အင်္ဂုလိမာလကား သာဝတ္ထိပြည် ကောသလမင်းကြီး၏ ပုရောဟိတ်ဘဂ္ဂ၀ပုဏ္ဏားနှင့် မန္တာဏီပုဏ္ဏေမ၏ သားဖြစ်၏။ အင်္ဂုလိမာလကို မွေးဖွားသောညတွင် တစ်နိုင်ငံလုံးရှိ လက်နက်များ ထူးထူးခြားခြား အရောင်တောက်ပကြ၏။ ကောသလမင်းကြီး၏ အိပ်စက်ရာ ညောင်စောင်းရှိ လက်နက်လည်း အရောင်တောက်ပသဖြင့် မင်းကြီးကြောက်ရွံ့ပြီး စက်တော်မခေါ်နိုင်ချေ။
ဖခင်ပုရောဟိတ်ကြီးကာ နက္ခတ်ကိုကြည့်ပြီး သူ၏သား ကြီးပြင်းသောအခါ လူဆိုကြီးဖြစ်လိမ့်မည်ကို သိလေသည်။ နံနက်မိုးလင်း၍ မင်းကြီးထံ သွားရောက်စဉ် မင်းကြီးက ပုရောဟိတ်ကြီးအား လက်နက်အရောင်တောက်ပခြင်း၏ အကျိုးအပြစ်ကို မေးလျှင် ပုရောဟိတ်ကြီးက -
“အရှင်မင်းကြီးအတွက် စိုးရွံ့ဖွယ်မရှိပါ” ဤယနေ့ ကျွနိုပ်အိမ်၌ သားယောက်ျားကလေး မွေးဖွား၍ လက်နက်များ အရောင်တောက်ခြင်းဖြစ်ပါသည်၊ ထိုကလေးငယ် ကြီးပြင်းလာသောအခါ လူဆိုးကြီးဖြစ်မည့် နိမိတ်ဖြစ်ပါသည်” ဟု လျှောက်တင်သည်။ မင်းကြီးက -
“ တစ်ဦးတည်း ဆိုးမည်လော၊ အသင်းအဖွဲ့နှင့် ဆိုးမည်လော” ဟု မေးလျှင် ပုရောဟိတ်က -
“တစ်ယောက်တည်းသာ ဆိုးပါလိမ့်မည်။ ကလေးကို သတ်တော်မူပါ” ဟု လျှောက်တင်သော်လည်း မင်းကြီးက “တစ်ဦးတည်း ဆိုးသွမ်းမည့်လူဆိုးဖြစ်က မူဖွယ်မရှိ” ဟု မိန့်တော်မူပြီး ကောင်းမွန်စွာ မွေးမြူခွင့်ပြုသည်။
ထိုသားအား အဟိံသက (မညဉ်းဆဲတတ်သူ) ဟု မှည့်ခေါ်ကြလေသည်။
အဟိံသကသည် အရွက်ရောက်၍ တက္ကသိုလ်၌ ပညာသင်ယူစဉ် ဆရာကြီး ဇနီးမောင်နှံ၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်ပေးလေ့ရှိ၏။ ချစ်ခင်ဖွယ် ပြုမူ ပြောဆို ဆက်ဆံတက်၏။ ထို့ကြောင့် ဆရာကြီးဇနီးမောင်နှုံတို့၏ ချစ်ခင်အရေးပေးမူ၊ ချီးမြှောက်မူကို အခြားကျောင်းသားများထက် ပိုမိုခံယူရရှိသည်။ ထိုအခါ အခြားကျောင်းသားများသည် အဟိံသကကို မနာလိုမရူစိတ်ဖြစ်လာပြီးဆရာ ကြီး၏ ဇနီးနှင့် မှားယွင်းလေဟန် ဆရာကြီးအား ကုန်းချောကြလေသည်။ ပထမတွင် ဆရာကြီးမယုံကြည် သော်လည်း ပြောဖန်များလျှင် သံသယ၀င်ကာ အဟိံသကအား သေကြောင်းကြံသည်အထိ ကုန်းချော စကားကို ယုံကြည်သွား၏။ တစ်နေ့တွင် အဟိံသကကို ခေါ်၍ -
“အဟိံသက … လူတို့၏ ညာလက်ညိုးတစ်ထောင်ကို ဖြတ်ပြီးပါမှ သင်ပညာပြီးဆုံးမည်” ဟု ပရိယာယ်ဖြင့် ပြောဆိုစေခိုင်းလိုက်သည်။
အဟိံသကသည် ဆရာကြီးစေခိုင်းချက်အရ လက်နက်စွဲကိုင်လျက် ဇာလိနတောအုပ်သို့ ၀င်ပြီး ခရီးသွားတို့အား သတ်ဖြတ်ကာ လက်ညိုးကို ဖြတ်ယူလေသည်။ ဖြတ်ပြီးသော လက်ညိုးများကို သစ်ခက်၊ သစ်ခွ အကြားတို့၌ ထားလေလျှင် ကျီး၊ ဠင်းတတို့ ချီသွားသဖြင့် လက်ညိုးတစ်ထောင် မပြည့်နိုင်ရှိလေ၏။ ထိုအခါ အဟိံသကသည် လက်ညိုးများ မပျောက်ပျက်ရန် ကြိုးဖြင့် ပန်းကုံးသဖွယ်သီ၍ လည်ပင်း၌ ဆွဲထားလေသည်။ ထိုအခါမှစ၍ အင်္ဂုလိမာလ (လက်ညိုးပန်းကုံးဆွဲသူ) ဟု အမည်တွင်လေသည်။
အင်္ဂုလိမာလရှိရာ တောအုပ်သို့ ဖြတ်သန်းသွားလာရန် ကိစ္စရှိလျှင် ယောက်ျားများပင် လူလေးငါးဆယ် ပေါင်းစု၍ သွားကြရသည်။ မည်သို့ဖြစ်စေ သွားသူတိုင်းပင် အင်္ဂုလိမာလ လက်တွင်းမှာ ပျက်စီးကြရသည်။ နောက်ပိုင်းတွင် ထိုတောအုပ်သို့ သွားလာရဲသူ မရှိကြတော့ချေ။ ထိုသို့ သွားလာရဲသူ မရှိသောအခါ အင်္ဂုလိမာလသည် ညဉ့်အခါ ရွာတွင်းသို့ဝင်၍ အိမ်တံခါးကို ခြေဖြင့်ကန်ဖွင့်ပြီး လူတို့ကို သတ်ကာ လက်ညိုးများကို ဖြတ်ယူလေသည်။ အင်္ဂုလိမာလ ဘေးရန်ကြောင့် လူတို့သည် ရွာငယ်မှ ရွာကြီးသို့ ပြောင်းရွေ့ကြ၏ ရွာကြီးများ မလုံခြုံပြန်သောအခါ သ၀တ္ထိမြို့အနီးသို့ ပြောင်းရွှေ့ပြီး ခြံစည်းရိုး လုံခြုံစွာ ကာရန်၍ နေထိုင်ကြရလေသည်။
နောက်ဆုံး တိုင်းသူပြည်သားများသည် အင်္ဂုလိမာ လူဆိုးကြီးကို နှိပ်ကွပ်ရန် ကောသလမင်းကြီးအား တိုင်ကြားကြ၍ မင်းကြီးသည် တိုင်းပြည်သို့ စည်တီးကြေငြာပြီး စစ်သားများကို စုဆောင်းစေသည်။
ထိုအကြောင်းကို မိခင်ပုဏ္ဏေးမကြီးကြားသိလျှင် မနေသာတော့ဘဲ သားသောကဖြင့် သားနှင့်တွေ့ရန် အိမ်မှ ထွက်ခဲ့လေသည်။
ထိုနေ့ကာ လက်ညိုးတစ်ထောင်ပြည့်ရန် တစ်ချောင်းသာလိုတော့သောနေ့ဖြစ်၏။ မိခင်လည်း တောထဲသို့အလာ၊ အင်္ဂုလိမာလလည်း ပထမဆုံးတွေ့သူ၏ လက်ညိုးကိုဖြတ်ယူရန် အသင့်စောင့်ဆိုင်းနေခိုက်၊ မြတ်စွာဘုရားသည် အင်္ဂုလိမာလလူဆိုးကြီး မိခင်ကိုသတ်၍ အာနန္တရိယကံ ထိုက်တော့မည်ကို မြင်တော်မူသဖြင့် အင်္ဂုလိမာလရှိရာ တောအုပ်သို့ ကြွချီတော်မူလာသည်။
အင်္ဂုလိမာလသည် တောအုပ်သို့ ရှေးဦးစွာ ရောက်လာသူ မိခင်ကို တွေ့မြင်လျှင် လက်ညိုးကို ဖြတ်ယူရန် လိုက်လေရာ မြတ်စွာဘုရားက အင်္ဂုလိမာလနှင့် မိခင်အကြားသို့ ကြွဝင်တော်မူလာ၏။ ထိုအခါ အင်္ဂုလိမာလသည် မိခင်နောက် မလိုက်တော့ဘဲ မြတ်စွာဘုရားနောက်သို့ လိုက်လေ၏။
အင်္ဂုလိမာလကား ပြေးနေသော ဆင်၊ မြင်း၊ သားသမင်ကိုပင် မီအောင်လိုက်၍ ဖမ်းယူနိုင်လောက်အောင် အားခွန်ဗလ စွမ်းသန်သူဖြစ်၏။ မြတ်စွာဘုရားကား ထို့ထက် အားခွန်ဗလ စွမ်းသူဖြစ်၏။ မြတ်စွာဘုရားကား ထို့ထက် အားခွန်ဗလ များစွာ သာလွန်သော အားတော်ဆယ်တန် ပိုင်ရှင်ဖြစ်၍ အင်္ဂုလိမာလ မည်သို့ပင်လိုက်သော်လည်း မြတ်စွာဘုရားကို မမီနိုင်ချေ။
အင်္ဂုလိမာလသည် မြတ်စွာဘုရားကို မမီနိုင်ဘဲ ချွေးဒီးဒီးကျကာ မောပန်းလာသဖြင့် အပြေးလိုက်ရာမှ ရုတ်တရက် ရပ်တန့်လိုက်ပြီး -
“အို - ရဟန်း … ရပ်လော့၊ ရပ်လော့” ဟု ဆိုသည်။ မြတ်စွာဘုရားက -
“အင်္ဂုလိမာလ … ငါကား ရပ်နေ၏။ သင်သည်သာ ရပ်လော့” ဟု မိန့်တော်မူသည်။ အင်္ဂုလိမာလသည် မြတ်စွာဘုရားဆိုလိုသည်ကို နားမလည်နိုင်သဖြင့် -
“အို ရဟန်း … အသင်သည် သွားနေပါလျက် ငါရပ်နေသည်ဟု ဆိုဘိ၏။ ရပ်နေသော အကျွန်ုပ်အားလည်း သင်သာရပ်လော့ဟု ဆိုပြန်သည်။ အဘယ်သို့ ဆိုပါသနည်း” ဟု မေးလျှောက်သည်။ မြတ်စွာဘုရားက -
“အင်္ဂုလိမာလ … ငါကား မည်သည့်သတ္တ၀ါကိုမျှ သတ်ဖြတ်ညှဉ်းဆဲမူမပြု။ တုတ်၊ လှံတံ၊ ဓား လက်နက်တို့ကို အပြီးတိုင် ပယ်စွန့်ပြီးသူ ဖြစ်သည်။ သို့ဖြစ်၍ သင့်ခြေက ရပ်နေသော်လည်း သင်သည် သံသရာတခွင်၌ ကျင်လည် ပြေးသွားရဦးမည့်သူဖြစ်သည်” ဟု မိန့်တော်မူလေသည်။
အင်္ဂုလိမာလကား မြတ်စွာဘုရားအကြောင်းကို ကြားသိခဲ့ဖူး၏။ ဖော်ပြပါ တရားစကားကို ကြားနာလိုက်ရသည်နှင့် မြတ်စွာဘုရားဖြစ်ကြောင်း ကောင်းစွာ သိလိုက်၏။ “မြတ်စွာဘုရားသည် ငါ့ကို ချီးမြှောက်ရန် ဤတောအုပ်သို့ ကြွရောက်တော်မူလာပေသည်” ဟု ပီတိ သောမနဿများ တဖွားဖွား ဖြစ်ပေါ်လာလေသည်။ ချက်ချင်းပင် မိမိ၏ ဘ၀အဖြစ်မှန်ကို ဆင်ခြင်မိကာ လက်နက်များကို အနီးရှိ ချောက်အတွင်းသို့ ပစ်လွှတ်လိုက်ပြီးလျှင် မြတ်စွာဘုရားအနီးသို့ ချဉ်းကပ်ကာ ရိုသေစွာ ရှိခိုးပြီး” တပည့်တော်အား ရဟန်းပြုပေးတော်မူပါ” ဟု ခွင့်ပန်လျှောက်ထားလေသည်။
မြတ်စွာဘုရားက အင်္ဂုလိမာလအား “ဧဟိ ဘိက္ခု” ခေါ်၍ ရဟန်းပြုပေးတော်မူရာ အင်္ဂုလိမာလသည် ၀ိပဿနာတရားကို ရူပွားကာ မကြာမီပင် ရဟန္တာဖြစ်တော်မူလေသည်။

Thursday, 16 December 2010
၅။ အင်္ဂုလိမာလကို အောင်တော်မူခြင်း
အမျိုးအစား/ကဏ္ဍ
အောင်ခြင်းရှစ်ပါးဆိုင်ရာသိမှတ်ဖွယ်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment