ပါဠိတော်
“ယေဟိကေစိဘိက္ခဝေ သမဏာ ၀ါဗြာဟ္မဏာဝါ ဧ၀ံရူပါနံအဿာဒဉ္စ အဿာဒတော။ လ။ ယထာပဋိပန္နော ရူပေပရိဇာ နိဿတီတိဌာန မေတံဝိဇ္ဇတိ“
မြန်မာပြန်
မြန်မာပြန်
“ရဟန်းတို့… ရဟန်းဖြစ်စေ၊ ပုဏ္ဏားဖြစ်စေ မည်သူမဆို အကြင်ပုဂ္ဂိုလ်သည် အဆင်းရုပ်တို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့်၊ အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့် ဟုတ်မှန်သောအတိုင်း ခွဲခြား၍ မသိကုန်၊ ထိုသူတို့အား စင်စစ် ကိုယ်တိုင်သော်လည်း အဆင်းရုပ်တို့ကို ပိုင်းခြား၍ သိကြလိမ့်မည်၊ သူတစ်ပါးကိုသော်လည်း အဆင်းရုပ်တို့ကို ပိုင်းခြား၍ သိကြောင်း အကျင့်တရားတို့ကို ဆောက်တည်စေကြလိမ့်မည်ဟူသော အကြောင်းသည် မရှိနိုင်သည်သာတည်း”။
“ရဟန်းတို့… ရဟန်းဖြစ်စေ၊ ပုဏ္ဏားဖြစ်စေ မည်သူမဆို အကြင်ပုဂ္ဂိုလ်သည် ဤသို့ အဆင်းရုပ်တို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့်၊ အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့် ဟုတ်မှန်သောအတိုင်း ခွဲခြား၍ သိကုန်၏။ ထိုသူတို့အား စင်စစ် ကိုယ်တိုင်သော်လည်း အဆင်းရုပ်တို့ကို ပိုင်းခြား၍ သိကြလိမ့်မည်၊ သူတစ်ပါးကိုသော်လည်း အဆင်းရုပ်တို့ကို ပိုင်းခြား၍ သိကြောင်း အကျင့်တရားတို့ကို ဆောက်တည်စေကြလိမ့်မည်ဟူသော အကြောင်းသည် ရှိသည်သာတည်း”
အဓိပ္ပာယ်ရှင်းလင်းချက်
အဓိပ္ပာယ်ရှင်းလင်းချက်
ကာမတရားတို့ကို သာယာဖွယ်ဟူ၍ အပြစ်ဟူ၍ ထွက်မြောက်ရာဟူ၍ သူ့ကိစ္စနှင့်သူ ပိုင်းခြား၍ သိသူလည်းမဟုတ်၊ သူတစ်ပါးတို့အားလည်း ပိုင်းခြားသိအောင် ဆောက်တည်စေကာ ညွှန်ပြနိုင်သူလည်း မဟုတ်သောသူတို့၏ ပြောဆိုမူ ပညတ်သည်ဟု ကြေညာမူသည် ၎င်းတို့၏ အရာမဟုတ်သည်၌ သက်သက်ရောယောင်လိုက်ခြင်းသာ ဖြစ်သကဲ့သို့ ဤအဆင်းရုပ်တို့၌လည်း အဆင်းရုပ်တို့၏ သာယာဖွယ်ကို၊ အပြစ်ကို၊ ထွက်မြောက်ရာကို မလေ့လာ မသိရှိကြပါပဲလျက် မိမိတို့ကိုယ်တိုင် အဆင်းရုပ်တို့ကို ပိုင်းခြား၍ သိသယောင် သူတစ်ပါးတို့ကို ပြောရာ၌လည်း မိမိကိုယ်တိုင် သိ၍ ညွှန်ပြသယောင် ပြုလုပ် ပြောဆိုနေသော်လည်း သူတို့၏ အရာမဟုတ်ပုံကို ဟောပြသဖြင့်လည်း ဤအဆင်းရုပ်တို့၏ သာယာဖွယ်အပြစ်ကို ထွက်မြောက်ရာကို ကိုယ်တိုင်ကိုယ်ကျ သိမြင်အောင် ရှာဖွေအားထုတ်ခဲ့သဖြင့် ကိုယ်တိုင်ပိုင်နိုင်စွာ သိထားကြသော မြတ်စွာဘုရားနှင့် အရိယာသာဝကတို့၏ ဉာဏ်ဖြင့် သိမြင်မူ မျက်မှောက်ပြုဓနိုင်မူသည် ပိုမို၍ ထင်ရှားလာလေသည်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment