ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 24 December 2010

သံဃာ့ဂုဏ်တော်အကျိုးပြ၀တ္ထု


အလှူဒါနပေးလှူရာတွင် အလှူရှင်များသည် တစုံတခုသော ကောင်းကျိုးချမ်းသာရရေးကို မျှော်ကိုး၍ ပေးလှူကြခြင်းဖြစ်၏။ ထိုကဲ့သို့ မိမိတို့ မျှော်ကိုးသည့်အတိုင်း ကောင်းကျိုးချမ်းသားရရှိရန်မှာ အင်္ဂါသုံးရပ်နှင့် ညီညွတ်မှ ဖြစ်၏။ အင်္ဂါ သုံးရပ်မှာ -

(၁) အလှူရှင်၏ သုံးတန်သော စေတနာနှင့် ပြည့်စုံညီညွတ်မူ၊

(၂) အလှူပစ္စည်းသည် တရားနှင့်အညီ ရှာဖွေ၍ ရရှိထားသည့် ပစ္စည်းဖြစ်မူနှင့်

(၃) အလှူခံပုဂ္ဂိုလ်၏ အကျင့်သီလပြည့်စုံမူတို့ ဖြစ်သည်။

ယင်းအင်္ဂါသုံးပါးနှင့် ပြည့်စုံမှသာ မိမိတို့မျှော်မှန်းသည့် ကောင်းကျိုးချမ်းသာကို ပြည့်ပြည့်၀၀ ရရှိနိုင်၏။

အလှူရှင်ဘက်က စေတနာသုံးတန်ညီညွတ်၍ လှူဖွယ်ပစ္စည်းကလည်း တရားနှင့်အညီ ရှာဖွေရရှိထားသည့် ပစ္စည်းဖြစ်သော်လည်း အလှူခံပုဂ္ဂိုလ်က အကျင့်သီလစင်ကြယ်မူ မရှိ၊ ဒုဿီလပုဂ္ဂိုလ်ဖြစ်နေပါလျှင်လည်း မိမိတို့ မျှော်မှန်းသည့် ကောင်းကျိုးချမ်းသာကို ရရှိခံစားရလိမ့်မည် မဟုတ်ပေ။

ဤအချက်နှင့် စပ်၍ အဇာတသတ်မင်းလက်ထက်က သူဋ္ဌေးတစ်ဦး၏ ဖြစ်ရပ် (စူဠသေဋ္ဌိပေတ၀တ္ထု) ကို ကြည့်ရူပါက သိသာထင်ရှားမည် ဖြစ်သည်။

ရာဇဂြိုလ်ပြည်ရှင် ဘုရင်အဇာတသတ်မင်းသည် ဖခင်အား သတ်မူ (ပိတုဃာတကာ) အကုသိုလ်ကံကြောင့် ကောင်းစွာအိပ်စက်၍ မပျော်နိုင်သေးသော အချိန်က ဖြစ်၏။ တစ်ညတွင် အဇာတသတ်မင်းသည် အိပ်စက်မပျော်၍ လသာဆောင်သို့ ထွက်ကာ စင်္ကြံလျှောက်ခိုက် ကောင်းကင်ခရီးမှ ဖြတ်သန်းသွားနေသည့် ပြိတ္တာတစ်ဦးကို တွေ့ရှိ၏။ ထိုပြိတ္တာမှာ ဦးပြည်းကတုံးနှင့် တကိုယ်လုံးအရိုးအကြောအရေမျှသာရှိ၏။ အ၀တ်လည်းမပါ။ အဇာတသတ်မင်းက ဆင်းရဲချို့ငဲ့သော ရန်းတော်တစ်ပါးဟု ထင်မှတ်၍ -

“အို ရဟန်း - အလကား ညအချိန်ကြီးမှာ ဘယ်ကလာပြီး ဘာကိစ္စအတွက် ဘယ်ကိုသွားမှာလဲ၊ သင့်လိုအင်ဆန္ဒကို ကျွန်ုပ် ဘာကူညီ ဖြည့်စွမ်းပေးရမလဲ” ဟု မေးရာ ပြိတ္တာကြီးက -

“မင်းကြီး - ကျွန်ုပ်ဟာ ယခင်ဘ၀တုန်းက ဗာရာဏသီပြည်က သူဋ္ဌေးတစ်ဦးပါ၊ ဘုရား တရား သံဃာကို ယုံကြည်သူမဟုတ်၊ ဘာကုသိုလ်ကောင်းမူကိုမျှ မလုပ်ခဲ့ပါ။ အချိန်ရှိသမျှ ကာမဂုဏ်ပျော်ပါးပြီး သေလွန်ခဲ့ရာ ယခု ပြိတ္တာ ဖြစ်နေရပါတယ်။ မစားမသောက်ရလို့ ပိန်ချုံးနေပါတယ်။ သင်မင်းကြီးထင်သလို ရသေ့ရဟန်းမဟုတ်ပါ။ ယခု လူ့ဘ၀က သမီးတော်စပ်သူ အနုလာ နေထိုင်ရာ အန္ဓက၀ိန္ဒမြို့ကို သွားမယ်၊ သမီးက မိဘဘိုးဘွားတွေ ရည်စူးပြီး အလှူကြီးပေးရာမှာ စားသောက်ရအောင် ဖိတ်ထားလို့ သွားပါရစေ မင်းကြီး” ဟု အကြောင်းစုံ ပြောဆိုသည်။

အဇာတသတ်မင်းကြီးသည် ပြိတ္တာကြီး စကားကို ကြားရသောအခါ လွန်စွာ စိတ်မကောင်းဖြစ်သွား၏။ ပြိတ္တာကြီးလည်း ၀န်ခံစကားပြောကြားကာ အန္ဓ၀ိန္ဒမြို့ဘက်သို့ ကောင်းကင်ခရီးဖြင့် ဆက်လက် ထွက်ခွာသွားသည်။

သမီး အနုလာနေအိမ်သို့ ရောက်လျှင် သမီးဖြစ်သူမှာ သက်ဆိုင်ရာ ဘာသာအယူဝါဒအရ မိမိတို့ ကိုးကွယ်သော ဗြဟ္မဏဆရာ ပုဏ္ဏားကြီးများအား ခမ်းနားကြီးကျယ်စွာ ကျွေးမွေးလှူဒါန်းနေသည်ကို တွေ့ရလေ၏။ ပြိတ္တာတို့မည်သည် လူလူချင်းပေးကျွေးသကဲ့သို့ ပေးကျွေး၍လည်းမရ၊ အမျှအတန်း ပေးဝေမှသာ စားရ ၀တ်ရသော ဘ၀ဖြစ်၏။ အမျှအတန်းပေးဝေရာတွင်လည်း အကျင့်သီလရှိသော ပုဂ္ဂိုလ်တို့အား လှူဒါန်းသောအလှူမှသာ အမျှပေးဝေ၍ ရနိုင်၏။

ပြိတ္တာကြီးမှာ သမီးအလှူပွဲ အားခဲ၍ သွားရသော်လည်း အချည်းနှီးဖြစ်ကာ မစားရ မသောက်ရဘဲ ပြန်သွားရရှာ၏။ အဇာတသတ်မင်းကြီးနှင့် ပြည်လည်တွေ့ဆုံသောအခါ -

“မင်းကြီး - သမီးအလှူပွဲမှာ အကျင့်သီလရှိသူ တစ်ဦးမျှ မပါ။ ဒုဿီလကြီးတွေ စားသောက်သွားကြလို့ ကျွန်ုပ်မှာ ဘာကုသိုလ်အဖို့မျှ မရပါ” ဟု ညိုးငယ်စွာ ပြောပြလေရာ မင်းကြီးက -

“အို မိတ်ဆွေ - မကြောင့်ကြပါနှင့်၊ ကျွန်ုပ် ဘာကူညီ ဆောင်ရွက်ပေအးစေလိုပါသလဲ” ဟု မေး၏။

“မင်းကြီး - အခြားအကူအညီမလိုပါ၊ ဂေါတမမြတ်စွာဘုရားကို ဖြစ်စေ၊ ဘုရားရှင်၏ တပည့် သံဃာကိုဖြစ်စေ ကျွန်ုပ်အတွက် ဆွမ်း သင်္ကန်း အဖျော် လှူဒါန်းပူဇော်ပြီး အကျွန်ုပ်အား အမျှဝေပေးပါ” ဟု အကူအညီ တောင်းခံလိုက်ရာ မင်းကြီးလည်း တတ်နိုင်သမျှ အမြန်ဆုံး သံဃာတော်များအား ကျွေးမွေးလှူဒါန်းပြီး ပြိတ္တာကြီးအား အမျှအတန်း ပေးဝေလိုက်သည်။

ပြိတ္တာကြီးသည် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပြီးနောက် မင်းကြီးရှေ့၌ အလွန်လှပသော နတ်သားတစ်ယောက် အသွင်ဖြင့် ရုတ်တရက် ပေါ်ပေါက်လာ၏။ ရဟန်းသံဃာတော်များ၏ “အနုတ္တရံ ပုညက္ခေတ္တေ” ဂုဏ်နှင့် မင်းကြီး၏ ကျေးဇူးကို ချီးကျူးလျက် -

“မင်းကြီး - သံဃာတော် အရှင်မြတ်များ ပေးလှူသော သင်မင်းကြီး၏ ဒါနကို သာဓုခေါ်ရတဲ့အတွက် အတိုင်းအဆမရှိအောင် အကျိုးအာနိသင် ကြီးမားလာတာကို ကြည့်တော်မူပါ။ ကျွန်ုပ်နှင့်တူတဲ့ လူသားတစ်ယောက်မျှ မရှိနိုင်ပါ။ အမြဲတမ်း လိုလေသေးမရှိ၊ ပြည့်စုံချမ်းသာရပါပြီ မင်းကြီး၊ ယခုပင် နတ်ပြည်ဋ္ဌာနသို့ သွားပါရစေတော့” ဟု နူတ်ဆက်ကာ အဇာတသတ်မင်းကြီးရှေ့မှောက်မှ ပျောက်ကွယ်သွားလေတော့သည်။

