ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 26 November 2012

ပစ္စည်းမရ-မောင်ဒုက္ခ

သာဝတ္တိပြည်နှင့် အလှမ်းကွာသော မြစ်တစ်ခု၏ ကမ်းနားတွင် မိစ္ဆာဒိဋ္ဌိ အယူရှိသော ပုဏ္ဏားတစ်ယောက်သည် ကဆုန်လလောက်တွင် ဤနေရာ၌ စပါးစိုက်မည်ဟူသော အကြံနှင့် ကိုင်းပင်၊ မြက်ပင်တို့ကို ခုတ်ထွင် ရှင်းလင်းလျက် နေပူရှိန်ရှိန်တွင် မီးတင်ရို့ကာ လယ်လုပ်ရန်နေရာကို ရှင်းလင်းနေလေသည်။


မြတ်စွာဘုရားသည်လည်း ဤပုဏ္ဏား၏ မဂ်ဖိုလ်ရလတ္တံ့သော အကြောင်း အထောက်အပံ့ကို ဉာဏ်တော်၌ သိမြင်ထားတော်မူသည်။ သို့ရာတွင် ပုဏ္ဏားသည် ယခုချက်ချင်း တရားရနိုင်သော အကြောင်းမရှိပေ။ သူသည် လောဘတဏှာ အလွန်တိုက်တွန်း ဦးစီးနေသည်။ တရားဟောသော်လည်း စိတ်ဝင်စားနိုင်မည် မဟုတ်သည့်အပြင် တရားရနိုင်လောက်သော အထောက်အပံ့ သံဝေဂဉာဏ် တစ်ချက်လည်း ထိုပုဏ္ဏား၌ မရှိပေ။ ထိုသံဝေဂဉာဏ် အခြေမခံကလည်း ခန္ဓာ၏ သဘာဝတရားကို ရှာဖွေတွေ့နိုင်မည် မဟုတ်သဖြင့် သံဝေဂဉာဏ် ရနိုင်လောက်သော အချိန်ကို စောင့်ရဦးမည် ဖြစ်သည်။

သို့ရာတွင် ဤပုဏ္ဏားသည် ဗုဒ္ဓဘုရားကို ကိုးကွယ်ယုံကြည်သူကား မဟုတ်သဖြင့် ချက်ချင်းတရားဟော၍ မရသည်လည်းတစ်ကြောင်း အပါအ၀င်ဖြစ်သည်။ တရားရမည့်သူ၊ ကျွတ်လွတ်မည့်သူတို့အတွက် ဗုဒ္ဓဘုရား၌ တာဝန်ရှိရကား ထိုပုဏ္ဏား၏ မဂ်ဖိုလ်မျိုးစေ့ကို အောင်မာ, သန်စွမ်းအောင် ပြုလုပ်ပေးရမည့် ဘုရားရှင်သည် မိစ္ဆာဒိဋ္ဌိ ဖြစ်နေသော ထပုဏ္ဏားကို ရှေးဦးစွာ သာမန်ပုဂ္ဂိုလ်တစ်ဦးအနေနှင့် သိကျွမ်းမူ၊ ရင်းနှီးမူရရန် လိုအပ်ရကား ထိုပုဏ္ဏားကို မိတ်ဆွေဖွဲ့၍ ရင်းနှီးမူကို ရယူရန်အတွက် ပုဏ္ဏားလယ်ရှင်းနေရာသို့ ကြွလာတော်မူပြီးလျှင် ...

(ဗြာဟ္မဏကိံ ကရောသိ)
“ပုဏ္ဏား၊ ဘာလုပ်နေသလဲ”

ဗုဒ္ဓဘုရားကပင် စတင်၍ နူတ်ဆက်စကား ပြောလေရ နေပူထဲတွင် မီးရို့နေသော ပုဏ္ဏားက အသံလာရာသို့ ကြည့်သောအခါ ဗုဒ္ဓဘုရားကို မြင်လေလျှင်...

(ခေတ္တံ ဘော ဂေါတမ သောဓေမိ)
“လယ်လုပ်ဖို့ ရှင်းလင်းနေပါတယ် ရှင်ဂေါတမ”

ဝတ်ကျေတန်းကျေ နူတ်ဆက်သူရှိ၍သာ နူတ်ဆက်ရသည် သူ့အလုပ်ကိုပင် ချက်ချင်း ပြန်၍ လုပ်သည်။ ဆက်လက်၍လည်း စကားပြောရန် သူ့မှာ အချိန်မရ။ သို့ဖြင့် ဘုရားရှင်လည်း စကားတစ်လုံး စ,ထား ရသည်ကိုပင် သဘောကျလှသည်။ နောက်လည်း လယ်ယာနှင့် ပတ်သက်သော ကိစ္စအထွေထွေ အလုပ်ရူပ်လျက်ရှိသည်။

သို့နှင့် ၀ါဆိုလလောက် ရောက်သည်တွင် ပုဏ္ဏားလယ်ထွန်လေပြီ။ ဗုဒ္ဓဘုရားလည်း မပြတ်မပြတ် ဉာဏ်တော်ဖြင့် လေ့လာလျက်ရှိရာ တစ်နေ့သော် ထိုပုဏ္ဏား လယ်ထွန်ရာသို့ ဘုရား ကြွတော်မူလာပြန်သည်။ မြတ်စွာဘုရားသည် ပုဏ္ဏား၏ နောက်ကရပ်လျက်...

(ဗြာဟ္မဏကိံ ကရောသိ)
“ပုဏ္ဏား၊ ဘာလုပ်နေသလဲ”

ထုံးစံအတိုင်း စကားတစ်လုံးပဲမေးသည်။ ပုဏ္ဏားလည်း နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဘုရားကိုတွေ့၍...

(ခေတ္တံ ကသာမိ ဘော ဂေါတမ)
“လယ်ထွန်နေပါတယ် ရှင်ဂေါတမ”

ဟု တစ်လုံးသာ ပြောပြီး သူ့ကိစ္စသူ လုပ်မြဲပင် လုပ်နေသည်။ သူအလုပ်လုပ်ရာသို့ အလုပ်အကိုင် မလုပ်သောသူက စကားလာပြောနေသည်ဟူ၍ပင် ထင်ချင်လည်းထင်မည်ဖြစ်၍ ဘုရားလည်း စကားတစ်လုံးသာမေးပြီး ပြန်ကြွပြန်သည်၊ ဤသို့ဖြင့် ၀ါခေါင်လလောက် ရောက်လာသည်၊ ထိုအချိန်တွင် ပုဏ္ဏားမှာ လယ်အတွက်ထွန်ယက်ပြီးပြီဖြစ်၍ စပါးစိုက်ရန်အတွက် ပြင်ဆင်လေပြီ၊ ထိုအကြောင်းကို သိသော မြတ်စွာဘုရားသည် ပုဏ္ဏား လယ်စိုက်ရာနေရာသို့ ကြွလာလျက်...

(ဗြာဟ္မဏကိံ ကရောသိ)
“ပုဏ္ဏား ဘာလုပ်နေသလဲ”

ဟု မေးသောအခါ ပုဏ္ဏားမှာ အခုတိုင်းလို မဟုတ်တော့ဘဲ မျက်နှာရွှင်ပျစွာနှင့်

(ခေတ္တံ ၀ပါမိ ဘော ဂေါတမ)
“လယ်စိုက်နေပါတယ် ရှင်ဂေါတမ”

ဟု ပြန်ကြား ပြောဆိုသောအခါ ဗုဒ္ဓဘုရားလည်း ပြန်လှည့်ကြွတော်မူမည့်ဆဲဆဲ...

ပုဏ္ဏားက....

“အရှင်ဂေါတမ၊ သင်သည် အကျွန်ုပ် စပါးစိုက်ရန် လယ်ကွင်းရှင်းသောအခါမှစ၍ ကျွန်ုပ်ကို လာမေးသည်၊ နောက်လည်း ဆက်ကာဆက်ကာ လာ၍လာ၍ မေးသည်။ ဤသို့ တစ်ဦးနှင့်တစ်ဦး စကားစမြည် ပြောဆိုမူ ရှိသည့်အတွက် ကျွန်ုပ်က အရှင်ဂေါတမကို ခင်မင်ပါသည်။ အရှင်ဂေါတမကလည်း ကျွန်ုပ်ကို မိတ်ဆွေကောင်းအနေ မှတ်ပါ၊ သို့အတွက် ဤစပါးပင်တို့ ကြီးထွား၍ အသီးရသောအခါ အရှင်ဂေါတမအတွက်လည်း အချိုကအ၀က် ခွဲဝေပေးပါမည်၊ အရှင်ဂေါတမအတွက် ခွဲဝေမပေးရဘဲ ကျွန်ုပ် မစားပါ”

