ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 16 December 2012

နိဂုံးကမ္ပတ် - အဆုံးသတ်

ကျွန်ုပ်သည် အဖွဲ့ချုပ်နာယကကြီး တောင်းပန်ချက်အရ ဤမူလ ပဏ္ဏာသ ပါဠိတော် - မဟာဒုက္ခက္ခန္ဓသုတ်ကို ရေးခဲ့၏။ ပါဠိတော် စာကိုယ်နှင့် အဖွင့် အဋ္ဌကထာတို့ကို ညှိနိုင်းကာ မြန်မာပြန်သည်။ သက်ဆိုင်ရာ အဆစ်အပိုင်းတို့တွင်လည်း ၎င်းနှင့်ဆိုင်ရာ သုတ်ဝတ္ထုတို့ကိုလည်း ကိုးကား၍ ထည့်ရေးလိုက်၏။ ဤသုတ်တွင် ချဲ့သင့်သော အလုပ်သဘောတွေကို ကာမမှ ထွက်မြောက်ရာ, အဆင်းရုပ်မှ ထွက်မြောက်ရာ, ခံစားမူဝေဒနာမှ ထွက်မြောက်ရာ အခန်းတို့ကို အလုပ်နှင့် ကိုက်အောင် ချဲ့သင့်၏။


“သုတ်မြန်မာပြန်” ဟူသော တားဆီးချက်ကြောင့် အလိုရှိတိုင်း မချဲ့နိုင်ခဲ့ချေ။ သို့ရာတွင် မြတ်စွာဘုရားဟောသမျှတရားတို့တွင် “လက္ခဏာရေးသုံးပါးလွတ်သော မည်သည်မရှိ”ဟု မဟာဝဂ္ဂသတိပဋ္ဌာန် နိဒါန်းတွင် မိန့်ဆိုချက်အရ လက္ခဏာပါရမည့် အလုပ် ဖြစ်စေရမည်ပင်။

မြတ်စွာဘုရား၏ ဟောတော်မူရင်း ရည်ရွယ်ချက်မှာ ကာမမှ ထွက်မြောက်လိုလျှင် “ဆန္ဒရာဂ၀ိနယ - ဆန္ဒရာဂပ္ပဟာန” ၎င်းကာမတို့အပေါ်၌ လိုချင်တပ်မက် နှစ်သက်တွယ်တာသော လောဘ တဏှာကို မဖြစ်အောင် ဆုံးမရမည်၊ နောက် ပယ်နိုင်အောင် အားထုတ်ရမည်ဟူသော သဘောသည် သံသရာကိုလှည့်လည် စေတတ်သော တဏှာကို ပြုတ်အောင် တိုက်ရမည်ဟု ဟောသည်။ အဆင်းရုပ်မှ ထွက်မြောက်လိုသူလည်း ထိုနည်းတူစွာပင်။ ခံစားမူ (ဝေဒနာ)မှ ထွက်မြောက်လိုရာတွင်လည်း ယင်း ဆန္ဒရာဂကိုသာလျှင် တစ်ခုတည်းသော တရားဖြစ်၍ ၎င်းကိုသာလျှင် ပယ်သတ်နည်း ထွက်မြောက်သောခရီးဖြစ်ကြောင်း ဟောသည်။

ဤသုတ်ကို အားလုံးခြုံ၍ ကြည့်လိုက်သော် တဏှာကို သတ်၍ ပဋိစ္စသမုပ္ပာဒ်သံသရာစက်ကို ဖြတ်သော တရားဖြစ်သော ခန္ဓာဒုက္ခ, သံသရာဒုက္ခကို ဒုက္ခဟူ၍ သိအောင် အားထုတ်ရာ၌ လမ်းမှန်ရအောင် ရှာဖွေလျက် ယထာဘူတကျလှသော ဗုဒ္ဓဘုရား၏ သာသနာတော်အလုပ်ကို လုံ့လမယုတ် ကြိုးပမ်းအားထုတ်လျက်ရှိကြကုန်သော ရဟန်း, ရှင်, လူ အကြင်သူတို့သည် မိမိတို့အားထုတ်အပ်သော တရားအား ယထာ ဘူတ ကျ-မကျကို လေ့လာဝေဖန်၍ ရခဲသိခဲလှသော မြတ်စွာဘုရား၏ သာသနာတော်ကို ပြုစုနိုင်ကြပါစေ။

တိုင်းသူပြည်သား လူအများသည်လည်း မင်း အစိုးရတို့သည်လည်း တိုင်းသူပြည်သူ ခပ်သိမ်းလူတို့အား တရားနှင့်အညီ အေးချမ်းသာယာစွာ အုပ်ချုပ်နိုင်ပါစေ။

တိုင်းသူပြည်သား လူအများသည်လည်း ရောဂါခပ်သိမ်း ဘေးရန်ငြိမ်း၍ စောင့်ထိန်း သီလ ဒါနကောင်းမူ အစုစုဖြင့် ကျွတ်ဆုကိုမှန်း အေးချမ်းကြပါစေ။

ဤသည် ကျမ်းစာပြီးဆုံးသည်အထိ ရေးပြုသည့်သူအား ဘေးဥပဒ်အန္တရာယ်တို့ မရှိခြင်း၊ စိတ်တွင် ညှိုးနွမ်း ပင်ပန်းနွမ်းနယ်မူ မရှိခြင်း၊ ဤသုတ်ကို ဟောသော မြတ်စွာဘုရား၏ ဂုဏ်တော်ကို အာရုံယူ၍ ရေးသောကြောင့် စိတ်လက်တည်ငြိမ်အေးချမ်းခြင်းတို့ဖြင့် ပြီးဆုံးပြီဖြစ်ရကား အများဝေနေ သတ္တ၀ါတွေလည်း စိတ်နေအေးချမ်း ရွှင်လန်းချမ်းမြေ့ကြပါစေကုန်သတည်း။

ဤစာရေးရကုသလကြောင့် ဒုက္ခသစ္စာဆင်းရဲစွာသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ မဖြစ်ဝေးစွာ ချုပ်ငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ဧကန်ရအောင် စွမ်းဆောင်နိုင်ရပါစေသား…

မဟာဒုက္ခက္ခန္ဓသုတ်အဖွင့် ပြီး၏။


ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။








No comments:

Post a Comment