ်င ပါရှိကြသည်။

ဥပမာ - အမျိုးကောင်း သားသမီးများပီပီ ပညာတတ်အောင်သင်ခြင်း၊ ဥစ္စာကို တရားနည်းလမ်းအတိုင်း ရအောင် ရှာဖွေခြင်း၊ ကံ ၅-ပါးကို မကျူးလွန်ခြင်း စသည်ဖြင့် အပြစ်ကင်းအောင် နေသူတို့၌ အကုသိုလ်ကံ ပါရှိသော်လည်း ထို အကုသိုလ်ကံက အကျိုးပေးခွင့် မရတော့ချေ။ ငယ်ရွယ်စဉ်က ပညာကိုလည်း မသင်၊ ဥစ္စာရှာချိန်၌လည်း မတရားရှာဖွေ၏။ သို့မဟုတ် လုံးလုံးမရှာဘဲ နေ၏။ ကံ ၅-ပါးကိုလည်း အခါအခွင့် သင့်သလို ကျူးလွန်၏ ထိုသူ၌ ပယောဂ၀ိပတ္တိ ဆိုက်နေရကား တစ်နေ့နေ့မှာ အကုသိုလ်ကံများ ဧကန်မုချ အကျိုးပေးခွင့် ရကြပေတော့မည်။

အချုပ်ကား - အလွန်ကြီးကျယ်သော ကုသိုလ်-အကုသိုလ်ကံများမှတစ်ပါး များစွာသော ကုသိုလ် - အကုသိုလ်ကံတို့၏ အကျိုးပေးခွင့် ရမူ - မရမူမှာ ပယောဂအပေါ်၌ အခြေစိုက်လျက် ရှိရကား ပယောဂသမ္ပတ္တိ အမြဲရှိသူများ၌ (ကံဇာတာ နိမ့်ခိုက်ပင် ဖြစ်စေကာမူ) အကုသိုလ်ကံ အခွင့်မရ၍ ကုသိုလ်ကံတွေသာ အခွင့်ရကြပေသည်။ ပယောဂ၀ိပတ္တိရှိနေသူ၌ကား (ကံဇာတာ မြင့်နေတုန်း၌ “ခွေးရူးကောင်းစား တစ်မွန်းတည့်” ဆိုသလို ကောင်းစားနေစေကာမူ) တစ်နေ့မှာ အကုသိုလ်အခွင့်သာ၍ ချူနာပါတေးဘ၀သို့ နိမ့်ကျရမည်သာတည်း။ ဤအရာဝယ် ပယောဂ၀ိပတ္တိ ဖြစ်သည့်အတွက် အကုသိုလ်ကံ အခွင့်ရ၍ ပျက်စီးသူတွေကို မိမိတို့ရပ်ရွာ အနီးအပါးမှာပင် ပုံပြင်ဝတ္ထုပမာ တွေ့နိုင်ပါသည်။

ပြုပြင်၍ ရ မရ
ပြခဲ့သောဝိပတ္တိများ ဆိုက်ရောက်နေသူတို့မှာ ပြုပြင်၍ ရနိုင်သော အချက်လည်း ရှိ၊ မရနိုင်သော အချက်လည်းရှိသည်။ ရပြီးသော ဂတိဘ၀ကို ပြုပြင်၍ မရတော့ပြီ။ သို့သော် မိမိဖွားမြင်ရာ ဒေသက အောက်ကျနောက်ကျဖြစ်၍ ညံ့ဖျင်းလှသဖြင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကောင်းသဖြင့် ပဋိရူပခေါ်သော ဒေသကောင်းသို့ ရွှေ့ပြောင်းသောအားဖြင့် ပြုပြင်နိုင်သေး၏။ နိုင်ငံခြားသားတို့ မြန်မာပြည်လာ၍ စီးပွားရှာပုံ၊ ရှေးခေတ် အထက် အညာသားများအောက်ပြည်သို့ဆင်း၍ စီးပွားရှာပုံ၊ ပညာကောင်းသော ကျောင်းသို့ သွား၍ ပညာသင်ပုံမျိုးတည်း။ ထိုသို့ ပြောင်းရွှေ့သင့်သော်လည်း မိမိမှာ လူစွမ်းလူစ အရည်အချင်း ရှိမှသာ သင့်လျော်၏။ အရည်အချင်း ရှိသူများအတွက် “တစ်ရွာမပြောင်း သူကောင်းမဖြစ်”ဟု လည်းကောင်း၊ “ထိုင်နေလျှင် အကောင်းသား ထ,သွားမှ ကျိုးမှန်းသိ”ဟု လည်းကောင်း ဆိုကြသည်။

ရုပ်အဆင်း ဥပဓိလည်း များများကြီး ပြုပြင်၍ မရတော့ပြီ။ သို့သော် “လူ့အ၀တ်၊ တောင်းအကွပ်”ဟု ပြောစမှတ် ပြုသည့်အတိုင်း ၀တ်စားဆင်ယင် ပြုပြင်တတ်လျှင်ကား နဂိုဥပဓိညံ့သော်လည်း ကြည့်သာပါသေး၏။ တောသူတောသားနှင့် မြို့သူမြို့သားတို့ ကွာခြားပုံကို သတိပြုပါ။ ထို့ပြင် ဖွားမြင်ခါစ လသားအရွယ် သူငယ်များ၏ လက်ခြေအင်္ဂါတို့ အချိုးကျအောင် ဥပဓိကို ပြင်နိုင်သေး၏။ ယခုခေတ်ကာလ၌ မိခင်တို့က ပြုပြင်၍ မပေးကြသောကြောင့် တစ်ဖက်သတ် အိပ်လေ့ရှိသော ကလေးတို့၌ ဦးခေါင်း မတည့်ဘဲ စောင်းရွှဲ့နေတတ်ကြ၏။ မွေးဖွားပြီး ကလေးခါးကုန်းလျှင် ကျောအောက်၌ ပျဉ်ပြားခံပေးကာ ပြုပြင်နိုင်ပါလျက်နှင့် ပြုပြင်မပေးကြ။ အထက်ပိုင်းလေး၍ ခြေသလုံး ပေါင်ရိုးတို့ မတောင့်တင်းသေးမီ “ရပ်နိုင်ပေ့၊ ရပ်နိုင်ပေ့”ဟု အရပ်သင်ပေးကြသဖြင့် ကလေးများ ခြေခွင်နေတတ်ကြသည်။

လက် ၂-ဖက်ဖြင့် ချိုင်းအောက်ကို ပွေ့ယူ မြှောက်ချီကြသောကြောင့် ရင်ဘတ်သေးလျက် ပခုံး ၂-ဖက်လည်း သေးနေတတ်၏။ ပက်လက်ယူ၍ ချီသောအခါ တင်ပါးအထက်ခါးပေါ်မှ ကိုင်ယူ၍ ချီယူကြသောကြောင့် တင်ပါးကော့၍ နေတတ်၏။ နုနယ်သော လက်ခြေ အင်္ဂါ နှာခေါင်းများကို နဂိုက မလှသော်လည်း ပြုပြင်ပေးလျှင် အထိုက်အလျောက် ဖြောင့်စင်းလှပနိုင်လျက် ပြုပြင်၍ မပေးကြ။ သင့်မြတ်သော အစာနို့ရည်များကို တိုက်ကျွေးဖို့ရန် မနားမလည်၍ ရောဂါထူပြောလျက် ကလေးများ ရုပ်အဆင်း ပျက်ကြရ၏။ ဤအချက်များသည် မိဘဆွေမျိုးတို့၏ ပယောဂသမ္ပတ္တိ မရှိမူကြောင့် ကလေး၌ ကုသိုလ်ကံ အကျိုးပေးခွင့်သာခြင်း ဖြစ်ရကား ထိုကဲ့သို့ မဖြစ်ရအောင် မိဘလုပ်သူများက (နားလည်မူဉာဏ်၊ မပျင်းမရိမူ) ပယောဂသမ္ပတ္တိဖြင့် ပြုပြင်၍ ပေးထိုက်လှပေသည်။

ကာလသမ္ပတ္တိဖြစ်အောင်ကား “ခေါင်းဆောင်၊ မင်း” စသူတို့ ပြုပြင်မှ ဖြစ်နိုင်သောကြောင့် မိမိတစ်ယောက်တည်း ပြုပြင်လို့ မရနိုင်။ သို့သော် အင်မတန်ဆိုးရွား၍ တစ်ကမ္ဘာလုံး ပျက်ပြားနေသောအခါမဟုတ်လျှင် မင်းကောင်း၊ ခေါင်းဆောင်ကောင်းတို့ရှိရာ အရပ်ကို ရွှေ့ပြောင်းနိုင်၏။ ရပ်ရွာလူကြီး၊ ဆရာသမား၊ ဘုန်းတော်ကြီးတို့ကမူ မိမိတို့ ရပ်ရွာနယ်ပယ်၌ အထိုက်အလျောက် ကာလသမ္ပတ္တိဖြစ်အောင် ပြုပြင်နိုင်ကြပါသည်။ ဤစကားစဉ်အရ ဂတိ၊ ဥပဓိ၊ ကာလတို့ကို အကုန်မပြင်နိုင်သော်လည်း တတ်သိနားလည်လျှင် အထိုက်အလျောက် ပြုပြင်နိုင်သည်ဟု သိသာပြီ။

ပယောဂကိုကား ပြုပြင်လို့ ရလွယ်၏။ သတိ မေ့တတ်လျှင် ကြိုးစား၍ သတိထားက သတိကောင်းသူ ဖြစ်နိုင်ပါသည်။ နဂိုက ၀ီရိယ ညံ့ဖျင်းလျှင် “ငါမပျင်းဘူး”ဟု ပြုပြင်က ၀ီရိယကောင်းသူ ဖြစ်နိုင်၏။ ဒေါသကြီးလျှင် ဒေါသမဖြစ်အောင် စိတ်ပါလက်ပါ စောင့်စည်းသွားပါက အလွန်အေးမြသူ ဖြစ်နိုင်၏။ မာနကြီးလျှင်မာနကို ပြုပြင်နိုင်၏။ အသိအလိမ္မာ ဉာဏ်ပညာ မရှိလျှင် တတ်သိနားလည်သူတို့၏ စကားကို နားထောင်၍ ယခု ပြုပြင်လျှင် ယခုအလိမ္မာတွေ တိုးလာ၏။ (စာကျက်၍ မရသဖြင့် သတိမကောင်းသူဟု ဆိုကြသော်လည်း၊ ယခုကာလ ဉာဏ်မကောင်းသူဟု ဆိုကြသော်လည်း) အလိမ္မာနည်းမှာ အရမကျက်ဘဲ ဖြစ်နိုင်ပါသည်။ ဤ အလိမ္မာကို ပြုပြင်လေ့ရှိသူသည် အလိမ္မာဓာတ် လိုက်ပါလျက် တစ်သံသရာလုံး အလိမ္မာတုံး ဖြစ်နိုင်ပေသည်။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment