ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 6 December 2012

နာဂသမာလထေရ်၏ ထွက်ပုံတစ်နည်း

ဤမထေရ်သည် သာကီဝင်မင်းမျိုးဖြစ်၍ မြတ်စွာဘုရားသည် ကပိလ၀တ်ပြည်သို့ ကြွ၍ ဆွေတော်မျိုးတော်တို့ကို တရားဟောတော်မူသောအခါ တရားတော်ကို သဘောကျ၍ ရဟန်းပြုပြီးသည်နောက် မြတ်စွာဘုရားကို အလုပ်အကျွေး ၀တ္တရားဆောင်ရွက်ဖူးသော မထေရ်ဖြစ်သည်။ တစ်နေ့သောအခါ မြို့တွင်းသို့ ဆွမ်းခံကြွသောအချိန်တွင် လှလှပပ တန်ဆာဆင်ထားသော အမျိုးသမီး ကချေသည်တစ်ယောက်သည် အတီး၊ အမူတ် တူရိယာဝိုင်းနှင့် လမ်းပေါ်တွင် ပရိသတ်တို့အကြား၌ သီဆို ကပြနေသည်ကို မြင်သောအခါ ထိုကချေသည်၏ ဆိုပုံ ကပုံကို ကြည့်လျက် ကိလေသာစိတ် ဖြစ်မည့်အချိန်တွင် ချက်ချင်းသတိရ၍...

“အယံ၊ ဤကချေသည်သည်။ စိတ္တကိရိယ၀ါယော ဓာတုဝိပ္ဖာရ၀သေန၊ ကလိုသောစိတ်သည် ပြုစီရင်အပ်သော လူပ်ရှားမူ ဓာတ်သတ္တိ လွန်ကဲသော ဖောက်ပြန်မူ သဘော၏ တုန်လူပ်ခြင်း၏ အစွမ်းဖြင့်။ ကရဇကာယဿ၊ ဓာတ်လေးပါး အစုအဝေး၏။ တထာတထာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့်။ ပရိဝတ္တိ၊ လည်ပတ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ သင်္ခါရာ၊ ဘုံသုံးပါး၌ဖြစ်သော သင်္ခါရတရားတို့သည်။ အဟောအနိစ္စာ၊ သြော်... မမြဲသဖြင့် ပျက်နေကြပါတကား”

ဤကချေသည်၏ ခြေလက် ကွေးကောက် ချီးမြှောက်နိမ့်ချ အမျိုးမျိုး ကပြနေသည်ဆိုရာတွင် စင်စစ်မှာကား ကချင်သော ၎င်း၏စိတ်၊ ထိုကချင်သောစိတ်က တိုက်တွန်းနိုးဆော် ပြုပြင်စီရင်အပ်သော လူပ်ရှားမူ(၀ါယောဓာတ်)၏ သတ္တိလွန်ကဲသော ရုပ်ကလာပ်တို့၏ အဆင့်ဆင့် ဖောက်ပြန်မူသဘော၏ တုန်လူပ်ကူးစက်မူကြောင့် ဤမဟာဘုတ် အစုအဝေးဖြစ်သော ခန္ဓာကိုယ်၏ ထိုမှ ဤမှ ပြောင်းလဲနေသည့် သဘောအခြင်းအရာတို့ လှည့်လည်လူပ်ရှားခြင်းကို “က နေသည်”ဟု ခေါ်ခြင်းဖြစ်သည်။

ယင်းသို့ ဖောက်ပြန်သဘောတို့၏ လူပ်ရှားဖြစ်ပျက်နေခြင်းမှာ ထိုစိတ်၏ နိုးဆွမူကြောင့် ခန္ဓာတစ်ခုလုံး တရွရွ တလူပ်လူပ် တသုတ်သုတ်နှင့် ပင့်မြှောက်နှိပ်ချ လည်ပတ်မူသည် သက်သက် ရုပ်နာမ်ပရမတ်တို့၏ ကိစ္စသာတည်း၊ ငါဟူ၍လည်း စွဲယူစရာမရှိ၊ နှစ်သက်စရာမရှိ၊ တွယ်တာမက်မောစရာ မရှိသော အမှန်သိမြင်ရမည့် ပရမတ်သဘောကို မသိသော ပုထုဇဉ်တို့မှာ မျက်စိအာရုံ ကာမဂုဏ် နားအာရုံ ကာမဂုဏ်တို့ ဖြစ်ကြပေမည်။

သဘောမှန်ပရမတ်ကို ဧကန် အမှန်သိသော ငါတို့ကား ထိုထို ပညတ်အာရုံ ကာမဂုဏ်တို့ အဖြစ်မခံ၊ ထွက်မြောက်ရန် တွန်းလှန်မည်။

“အဟော အနိစ္စာ သင်္ခါရာ”

“ဖောက်ပြန် ဖြစ်ပျက် သင်္ခါရအချက်တို့သည် သြော်... ဖြစ်လျှင် ပျက်ကြ သဘာဝမို့ မမြဲပါတကား...”

ဟု ကုန်တတ် ပျက်တတ်သော သဘောသို့ ဉာဏ်သက်ဝင်၍ ပရမတ်ရုပ်နာမ်ကို အခြေတည်မိသော မထေရ်သည် ထိုပရမတ် သဘောတို့၏ မမြဲသဘော၊ ဆင်းရဲသဘော၊ အစိုးမရသူ့သဘောတို့ကို ရူမှတ် ပွားများလေရာ အရဟတ္တဖိုလ်ရောက် ရဟန္တာဖြစ်သွားလေသည်။

(ထေရဂါထာ အဋ္ဌကထာ - ၁)။

မထေရ်၏ နှလုံးသွင်းပုံသည် ရှင်းလှသည်။ မဟာသတိပဋ္ဌာန်းပါဠိတော် ဣရိယာပထမပိုင်းတွင် သွားခြင်းကို ရူမှတ်ရာ၌ ရှေးဦးစွာ သွားချင်သော စိတ် ဖြစ်၍ နောက် လူပ်ရှားတတ်သော ၀ါယောကို တိုက်တွန်းသည်။ နောက် လူပ်ရှားမူ အမူအရာကို ဖြစ်စေသည်။ နောက် စိတ်ကြောင့်ဖြစ်သော ၀ါယောဓာတ်၏ သတ္တိလွန်ကဲသော ပြုပြင်စီရင်မူကြောင့် သွားသည်ဟု ဆိုကြသည်။

သွားလို၊ ရပ်လို၊ ထိုင်လို၊ ကလိုသော ကိစ္စအားလုံးသည် (စိတ်)ဟူသော “သိသဘော” သာဖြစ်သည်။ ဘာမျှမလုပ်တတ်၊ သွားခြင်း, ထိုင်ခြင်း, ကခြင်း စသည်သည် ပြုလုပ်မူ၊ လူပ်ရှားမူ (၀ါယော) ဓာတ်၏ ကိစ္စပင်။ ရွေ့လျားခြင်း၊ ချီးမြှောက်ခြင်းစသည့် ထိုထိုသော အမူအရာသည် (စိတ္တဇ ၀ါယော) ပြုလိုသော စိတ်၏ အလိုသတ္တိအတိုင်းခန္ဓာ၏ ဆောင်ရွက်ချက်ပင်ဖြစ်၍ အမှန်သဘောကို မသိမမြင်သူတို့အတွက် “သွားနေသည်၊ ကနသေည်၊ ငါသွားသည်၊ ငါကသည်” စသည်ဖြင့် ထင်မှားသည်။ ဤသည်ကို အဋ္ဌကထာ၌...

“ပဉ္စကာမ ကောဋ္ဌာသာ ၀ိသေသတော ၀ိသဘာဂ ၀တ္ထု သန္နိဿယာ ၀ိပလ္လာသု ပနိဿယေန အယောနိသော မနသိကာရေန ပရိက္ခိတ္တာနံ အန္ဓပုထုဇ္ဇနာနံ မနောရမေန္တော ကိလေသ၀တ္ထု တာယ အနတ္ထာဝဟ ဘာဝတော”

(ထေရဂါထာ အဋ္ဌကထာ - ၁၂၁)

အာရုံငါးပါး ကာမဂုဏ် တရားဟူသည် ဆန့်ကျင်ဘက်ဖြစ်သော ၀တ္ထုအာရုံ တိုက်ဆုံသည်တွင် ဖောက်ပြန် မှားယွင်းစွာ မြင်မူစသော အကြောင်းအခြေခံ၍ မမှန်မကန် နှလုံးသွင်းခြင်းသည် ခြံရံအပ်သော ပရမတ်ကို မမြင်မသိ ဉာဏ်မျက်စိမရှိသော ထိုပုထုဇဉ်တို့သည် အလွန်နှစ်သက်ဖွယ်။ ပျော်ရွှင်ဖွယ်ဟု ကိလေသာ စိတ်တို့ ဖြစ်ခြင်းသည် ထိုပုထုဇဉ်တို့အတွက် အကျိုးမဲ့ကို ယူဆောင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အမှန်ဖြစ်ရှိနေသော ပရမတ်တို့၏ အရှိကို အရှိအတိုင်း မြင်သိသော ဤမထေရ်မှာ ထိုကာမဂုဏ်တို့မှ ထွက်မြောက်ရာ အရဟတ္တဖိုလ်ကို ရသွားခြင်းဖြစ်လေသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။













No comments:

Post a Comment