ထိုအဖြစ်အပျက်ကို မင်းကြီးနှင့် ရဟန်းတော်များမှတဆင့် မြတ်စွာဘုရားကြားသိတော်မူ၏။ မြတ်စွာဘုရားရှင်လည်း သိမြင်တော်မူပြီး ဖြစ်သည့်အလျောက် သတ္တ၀ါတိုင်း အားကိုးလောက်သည့် သံဃာ့ဂုဏ်တော်ကို ဖော်ကျူးကာ ဤ “စုဠသေဋ္ဌိပေတ၀တ္ထု” ပါဠိတော်ကို ထပ်မံအတည်ပြု ဟောပြတော်မူခဲ့လေသည်။

ခုဒ္ဒကနိကာယ်၌ ပါဝင်သော ပေတ၀တ္ထုပါဠိတော်ကြီးကို ကြည့်လျှင် မတရားလောဘကြီးသူ၊ မနာလိုဝန်တိုသူ၊ လိမ်လည်ကျိန်ဆိုသူ၊ လာဘ်စားသူ၊ မတရားဆုံးဖြတ်သူ စသော ဒုစရိုက်သမားတို့၏ တွေ့ကြုံရမည့်ဒုက္ခကို တွေ့မြင်နိုင်၏။ ထိုစားရမဲ့ သောက်ရမဲ့ ၀တ်ရမဲ့ ဒုက္ခကြီးမှ ချက်ချင်း လွတ်မြောက်သွားအောင် ဆောင်ရွက်နိုင်သော နည်းလမ်းသည် ဤသာသနာတော်မှ လွဲ၍ ဘယ်ဘာသာ အယူဝါဒ၌မျှ မရှိ၊ “ဒက္ခိဏေယျ၊ အနုတ္တရံ ပုညက္ခေတ္တေ” ဂုဏ်တော်သခင် သံဃာတော် အရှင်မြတ်တို့မှ လွဲ၍ ဘယ်ဘုရားသခင် ဘယ်တန်ခိုးရှင် ဘယ်ပညာရှိတို့ကမှလည်း မကယ်မနိုင်။

တနည်းအားဖြင့် ပေတ၀တ္ထုပါဠိတော်ကြီးသည် ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့၏ ကျေးဇူးဂုဏ် ကြီးမား မြင့်မြတ်ပုံကို လက်တွေ့ထုတ်ပြထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့်လည်း ကွယ်လွန်သွားသော မိဘဆွေမျိုးများကို ရည်စူး၍ ပြုလုပ်သော အလှူဒါနပွဲများအကြောင်း မြတ်စွာဘုရား ဟောကြားတော်မူစအချိန်က ထိုဒါနကို သာဝတ္ထိပြည်၌ လနှင့်ချီ၍ ပြုလုပ်ခဲ့ကြဖူး၏။

ဘုရားရှင်လက်ထက်တော်က ဗုဒ္ဓဘာသာကို မယုံကြည်သူများပင်လျှင် ထိုပေတအလှူဒါန၏ အကျိုးကျေးဇူးကို ခံစားခဲ့ကြရဖူးသည်။ ယခုအခါ၌လည်း ကွယ်လွန်သွားသူများက ခြောက်လှန့်ခြင်း၊ အိပ်မက်ပေးခြင်း၊ ပူးဝင်ပြေကြားခြင်း စသည်တို့ကြောင့် ဗုဒ္ဓဘာသာဝင်မဟုတ်သူတို့ပင်လျှင် သားသမီး မိဘ သံယောဇဉ်ကြောင့် ဗုဒ္ဓဘာသာရဟန်းတော်များကို ပင့်ဖိတ်ကျွေးမွေး၍ အမျှအတန်းပေးဝေသဖြင့် ပြိတ္တာဘ၀မှ လွတ်ကာ ချမ်းသာရာ ရကြသည့် အဖြစ်အပျက်များ များစွာပင်ရှိနေဆဲဖြစ်၏။

သာသနာတော်၏ ကျေးဇူး၊ သံဃာတော် အရှင်မြတ်တို့၏ ကျေးဇူးကား တမလွန်ဘ၀သို့ပင် လိုက်၍ ကယ်မနိုင်သည်မှာ လက်တွေ့ဖြစ်နေ၏။ ရတနာသုံးပါးတို့၏ ကျေးဇူးဂုဏ်ကား ပြော၍ ရေး၍ပင် မကုန်နိုင်တော့ချေ။

No comments:

Post a Comment