ပါဠိတော်
“ကောစ ဘိက္ခဝေ ဝေဒနာနံ အာဒီနဝေါ၊ ယံဘိက္ခဝေ ဝေဒနာ အနိစ္စာ ဒုက္ခာ ၀ိပရိဏာမ ဓမ္မာ၊ အယံ ဝေဒနာ အာဒီနဝေါ”
မြန်မာပြန်
မြန်မာပြန်
“ရဟန်းတို့ - ခံစားမူတို့၏ အပြစ်သည် အဘယ်နည်း၊ ရဟန်းတို့ - ခံစားမူတို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ ပြေင်းလဲဖောက်ပြန်တတ်သော သဘောရှိခြင်းသည် ခံစားမူတို့၏ အပြစ်ပေတည်း”
အဓိပ္ပာယ်ရှင်းလင်းချက်
“ဝေဒနာဟူသည် ခံစားမူပင် ဖြစ်သည်။ ထိုခံစားမူဟူသည် ချမ်းသာကို ခံစားမူ၊ ဆင်းရဲကို ခံစားမူ၊ ချမ်းသာမဟုတ်၊ ဆင်းရဲမဟုတ်သည်ကို ခံစားမူအားဖြင့် ခံစားမူသုံးမျိုးရှိသည်။ အကျယ်အားဖြင့် မဇ္ဈိမပဏ္ဏာသပါဠိတော် ဗဟုဝေဒနိယသုတ်တွင် ၁၀၈-ပါးအထိ ဟောထားပေသည်။ မြတ်စွာဘုရား၏ ဉာဏ်တော် ကျယ်ပွားသည့်အတိုင်း အကြွင်းအကျန်မရှိ ဟောထားသည်ဖြစ်၍ ကျွန်ုပ်တို့ ဉာဏ်မမီနိုင်ရာကို ဖော်ပြနေ၍ အကျိုးမပြီး။ အကျဉ်းဆုံးကို ချုပ်၍ ကြည့်လျှင် သုံးပါးသာရှိသည်။ ကျွန်ုပ်တို့ သိနိုင်လောက်သော ထိုသုံးပါးကိုပင် ပိုင်နိုင်အောင် သုံးသပ်ရန် အရေးကြီးသည်။
ဝေဒနာဆိုသဖြင့် ဒုက္ခတစ်မျိုးတည်းကိုသာ ကောက်ယူနေက ငါးပါးမှောက်လိမ့်မည်။ ဝေဒနာဟုဆိုလျှင် သုံးပါးလုံး၏ သဘောကို လေ့လာသိရှိထားမှ ပယ်သင့်ယူသင့်ကို သိမည်။ ဤအပိုင်းတွင် ခံစားမူတို့၏ အပြစ်ကို ဟောသော အပိုင်းဖြစ်၍ ထိုသဘောကိုပင်ပြအံ့။ ခံစားမူဟူသော သဘောတွင် “ယံ ကိဉ္စိ ဝေဒယိတံ တံဒုက္ခသ္မိ ” ဟု သဠာယတန သံယုတ်ပါဠိတော် - ရဟောဂတသုတ်တွင် ဟောတော်မူထားရကား မည်သည့်ခံစားမူမဆို ဆင်းရဲချည်းဖြစ်သည်။ အနတ္တလက္ခဏာသုတ်တွင် ခံစားမူမှန်သမျှသည် အနိစ္စဟူသော ပျက်သဘော၊ ဒုက္ခဟူသော ဆင်းရဲသဘော၊ အနတ္တဟူသော ၎င်းတို့၏ သူ့သဘောသာဖြစ်၍ မည်သည့်ခံစားမူကိုမှ (နေတံမမ) ငါ့ဥစ္စာမဟုတ် (နေသောဟမသ္မိ) ငါမဟုတ် (နမေသောအတ္တာ) ငါ၏ အနှစ်သာရ အခိုင် အမာ မဟုတ်ဟူ၍ မှန်မှန်ကန်ကန် ပညာဉာဏ်ဖြင့် ရူအပ်၊ မြင်အပ်၏”ဟု ဟောတော်မူထားပေရာ၊ ထိုမခိုင်မမြဲ လွန်ဆင်းရဲ၍ ငါလဲမဟုတ်၊ သူမဟုတ်သော ဤသည့် (ဝေဒနာ) ခံစားမူသည် အပြစ်စင်စစ် ဧကန်ဖြစ်၏။
အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ခံစားခြင်းအပြစ်ကို “ကာမ” အပိုင်းတွင် ဖော်ပြခဲ့ပြီ ယခု ရူပ၊ အရူပ ဟူသော ဈာန်ခံစားမူ၊ ဈာန်ဝင်စားမူတို့၌လည်း အပြစ်ကို ဖော်ပြရဦးမည်၊ မြတ်စွာဘုရားသည် ခံစားမူတို့၏ မတည်ငြိမ်ဘဲ ပြိုကွဲပျက်စီးနေမူ၊ ဆင်းရဲမူ၊ ပြောင်းလဲဖောက်ပြန်မူတို့ကို အဓိကထား၍ ဟောကြားခဲ့၏။ သဠာယတန၀ဂ္ဂပါဠိတော် ဝေဒနာသံယုတ်တွင် “ဂေလညသုတ်”သည် ထိုခံစားမူတို့၏ မမြဲပုံ၊ ဆင်းရဲပုံတို့ကို အထင်ရှားဆုံး ဟောတော်မူထား၏။
ယခု ဖော်ပြလိုသည်မှာ ခံစားမူတို့၏ မမြဲသော ပရမတ် သဘောမဟုတ်၊ ဈာန် အဘိဉာဏ် ခံစားရမူ၏ လောက နယ်ထဲမှ မမြဲ၍ ပျက်စီးပုံကို သတိပြုပါ။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment