ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 21 November 2012

အမွေဘယ်သူတောင်းမလဲ


ကမ္ဘာပေါ်ရှိ လူသားတိုင်း၊ လူသားတိုင်း မိမိတို့ မိရိုးဖလာ ယုံကြည်ကိုးကွယ်ကြသည့် ဘာသာအသီးအသီး ရှိကြပါသည်။ ထို့အတူပင် ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာကိုးကွယ်သူ၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ၊ မဟာမေဒင်ဘာသာကိုးကွယ်သူ၊ ဟိန္ဒူဘာသာကိုးကွယ်သူဟူ၍ ဘာသာကြီး ၄-မျိုးကို ကိုးကွယ်ြ်ကသူများ အများအပြား ရှိကြပါသည်။


လူတစ်ဦးတစ်ယောက် ပိုင်ဆိုင်သော အမွေပုံပစ္စည်းကို မည်သူမဆို တောင်းချင်တိုင်း တောင်း၍ မရနိုင်ပါ။ ဘာသာရေးအရလည်းကောင်း၊ ဓလေ့ထုံးတမ်းများအရလည်းကေငာ်း၊ သက်ဆိုင်သူများ ကသာ တောင်း၍ရနိုင်ပါသည်။

အဆိုပါဘာသာကြီး ၄-မျိုး ရှိသည့်အနက် တချို့သော ဘာသာကြီးများတွင် မိမိတို့၏ ရင်နှစ်သည်းချာ သားသမီးရတနာများနှင့် ပတ်သက်၍ အမွေဆက်ခံပိုင်ဆိုင်ခွင့် အခွင့်အရေးများကို ပေးအပ်ထားပါသည်။

သို့ရာတွင် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့၏ လက်ရှိလိုက်နာအသုံးပြုနေကြသည့် မြန်မာ့ဓလေ့ထုံးတမ်း အမွေခန်း တရားဥပဒေတွင် မိမိတို့၏ သားရင်းသမီးရင်းများကို သားရယ် သမီးရယ် မခွဲခြားဘဲ တန်းတူ ညီမျှ တစ်တန်းတည်း အခွင့်အရေးများ ပေးအပ်ထားပါသည်။ မိဘနှစ်ပါးမှ ပေါက်ဖွားလာကြသော သမီးများလည်း မိမိတို့မိဘ၏ အမွေပုံပစ္စည်းအရပ်ရပ်တွင် အညီအမျှပင် အမွေဆက်ခံပိုင်ဆိုင်ခွင့် ရရှိကြပါသည်။

သို့ရာတွင် သားဆိုတိုင်း၊ သမီးဆိုတိုင်း၊ သားသမီးဆိုတိုင်းတော့ မိဘ၏ အမွေကို ဆက်ခံပိုင်ခွင့် မရှိကြပါ။

မိဘ၏အမွေကို ဆက်ခံထိုက်သော သားသမီးများမှာ ရင်၌ဖြစ်သော သား(သြရသ)၊ အမွေခံသားအဖြစ် အထင်အရှားမွေးစားသောသား(ကိတ္ထိမ)၊ ကောက်၍မွေးသောသား(အပတိဋ္ဌ)၊ မယားပါလင်ပါ အထက်သား(ပုဗ္ဗက)၊ အမြှောင်မယားသား(ဟေဋ္ဌိမ)၊ ကျွန်မနှင့်သင့်နေသော မွေးဖွားသောသား(ခေတ္တဇ) ဟူ၍ သားသမီး (၆-မျိုး) ရှိပါသည်။

ထို့အတူ မိဘအမွေကို မဆက်ခံထိုက်သော သားသမီးများမှာ မိဘစကားကို နားမထောင် ခွေးနှင့်တူသောသား(သွားနုတ္တာ)၊ ၀ယ်၍ရသောသား(သဟေစ)၊ မိမိမယား သူတစ်ပါးနှင့်ရ၍ မွေးဖွားသောသား(ပုနာနဗ္ဗစ)၊ ကစားမြူးထူးရာမှရသောသား(ကိဋ္ဌိတ)၊ ထမင်းငတ်မွတ်သည့်အခါ မှီခိုလာသောသား(ဆာသောတ္တ) ဟူ၍ သားသမီး ၆-မျိုးရှိပါသည်။

မိဘအမွေကို ဆက်ခံထိုက်သော သားသမီးများသည် မိမိ မိဘ၏ ပိုင်ဆိုင်သမျှ အဖိုးတန်ရတနာ စိန်ရွေဥယျာဉ်ခြံမြေ၊ ကုမ္ပဏီ၊ အစုရှယ်ယာ စသည်နှင့် အိမ်အသုံးအဆောင်ပစ္စည်း ပရိဘောဂများပါမကျန် အညီအမျှပင် ခွဲဝေရရှိ ခံစားကြရမည် ဖြစ်ပါသည်။

“မိဘတို့၏ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၊ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကိုသာမက ကုန်ုအမှတ်တံဆိပ်သုံးစွဲခွင့်တို့ပါ သားသမီးများသည် အညီအမျှ အမွေဆက်ခံခွင့် ရှိကြသည်”ဟု မသန်းနှင့် ဦးချစ်ဆွေ ၁၉၆၁၊ မတစ လွှတ်တော်ချုပ် စာမျက်နှာ ၁၃၆ အမူတွင် စီရင် ဆုံးဖြတ်ထားပါသည်။

ထို့အတူပင် ဘာသာခြား ကိုးကွယ်သည့်မိဘ၏အဆိုပါ အမွေပုံပစ္စည်းကိုလည်း ဗုဒ္ဓဘာသာကိုးကွယ်သည့် သားသမီးများအနေဖြင့် အမွေဆက်ခံပိုင်ဆိုင်ခွင့် ရှိကြပါသည်။

“ဗုဒ္ဓဘာသာကိုးကွယ်သည့် သားသမီးတို့သည် ခရစ်ယာန်ဘာသာကိုးကွယ်သည့် မိဘအမွေကို ဆက်ခံခွင့်ရှိသည်”ဟု ဦးအရောင်နှင့် မကာကြူမွေး၊ ၁၉၆၄-ခုနှစ်၊ မတစ၊ စာမျက်နှာ ၁၁၄ အမူတွင် စီရင်ဆုံးဖြတ်ထားပါသည်။

မိဘနှစ်ပါးရှိသည့်အနက် တစ်ပါးပါး သေဆုံးသွားသောအခါတွင် သေသူမှာ အဖဖြစ်ပြီး သြရသမှာ သားဖြစ်နေလျှင် ထိုသို့ မဟုတ်ဘဲ သေဆုံးသူမှာ အမိဖြစ်ပြီး သြရသမှာ သမီးဖြစ်နေလျှင် မိဘ၏အမွေပုံ ပစ္စည်းလေးပုံတစ်ပုံကို တောင်းဆို၍ ရပိုင်ခွင့်ရှိသည်။

သို့ရာတွင် ကိတ္တိမသားသမီးများသည် သြရသသားသမီးများနည်းတူ မိဘ၏အမွေကို ဆက်ခံထိုက်သော သားသမီးများစာရင်းတွင် အတူတူပါဝင်ကြသော်လည်း သြရသသားသမီးများအဖြစ် (၀ါ) သြရသသားသမီး အခွင့်အရေးကိုတော့ မရရှိနိုင်ကြပါ။

“ကိတ္တိမသားသမီးများသည် သြရသအဖြစ် မရရှိနိုင်သောကြောင့် မိဘနှစ်ပါးအနက် တစ်ဦးသေဆုံးသောအခါ ကိတ္တိမသားသမီးများသည် သြရသရခွင့်ရှိသည့် အမွေစုမျိုးတွင် မတောင်းခံနိုင်ပေ”ဟု မောင်ဖိုးအံ့နှင့် မဒွေး၊ ၄ ရန်ကုန်၊ စာမျက်နှာ ၁၈၄ စုံညီခုံရုံးအမူတွင် စီရင်ဆုံးဖြတ်ထားပါသည်။

သြရသသားသမီးရရှိသည့် အမွေဝေစုမှာ အပြီးအပိုင်ရရှိသည့် အမွေဝေစုဖြစ်ပါသည်။ ကျန်ရစ်သော မိဘများ သေဆုံးသွားပါသော်လည်း ကာလစည်းကမ်းသတ် မကျော်လွန်သေးပါက တောင်းဆိုနိုင်ပါသည်။ သြရသကွယ်လွန်သွားလျှင် သြရသ၏အမွေအား အမွေခံများသည် သေဆုံးသွားသော မိဘ၏ အခြားသားသမီးများထံမှ အမွေကိုတောင်းဆိုခွင့် ရှိပါသည်။

“သြရသ၏ဝေစုမှာ အပြီးအပိုင်ရသည့် ဝေစုဖြစ်ရာ ကျန်ရစ်သူမိဘ သေဆုံးသွားသော်လည်း စည်းကမ်းသတ်အချိန် ၁၂-နှစ် မကျော်လွန်သေးပါက တောင်းဆိုနိုင်ပေသည်။ အကယ်၍ သြရသကွယ်လွန်သွားပါက သြရသ၏ အမွေခံအမွေစားများသည် ထိုအမွေကို တောင်းဆိုနိုင်ခွင့်ရှိပေသည်” ဟု မကြူနှင့် မောင်ရွှေကြာ၊ ၆ ရန်ကုန်၊ စာမျက်နှာ ၃၁၈ အမူတွင် စီရင်ဆုံးဖြတ်ထားပါသည်။

ထို့ကြောင့်ပင် မိဘအမွေကို ဆက်ခံထိုက်သော သားသမီးများ စာရင်းအမှတ်စဉ်(၁)ပါ ရင်၌ဖြစ်သောသား၊ အမှတ်(၂)ပါ အမွေခံသားအဖြစ် အထင်အရှားမွေးစားသောသား၊ အမှတ်စဉ်(၃)ပါ ကောက်၍မွေးစားသောသား၊ အမှတ်စဉ်(၄)ပါ မယားပါလင်ပါအဆက်သား၊ အမှတ်စဉ်(၅)ပါ အမြှောင်မယားသား၊ အမှတ်စဉ်(၆)ပါ ကျွန်မနှင့်သင့်နေရာ မွေးဖွားသောသား ဟူ၍ သားသမီး (၆)မျိုးရှိသည့်အနက် အမှတ်စဉ်(၁)ပါ ရင်၌ဖြစ်သောသား သြရသကဲ့သို့ ရထိုက်ရခွင့်ရှိသည့် အမွေဝေစုမျိုးကို အမှတ်စဉ်(၂)ပါ အမွေခံသားအဖြစ် အထင်အရှားမွေးစားသောသား ကိတ္တိမပင် မရထိုက်ပါ။

ထို့အတူ အမွေဆက်ခံထိုက်သော သားသမီး အမှတ်စဉ်(၃)၊ အမှတ်စဉ်(၄)၊ အမှတ်စဉ်(၅)နှင့် အမှတ်စဉ်(၆)တို့ရှိ သားသမီးများတို့သည်လည်း ကိတ္တမိသားသမီးနည်းတူ အမွေဆက်ခံခွင့်တော့ ရှိပါသော်လည်း သြရသသားသမီးရရှိမည့် အမွေဝေစုမျိုးကို အမွေဆက်ခံခွင့် မရထိုက်ပါကြောင်း တင်ပြအပ်ပါသည်။

ကိုးကားချက်
ဆရာဦးမြစိန်၊ ၀ိဇ္ဇာ၊ ဥပဒေ၀ိဇ္ဇာ၊ ဗဟိုတရားရုံးရှေ့နေ မန္တလေးမြို့ ရေးသား ပြုစု၍ သတ္တမအကြိမ် ပြင်ဆင်ဖြည့်စွက်ပုံနှိပ်ခြင်း၊ ၁၉၇၈-ခုနှစ်၊ မတ်လထုတ် မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေမှ ကိုးကားရေးသားခြင်း ဖြစ်ပါသည်။

လင်းမြင့် (ဥပဒေ)
၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ ၂၁-ရက် ထုတ်ဝေသော မူခင်းသတင်း (သတင်းဒိုင်ယာရီ၃) မှ ပြန်လည် ထုတ်နုတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment