ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 6 December 2012

ပရမတ်သိမှ-ထွက်မြောက်ကြ

ကာမမှ ထွက်မြောက်ခြင်းဟူသည် ကိလေသာမှ ထွက်မြောက်ခြင်းကို ဆိုပေရာ ကိလေသာ ဟူသည်မှာလည်း ပူပန်စေတတ်၊ နှိပ်စက်တတ်သော၊ ညစ်နွမ်းကြောင်း တရားများဖြစ်ပေသည်။ ထိုပူပန်စေတတ်သော ညစ်နွမ်းစေတတ်သော ကိလေသာတို့သည် ပညတ်ကို သာမှီ၍ ဖြစ်တတ်လေသောကြောင့် ပရမတ် သဘောတရားကို သိနေသော ယောဂီ၌ ထိုကိလေသာတို့သည် စွဲဝင်ပူးကပ် နှိပ်စက်ခြင်း မပြုနိုင်ပေ။ ထို့ကြောင့် ကျွနိုပ်တို့သည် ကိလေသာဖြစ်ခွင့်မရသော၊ ကိလေသာတို့ ပြုတ်ငြိမ်းသော ပရမတ်ကိုသာ သိအောင် လေ့လာ ရှာဖွေ အားထုတ်အပ်ပေသည်။


ဝိပဿနာဆိုသော အမည်သည် “ပညတ္တိံ ဌပေတွာ အနိစ္စာဒိ အာကာရေန ၀ိသေသန ပဿတီတိ ၀ိပဿနာ”ဟူသော ၀ိဂြိုဟ်အရ ပညတ်ဟူသမျှ လုံးဝမပါစေဘဲ ပရမတ် အာရုံသတ်သတ်ကို ၎င်းပရမတ်တို့၏ သဘောလက္ခဏာအတိုင်း မြင်အောင်၊ သိအောင် ရူနိုင်သော ပညာကို ၀ိပဿနာပညာဟု ခေါ်သည်။ ၀ိပဿနာသည် ပရမတ်ကို ရူရမည်ဆိုသော် မည်သည့် သဘောတရားကို ပရမတ်ဟု ဆိုသနည်း မေးငြားအံ့။ မဖောက်မပြန် အမှန်အကန်ရှိသော တရားတို့သည် မြတ်ကုန်၏။ ထိုမြတ်သော တရားတို့သည် ပရမတ်တို့ ဖြစ်ကုန်၏။ ၎င်းတရားတို့မှာ…

(စိတ္တံ - စေတသိကံ - ရူပံ - နိဗ္ဗာနံ)
“စိတ် - စေတသိက် - ရုပ် - နိဗ္ဗာန်”

ဟူ၍ ၄-ပါးဖြစ်သည်။ ၎င်းတို့သည် ပရမတ်ဟူသော သဘောတရားတို့သာ ဖြစ်ကြ၍ အကောင်အထည်၊ ဒြပ်၊ သဏ္ဍာန်၊ အဖြုံး၊ အမူန့်၊ အလုံး၊ အခဲ စသည် ပညတ် သမုတိအနေဖြင့် မှည့်ခေါ်ရေတွက်၍ မရစကောင်းသော “သဘောမျှသာ ရှိသည့်တရား” တို့ပေတည်း။

ထိုပရမတ်တို့သည်လည်း အကြောင်းတရားတို့ အပြုအပြင် အထောက်အပံ့ခံ (သင်္ခတ) ပရမတ်၊ အပြုအပြင် အထောက်အပံ့မခံ (အသင်္ခတ) ပရမတ်ဟူ၍ နှစ်ပါးပြားလေသည်။ ကျွန်ုပ်တို့သည် အပြင် အထောက်အပံ့မခံသော ပရမတ်သည် အကြောင်း အထောက်အပံ့အားဖြင့် သိ၍ မရသော အကျိုးတရားသက်သက် ဖြစ်သောကြောင့် ၎င်းတို့ကို သိဖို့မလိုချေ။

ကျွန်ုပ်တို့ သိရမည့် ပရမတ်ကား အကြောင်းအထောက်အပံ့ခံ (သင်္ခတ) ပရမတ်ကိုသာ သိရမည်ဖြစ်သည်။ ၎င်းတို့သည် အဘယ်နည်း။

“စိတ်-စေတသိက်-ရုပ်” ဤ ၃-ပါးသည် “ကံ”ဟူသော၊ “စိတ်”ဟူသော၊ “ဥတု”ဟူသော၊ “အာဟာရ”ဟူသော အကြောင်းတို့ မကင်းရကား ၎င်းတို့ကိုသာ သိဖို့လိုလေသည်။ ထိုအကြောင်းမကင်းသော (သင်္ခတ) ပရမတ်တို့ဟူ၍ သိနိုင်ရန်ကား ၎င်းတို့သည် အကြောင်းတရားတို့ စုပေါင်းပြုပြင်အပ်သော သင်္ခတတို့ဖြစ်၍ ၎င်းတို့ကို သိကြောင်း လက္ခဏတို့ဖြင့် သိမှတ်နိုင်ရန် အင်္ဂုတ္တရပါဠိတော်၌…

“တီဏိမာနိဘိက္ခဝေ သင်္ခတဿ သင်္ခတ လက္ခဏာနိကတမာနိတီဏိ၊ ဥပ္ပါဒေါ ပညာယတိ၊ ၀ယောပညယတိ၊ ဌိတဿ အညတတ္ထံပညာယတိ၊ ဣမာနိခေါဘိက္ခဝေ သင်္ခတ ဿသင်္ခတလက္ခဏာနိ”

(တိကအင်္ဂုတ္တရ ပါဠိတော် ၁၅၀)။

“ချစ်သားတို့၊ အကြောင်းအရာတို့ စုပေါင်းပြုပြင်အပ်သော (သင်္ခတ) တရားတို့ကို သိကြောင်း မှတ်ကြောင်းတို့သည် သုံးပါးတို့ပေတည်း။ အဘယ် သုံးပါးတို့ နည်းဟူမူ ဖြစ်ခြင်း လက္ခဏာသည် ပရမတ်ဖြစ်၍ ထင်ရှား၏။ ပျက်ခြင်းသဘော လက္ခဏာသည်လည်း ထင်ရှား၏။ ဖြစ်ခြင်းအခိုက်အတန့်အားဖြင့် ပြောင်းလဲခြင်း လက္ခဏာသည်လည်း ထင်ရှား၏။ ချစ်သားတို့… သင်္ခတ ပရမတ်ကို အကြောင်းအရာတို့ စုပေါင်းပြုပြင်အပ်သော သဘောလက္ခဏာတို့သည် ထိုသုံးမျိုးတို့ပေတည်း”

ထိုသင်္ခတဟူသော သင်္ခါရတို့သည် ဖြစ်ခြင်းသဘော ပျက်ခြင်းသဘောတို့ဖြစ်၍ နိဗ္ဗာန်ဟူသော အသင်္ခတသည် ထိုသင်္ခတလက္ခဏာ သင်္ခါရသဘောမျိုး မဟုတ်ကြောင်း သင်္ခတလက္ခဏာသုတ်ကို ဆက်၍ ဟောထားသည်။ ကျွန်ုပ်တို့သည် သင်္ခတဟူသော သင်္ခါရ ရုပ်နာမ်၏ သဘာဝကိုသာ ၎င်း၏ လက္ခဏာအတိုင်း သိဖို့မြင်ဖို့ အားထုတ်ရသည်။ ယင်းသို့ သင်္ခါရ သိဖို့မြင်ဖို့ အားထုတ်ရာ၌ ရှေးဦးစွာ သင်္ခါရဖြစ်သော “ရူပံ စိတ္တံ စေတသိကံ”တို့ကို ယထာဘူတ ကျနစွာ ပရမတ်သိ သိရန် လိုပေသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။











No comments:

Post a Comment