ဟု ပုဏားက ထုတ်ဖော်မိတ်ဖွဲ့သဖြင့် မြတ်စွာဘုရားလည်း အလွန်ကျေနပ်ပေသည်၊ နောင်အခါတွင် စပါးများ အလွန်ကောင်း၍ အသီးများလည်း အလွန်များပြားစွာ သီးလေသည်။ မြတ်စွာဘုရားလည်း မိတ်ဆွေဖြစ်ပြီးပြီမို့ အချိန်ကိုငံ့လင့်ကာ နေတော်မူသည်။

ပုဏ္ဏားလည်း နတ်တော်လရောက်၍ စပါးတို့ မှည့်ဝင်လာသောအချိန်တွင် အလွန်ဝမ်းသာ ပျော်ရွှင်နေသည်။ လယ်ကွင်းရှိ စပါးများ ရိတ်သိမ်းချိန်သို့ပင် ရောက်လေပြီိ၊ ပုဏ္ဏားမှာ သူ့စပါးတွေကို အရိပ်တကြည့်ကြည့်နှင့် စပါးရိတ်ရမည့်အချိန်ကို လွန်လာသဖြင့် နတ်ဖြန်ရိတ်အံ့ဟု ညအခါတွင် စပါးရိတ် ကိရိယာတို့ကို ပြင်ဆင်းထားလိုက်၍ အိပ်သော်လည်း မပျော်နိုင်ဘဲ ရှိလေသည်။

ညသန်ခေါ်ကျော် အချိန်လောက်တွင် အခါမဲ့မိုးကြိုးရွာသွန်းလေတော့ရာ မြေပြင်တစ်ခုလုံး ရေပြည့်လျှံ သဖြင့် ကမ်းနားတွင်ရှိသော ပုဏ္ဏား၏ လယ်များပါ ရေလွှမ်းမိုးကာ ရေပြင်ကျယ်ကြီး ဖြစ်သွားလေသည်။

ပုဏ္ဏားမှာ စိုးရိမ်မူကြီးစွာနှင့် တစ်ညလုံးအိပ်မပျော်တော့ပေ။ နံနက်မိုးလင်းလျှင် လယ်ရှိရာသို့ ထွက်လာခဲ့ရာ စပါးပင်အားလုံး ရေအောက်သို့ ရောက်နေသည်ကို ကြည့်ပြီး ပြန်လာသေအာခါ ၀မ်းတွင်း၌ဖြစ်သော အပူမီးသည် နှိပ်စက်လေတော့သဖြင့် အစာအဟာရ လုံးဝမစားတော့ဘဲ အခန်းတွင်းသို့ဝင်လျက်...

“ရှင်ဂေါတမသည် ငါလယ်လုပ်ရန် ရှင်းလင်းသုတ်သင်နေသည်ကစ၍ စကားလာပြောသည်၊ ငါနှင့် မိတ်ဆွေဖြစ်ခဲ့သဖြင့် ဤလယ်မှ ကောက်စပါးတို့ရလျှင် အချို့အ၀က် ပေးမည်ဟု ငါပြောခဲ့သည်။ ယခု ငါမပေးနိုင်တော့ ငါ့မှာ အလွန်စိတ်မချမ်းမသာ ဖြစ်ရပြီ”

ဟု တွေးလျက် ပူဆွေးသည်၊ ငိုကြွေးသည်၊ မြတ်စွာဘုရားလည်း ဤအလုံးစုံကို သိမြင်ပြီးဖြစ်၍ ပုဏ္ဏား သံဝေဂဖြစ်လောက်သောအချိန်ကို စောင့်နေရင်း ဉာဏ်တော်နှင့် ထောက်ရူကြည့်လေရာ ပုဏ္ဏား၏ အဖြစ်မှန်ကို သိသဖြင့် ချက်ချင်းကြွလာတော်မူ၍ ပုဏ္ဏား၏ အိမ်တံခါးဝတွင် ရပ်လေသည်၊ ပုဏ္ဏေးမက ပုဏ္ဏားအား ရဟန်းတစ်ပါး အိမ်ရှေ့တွင် ရပ်နေကြောင်း ပြောသောအခါ ပုဏ္ဏားက လှမ်း၍ကြည့်လေလျှင် ပုဏ္ဏေးမက ဆင်း၍ပင့်ပြီး နေရာပေးပြီးသောအခါ ပုဏ္ဏေးမက အခန်းတွင်း၌ရှိကြောင်း လျှောက်ရာ ဘုရားက “ခေါ်လိုက်ပါ”ဟု ခိုင်းသောကြောင့် ခေါ်၍ ဘုရားရှေ့တော်သို့ရောက်သောအခါ ဘုရားရှင်က...

(ကိံဗြာဟ္မဏ)
“ပုဏ္ဏား ဘာလုပ်နေသလဲ”

ဟုမေးသောအခါ ပုဏ္ဏားက “သူလယ်လုပ်ရန် ရှင်းလင်းသည်ကစ၍ အရှင်ဂေါတမ လာရောက်ကြောင်း၊ နောက် မိတ်ဆွေဖြစ်ပြီး ဤလယ်မှ စပါးများရလျှင် အရှင်ဂေါတမကို အချို့တ၀က်ပေးမည်ဟု ပြောခဲ့ကြောင်း၊ ယခု မနေ့ညက မိုးကြောင့် စပါးပင်အားလုံး ရေအောက် ရောက်သွားသဖြင့် စပါးတစ်စေ့မျှ မရတော့၍ သူအလွန် စိုးရိမ်ပူဆွေးကြောင်း” ပြောပြသောအခါ ဘုရားက “ပုဏ္ဏား မင်းလယ် လုပ်ရန် ရှင်းလင်းသည်ကစ၍ ပျက်စီးမည်ကို ငါဘုရားသိခဲ့ကြောင်း၊ သို့ရာတွင် ထိုအချိန်က တားမြစ်သော်လည်း ရမည်မဟုတ်ကြောင်း၊ သို့ရာတွင် ယခု စပါးမရတော့သည့် အခါတွင် သင်အစာအာဟာရပင် မစား မသုံးရလောက်သော ကိစ္စသည် အဘယ်ကြောင့် ဖြစ်သနည်း”ဟု မေးသောအခါ ပုဏ္ဏားက “မသိကြောင်း၊ ရှင်ဂေါတမသိရင် ပြောပါ”ဟု ဆိုသောအခါ မြတ်စွာဘုရားက “ငါသိကြောင်း၊ ဤသို့ စိုးရိမ်ပူဆွေး ငိုကြွေး ရလောက်အောင် သေလောက်သော ဘေးဖြစ်အောင် အခြေအနေသည် လိုချင်မူ(တဏှာ)ကို အမှီပြု၍ ဖြစ်ရကြောင်း၊ ငါဘုရားတို့မှာ လိုချင်မူ(တဏှာ) မရှိတော့သောကြောင့် သင်ကဲ့သို့ စိုးရိမ်မူ၊ ပူဆွေး ငိုကြွေးမူလည်း မရှိတော့ကြောင်း သေရလောက်သည့် အစာအာဟာရ ဖြတ်မူလည်း မရှိကြောင်း” ဟောတော်မူလိုသောကြောင့်...

“တဏှာယ ဇာယတီ သောကော၊ တဏှာယ ဇာယတီ ဘယံ၊ တဏှာယ ၀ိပ္ပမုတ္တဿ၊ နတ္ထိသော-ကော ကုတော ဘယံ”

ဟူသော ဓမ္မပဒဂါထာကို ဟောတော်မူရာ ဒေသနာတော် အဆုံး၌ ပုဏ္ဏား သောတာပန်ဖြစ်လေသည်။ ဤသို့လျှင် မိမိတို့ လုံ့လကြိုးကုတ် အားထုတ်သော်လည်း ရချင်မှရ၊ ဖြစ်ချင်မှ ဖြစ်လေသည်။ မရခြင်း၊ မဖြစ်ခြင်း၊ စိုးရိမ်ခြင်း၊ ပူဆွေး ငိုကြွေးခြင်း၊ မြည်တမ်းခြင်း စသော ဒုက္ခအစုစု ဆင်းရဲမူတို့သည် အာရုံငါးပါး ကာမဂုဏ် တရားလျှင် အရင်းခံ အကြောင်းကြောင့် မျက်မှောက် လင်ငင်း ဆင်းရဲရသည့် ကာမဂုဏ်တို့၏ အပြစ်သာတည်း။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။


































No comments:

Post a Comment