ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 4 December 2012

(၃) တဘ၀စာ၊ အပါယ်မလားရန်နည်းလမ်းကောင်း


ကိုးကွယ်ဆည်းကပ်ခြင်း(၃)မျိုး
ဗုဒ္ဓဘာသာကိုးကွယ်သူတယောက်အနေနဲ့ မိမိကိုယ်မိမိဘာကြောင့် ဘုရား၊ တရား၊ သံဃာကိုကိုးကွယ်သည်၊ မိမိမည်သည့် ဗုဒ္ဓဘာသာဖြစ်နေသည်ကို ပထမဦးစွာသိသင့်ပါသည်၊ များသောအားဖြင့် ဗုဒ္ဓဘာသာဝင်တို့မှာ ကိုးကွယ်ဆည်းကပ်ခြင်း(၃)မျိုးသာတွေ့ရှိနိုင်ပါတယ်။

၁။ကုလာစာရဗုဒ္ဓဘာသာ - မိရိုးဖလာအရအစဉ်သဖြင့် ကိုးကွယ်သောဗုဒ္ဓဘာသာ။

၂။လာဘဗုဒ္ဓဘာသာ - လာဘ်လာဘမျှော်ကိုး၍ ကိုးကွယ်သောဗုဒ္ဓဘာသာ။

၃။ဘယဗုဒ္ဓဘာသာ - ဘေးရန်ကြောက်၍ ကိုးကွယ်သောဗုဒ္ဓဘာသာ။


ကုလာစာရဗုဒ္ဓဘာသာဆိုသည်မှာမိဘဘိုးစဉ်ဘောင်ဆက် ကိုးကွယ်လာခဲ့သဖြင့် ကိုးကွယ်သည့် မိရိုးဖလာဗုဒ္ဓဘာသာဖြစ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရကိုသေသေချာချာမသိ၊ မိဘဘိုးစဉ် ဘောင်ဆက် ကိုးကွယ်သဖြင့် မိမိဆက်လက်ကိုးကွယ်နေခြင်းဖြစ်သည်။

လာဘဗုဒ္ဓဘာသာဆိုသည်မှာ စီးပွားလာဘ်လာဘကို မျှော်ကိုး၍ ကိုးကွယ်သော ဗုဒ္ဓဘာသာဖြစ်သည်။ ရာထူးတက်ဖို့၊ ထီပေါက်ဖို့၊ စီးပွားရေးအဆင်ပြေဖို့၊ နတ်ဆရာ၊ ဂိုဏ်းဆရာ၊ ဗေဒင်ဆရာတွေ ညွှန်ကြားစေခိုင်းတဲ့ အတိုင်းကျင့်ကြံကိုးကွယ်နေသော ဗုဒ္ဓဘာသာဖြစ်သည်။

ဘယဗုဒ္ဓဘာသာဆိုသည်မှာ ဘေးရန်ကိုကြောက်၍ ကိုးကွယ်သောဗုဒ္ဓဘာသာဖြစ်လေသည်။ မိမိရာထူးနေရာပြုတ်မည်ကို ကြောက်ရွံ့၍သော်လည်းကောင်း၊ စီးပွားဥစ္စာပျက်စီး ဆုံးရှုံးမည်ကို ကြောက်ရွံ့၍သော်လည်းကောင်း ဗေဒင်ဆရာ၊ နတ်ဆရာ၊ ဓာတ်ဆရာ၊ ဂိုဏ်းဆရာတို့ စေခိုင်းချက် အတိုင်းကျင့်ကြံအားထုတ် ကိုးကွယ်နေသောဗုဒ္ဓဘာသာဖြစ်သည်။

အထက်ပါ ဗုဒ္ဓဘာသာ (၃) မျိုးကိုကိုးကွယ်သူတို့ဟာ အခါအားလျော်စွာဒါန၊ သီလ၊ သမထတရားများသာ ပွားများကြမည်။ ဒါန၊ သီလ၊ သမထတရားတွေဟာလောက၌ မြတ်စွာဘုရားမပွင့်လည်းရှိသော သာသနာပတရားများသာ ဖြစ်ပါတယ်။ ဗုဒ္ဓ၀ါဒ၏ အနှစ်သာရဖြစ်သည့် နိဗ္ဗာန်ရရာရကြောင်း၊ ၀ိပဿနာတရားသည်သာလျှင် မြတ်စွာဘုရားပွင့်မှ သိခွင့်ရသော၊ နာကြားခွင့်ရသော တရားများသာဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဖော်ပြခဲ့တဲ့ ဗုဒ္ဓဘာသာ (၃) မျိုးကိုရှောင်ကြဉ်၍ ဗုဒ္ဓ = ဗုဒ္ဓမြတ်စွာဘုရား၊ ဓမ္မ = တရားတော်၊ သံဃ = သံဃာတော်တို့၏ ဂုဏ်တော်တို့ကို ကြည်ညိုမြတ်နိုး၍ မိမိတို့ ဆင်းရဲကို ငြိမ်းပေးနိုင်သည်ဟု မှတ်ယူပြီး အားကိုးရာအနေဖြင့် ယုံကြည်ဆည်းကပ် ကိုးကွယ်ရမှာဖြစ်ပြီးဘုရား၊ တရား၊ သံဃာရတနာသုံးပါးမှတစ်ပါး အခြားတရား၊ အခြားအရာတို့ဟာ မိမိတို့အားဆင်းရဲကို ငြိမ်းပေးနိုင်သည်ဟု ထင်မှတ်ကာအားကိုးရာအနေဖြင့် ယုံကြည်ကိုးဆည်းကပ်လျှင် မှားယွင်းသောယုံကြည်အားကိုးမှု၊ မှားယွင်းသောကိုးကွယ်မှုသာ ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ထိုတရား၊ ထိုအရာတို့၌ ဆင်းရဲငြိမ်းကြောင်းအကျင့်ကောင်း၊ အကျင့်မှန်မရှိသောကြောင့်ပင် ဖြစ်ပါတယ်။

မြတ်စွာဘုရားပရိနိဗ္ဗာန်စံခါနီး၌ ကုသိနာရုံပြည် အင်းကြင်းဥယျာဉ်ကြီးအတွင်းဝယ် ဘာသာ အယူဝါဒ အမှား၊ အမှန် ဝေဖန်ရွေးချယ်နိုင်ရန် သုဘဒ္ဒပရိဗိုဇ်အား အောက်ပါ သဘောတရားကို ဟောကြားတော်မူခဲ့၏။
၁။ မဂ္ဂင်ရှစ်ပါးကျင့်စဉ်ပါသော ဘာသာအယူဝါဒသာလျှင် ကိလေသာကို ငြိမ်းစေ၏။ ကိလေသာငြိမ်းမှ ဆင်းရဲငြိမ်း၏။ ဆင်းရဲကို ငြိမ်းစေမှ မှန်ကန်သောကိုးကွယ်ရာ ဖြစ်၏။

၂။ မဂ္ဂင်ရှစ်ပါးကျင့်စဉ်မပါသော ဘာသာအယူဝါဒသည် ကိလေသာကိုမငြိမ်းစေနိုင်၊ ထို့ကြောင့် ဆင်းရဲခြင်းကိုမငြိမ်းစေနိုင်သဖြင့် မှန်ကန်သော ဘာသာအယူဝါဒမဟုတ်၊ မှန်ကန်သော ကိုးကွယ်ရာမဟုတ်။

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့် ယုံကြည်ဆည်းကပ်ကိုးကွယ်မှု မှန်ကန်ရန် လွန်စွာ အရေးကြီးသဖြင့် မြတ်ဗုဒ္ဓ၏ ဟောကြားသော တရားတော်များကို သေသေချာချာ လေ့လာ ရမည် ဖြစ်ပါသည်။

 (ဦးတင်ဟန်၊ရှမ်းတဲကြီး)မှတဆင့်ကူးယူဝေငှ ဒါနပြုပါသည်။ [၀ိဇ္ဇာစရဏသမ္ပန္နော]

No comments:

Post a Comment