ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 31 August 2010

ပူဇော်ကန်တော့ခြင်း အကျိုးများ



ဝတ္တုပစ္စည်းတို့ဖြင့် ပူဇော်ခြင်းသည် အာမိသပူဇာဖြစ်သည်။ မြတ်စွာဘုရား လမ်းညွှန်ချက် တရားတော် အတိုင်း လိုက်နာ ကျင့်ကြံသောအားဖြင့် ပူဇော်ခြင်းသည် ဓမ္မပူဇာ ဖြစ်သည်။ မြတ်စွာဘုရား ချီးမွမ်းတော်မှုသော ပူဇော်ခြင်းမှာ ဓမ္မပူဇာ ဖြစ်သည်။ ဘုရားရှင်၏ အဆုံးအမကို လိုက်နာကျင့်ကြံခြင်း၊ မိဘ၊ ဆရာသမားတို့၏ သြ၀ါဒကိုလိုက်နာ ကျင့်ကြံခြင်းစသည်တို့ကို အကောင်းဆုံး ပူဇော်ခြင်းမည်ပေ၏။



အကျိုးရှိသော ပူဇော်ကန်တော့နည်းမှာ မိဘဘိုးဘွားဆရာသမားများကို ပူဇော်ကန်တော့ကြသည့်အခါ အကျိုးတရား အပြည့် အ၀ရရှိစေရန် အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရပေမည်-

(၁) သဟတ္တာ ဒေတိ= အပူဇော်ခံ ပုဂ္ဂိုလ်လက်သို့အရောက် ကိုယ်တိုင်လက် နှစ်ဘက်ဖြင့် ကိုင်၍ ပေးလှူပါ၊

(၂) သက္ကစ္စ့ ဒါနံ ဒေတိ - ရိုသေလေးစားစွာလှူပါ၊

(၃) မလှူဒါန်းမီ ငါးပါးသီလ စသည်ကို ကြိုတင်ဆောက်တည်ပြီးမှ လှူဒါန်းပါ၊

(၄) ဓမ္မပူဇာအနေဖြင့် ရှေးဦးစွာ ဘုရားရှင်အား ဂုဏ်တော်ကို ရည်မှန်းရှိခိုးဦးချပြီးမှ လှူပါ၊

(၅) မိမိကနိမ့်ရာတွင်နေပြီး အပူဇော်ခံပုဂ္ဂိုလ်များ၏ သီလ၊ သမာဓိ၊ ပညာဂုဏ် တို့ကို အာရုံပြု၍ ရှိခိုးဦးချပါ၊ သြကာသဖြင့် ကန်တော့၍ ရှိခိုးပူဇော်ပါ။



ပူဇော်ကန်တော့ရသောအကျိုးမှာ များပြားလှပါသည်။ လောကရေးမှကြည့်လျှင် တန်ဖိုးရှိသော သြ၀ါဒများကို နာကြားရခြင်း၊ ပညာရှိတို့ ချီးမွမ်းခံရခြင်း၊ လူချစ် လူခင်ပေါများခြင်း စသည့်အကျိုးတို့ကို ရရှိပါသည်။ ဓမ္မရေးရာမှ ကြည့်လျှင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်းအားကြီးခြင်း၊ ကိုယ်စိတ်နှစ် ဖြာချမ်းသာခြင်း၊ ဥာဏ်ပညာကြီးမားခြင်း၊ ဘုန်းတန်းခိုးအာနုဘော် ကြီးမားခြင်းစသော အကျိုးတရားများကို ရရှိနိုင်ပါသည်။ ဒါန မင်္ဂလာ၊ ဂါရ၀နိဝါတ မင်္ဂလာ၊ ကတညုတ မင်္ဂလာ၊ သောဝစဿတာ မင်္ဂလာ စသော မင်္ဂလာတရားတော်တို့နှင့် ပြည့်စုံသဖြင့် ဧတာဒိသာနိ ကတွာန သဗ္ဗတ္ထ မပရာဇိတာ စသော မင်္ဂလာအကျိုးပြ ဒေသနာတော်အရ ပြောဆို ကြံစည် ဆောင်ရွက်သမျှ အောင်မြင်ရ ခြင်း၊ ဘေးရန် ခပ်သိမ်း ကင်းငြိမ်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း စသော အကျိုးတရားများကို ရရှိခံစားနိုင်ပေသည်။



သက်ကြီးရွယ်အိုများအား ရှိခိုး ပူဇော်ခြင်း၊ ရိုသေလေးစားခြင်း၊ ပြုစုလုပ်ကျွေးခြင်းတို့ကို အမြဲတစေ ပြုလုပ်သောသူသည် အသက်ရှည်ခြင်း စသော အကျိုးတရားလေးပါးကို ရရှိနိုင်သည်ဟု ဟောတော်မှုခဲ့ သည်။ ကန်တော့ ပူဇော်ရသော ကောင်းမှုကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် သေစေနိုင်သည့် အကုသိုလ်ကံကိုပင် ပယ်ဖျောက်၍ အသက် ၁၂၀-ထိပင် ရှည်စေခဲ့သည်။ သက်ကြီးဝါကြီးများအား ရိုသေလေးစားသူများ၊ ပူဇော်ကန်တော့ သူများသည် ဥပစ္ဆေဒကကံဖြင့် မသေနိုင်၊ ထို့ကြောင့် အသက်ရှည်လိုသူတိုင်း အစဉ် အလာကောင်း တစ်ရပ်ဖြစ်သည့် သက်ကြီးဝါကြီး ပူဇော်ကန်တော့မှုတို့ကို ထာဝစဉ် ပြုလုပ်သင့်သည်။



သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်းသည် အပြစ်ကို ပပျောက်စေနိုင်သည်။ သတ္တ၀ါမှန်သမျှ သံသရာခရီးသည် များချည်းသာ ဖြစ်ကြသဖြင့် အတိတ်ဘ၀များ၌ဖြစ်စေ၊ ယခုဘ၀၌ဖြစ်စေ၊ ကိုယ်နှုတ် နှစ်လုံး သုံးပါးတို့တွင် တစ်ပါးပါးဖြင့် ပြစ်မှားခဲ့မှုများ ရှိနိုင်ကြသည်။



အကယ်၍ ကန်တော့တောင်းပန်မှု မပြုခဲ့သော် သံသရာ ရန်ညိုးကြီးအဖြစ် ပါသွားတတ်သည်။ သံသရာတလျှောက် လက်စားချေ၍မဆုံး၊ အမုန်းသံသရာလည်နေတတ်သည်။ ကြီးလေးသော အဆိုးဆုံးသော အပြစ်များကို ကန်တော့ခြင်းဖြင့် ပပျောက်နိုင်သည်။ သောရေယျ သူဌေးသားဝတ္ထု၌ အရှင်မဟာကစ္စည်ကို ပြစ်မှားမိ၍ ယောက်ျားဘ၀မှ မိန်းမဖြစ်ခဲ့ရသည်။ သို့သော် အရှင်မြတ်ကို ၀န်ချ တောင်းပန်ကန်တော့လိုက်သဖြင့် ယောက်ျားဘ၀ ပြန်ရောက်ကာ ရဟန္တာ ဖြစ်ခဲ့သည်။



ထို့ကြောင့် လောကအကျိုး တမလွန်အကျိုးများ ရရှိနိုင်သည့်အပြင် အပြစ်ကြီးငယ်တို့ကို မပျောက်သွား စေနိုင်သည့် ဓလေ့ကောင်း၊ အကျိုးရှိသော အစဉ်အလာကောင်း တစ်ခုဖြစ်သည့် သီတင်းကျွတ် သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲများကို မြန်မာ့ယဉ်ကျေးမှုအနေဖြင့် အစဉ်ထာဝရ ထိန်းသိမ်းထားရပေမည်။

1 comment:

  1. အင်း မယ်သီလရှင်လေးက လိမ်မာသားပဲ

    ReplyDelete