ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 29 July 2009

" အော်ပရေးရှင်းငှက်ပျောအူ"

Photobucketသင်္ဘောသားဘ၀နှင့် နိုင်ငံတော်အစုံစုံကို ကိုသက်ပန်ရောက်ခဲ့ပြီးပါပြီ။ အတွေ့အကြုံလည်း အတန်အသင့် စုံခဲ့ပါပြီ။ အစားအသောက်လည်း အတော်စုံစုံ စားခဲ့ဖူးပါပြီ။
ပြည်ပရောက်နေရင်း သင်္ဘောကမ်းကပ်သည့်အခါ အချိန်ရလျှင် ကိုသက်ပန်တိုပ ရွှေမြန်မာများ ကမ်းပေါ်တက်လည် တတ်ကြပါသည်။ ထမင်းစားချိန် ကမ်းပေါ်ရောက်နေသည့် အခါမျိုးဝမ်းတွင်းပူစာ မနေသာသည့် အခါမျိုးတွင် ဟမ်ဘာဂါလိုမျိုး၊ ဟော့ဒေါ့လိုမျိုးတော့ ၀ယ်စားတတ်ကြပါသည်။ မက်ဒေါ်နယ်လို ဟန်ဘာဂါဆိုင်များက နိုင်ငံတိုင်း မြို့ကြီးတိုင်းမှာလိုလို ရှိပါသည်။ ဟမ်ဘာဂါတစ်ခု၊ အာလူးချောင်းကြော် ပူပူနွေးနွေးတစ်ထုပ်၊ ကိုကာကိုလာတစ်ဘူးဆိုလျှင် အစာလုံးသေးသော မြန်မာ တစ်ယောက်အတွက် တစ်နပ်စာတော့ အေးဆေးစွာ ဖူလုံပါသည်။ ကြိုက်လွန်း၍ ၀ယ်စားကြခြင်းမဟုတ်ပါ။ တွက်ချေကိုက်၍သာ ဖြစ်ပါသည်။ သို့ပါသော်လည်း ဟမ်ဘာဂါကိုက်နေရင်း စပါးလင်နံ့သင်းသင်းနှင့် မြန်မာ့မုန့်ဟင်းခါးကို သတိရနေတတ်ကြပါသည်။ တနင်္ဂနွေလိုရက်မျိုး မရှိ၊ ရှိတာ ကြံဖန်၍မုန့်ဟင်းခါးချက်ကျေးတတ်ပါသည်။ မည်ကာ မတ္တဆိုပါတော့။ စပါးလင်၊ ဂျင်းစုံပြန်တော့ ငရုတ်ကောင်းက မရှိ၊ တစ်ခါတစ်ရံ ငါးသေတ္တာဘူးဖောက်၍ မုန့်ဟင်းခါးချက်ရသည်။ ငါးအစိုမရှိတာကို။ တစ်စုံတစ်ခုကတော့ လိုနေမြဲကျန်သည့် အမယ်အားလုံးစုံတာတောင် အမြဲကျန်ရစ်နေသည်က ငှက်ပျောအူပါ။ ကိုသက်ပန်ကတော့ ငှက်ပျော်အူဖတ်ကလေးမှမပါလျှင် မုန့်ဟင်းခါးဟူ၍ပင်မထင် အစွဲကြိးသူပါ။ ငှက်ပျော်အူကိုခရေဇီဖြစ်မိ၍ သင်္ဘောသားသက်တမ်းအတွင်း အမှတ်တရ ဖြစ်စရာကလေးများ ကိုသက်ပန်တွင် ရှိခဲ့ဖူးပါသည်။
လွန်ခဲ့သော ငါးနှစ်ခန့်က (M.V.Pro Pacifica) အမည်ရှိ သင်္ဘောတစ်စီးတွင် ကိုသက်ပန် တာဝန်ထမ်းခဲ့ရဖူးသည်။ သင်္ဘောက အနောက်ဘက်တွင် တောင်အာဖရိက၊ အာဂျင်တီးနား၊ ဘရာဇီး၊ အရှေ့ဘကတ်တွင် ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ် စသည်ဖြင့် ပုံမှန်သွားပါသည်။ သင်္ဘောပေါ်ရောက်ပြီး ခြောက်လခန့်တွင် မုန့်ဟင်းခါးကို လွမ်းလွမ်းဆွေးဆွေးရှိသည်နှင့် ချက်ကြီး ( C/K ) ကို ပူစာမိသည်။ ချက်ကြီးကလည်း ကြံဖန်လုပ်ကျွေးရှာပါသည်။ သိုပပေမဲ့ စပါးလင်မပါ၊ ဂျင်းနှင့် ချက်သောမုန့်ဟင်းခါး ဘယ်မှာစားကောင်းပါမည်လဲ။ အခါတစ်ပါးတွင့် စပါးလင်ပါသော မုန့်ဟင်းခါးကိုစားဖို့ အခွင့်ထူးတစ်ခုကြုံခဲ့ပါသည်။ ရီယူနီယံ (REUNION) ဟူးသော ကျွန်းငယ်လေးတစ်ခုတွင် ကုန်ချရင်း ကိုသက်ပန်တို့သင်္ဘော တစ်ညတာဆိပ်ကမ်းတွင် ရပ်နားခဲ့သည်။ ဆိပ်ကမ်းဝင်းထဲဆင်းပြီး ကိုသက်ပန်တစ်ယောက် ပထ၀ီဓာတ်ယူနေခိုက်၊ ဆိပ်ကမ်းလုံခြုံရေး ရဲစခန်းဝင်းအပြင်ပတ်လည်တွင် စနစ်တကျ အလှစိုက်သော အပင်များကို စိတ်ဝင်စားသွားမိသည်။ ကုန်းဖို့၍ စိုက်ထားခြင်းဖြစ်သည်။ တစ်အုံနှင့်တစ်အုံ ငါးပေခြားခန့် စနစ်တကျစိုက်ထားသည်။ တစ်အုံကို လူကြီးလက်တစ်ဖက်မက။ မယောင်မလည်နှင့် အနားကပ်သွားပြီး အရွက်တရွက်ကို ခူးချေနမ်းကြည့်မိသည်။ ကိုသက်ပန်တစ်ယောက် ထခုန်မတက်
ဝမ်းသာမိသည်။ စပါးလင်ပင်တွေပဲ။ ထပ်မံတွေ့ထားသော ငှက်ပျောပင်အုပ်များ အပင်သုံးဆယ်ခန့်ရှိမည်။ လူတစ်ရပ်သာသာ။ ဘာငှက်ပျော်မျိုးမှန်းတော့မသိ။ သိစရာမလို။ ကိုယ်လိုချင်သည်က ငှက်ပျောအူတိုင်ပေပဲ။ ကာရန်တော့သင့်နေပြီ။ အကွက်ကျက်လုပ်ရဲဖို့ပဲလိုသည်။ တစ်ယောက်တည်းတော့ မဖြစ်။ သင်္ဘောပေါ်ပြန်တက်ပြီး ချက်ကြီးနှင့် တိုင်ပင်သည်။ A.B ကိုကျော်မြင့်စိုးနှင့် ကိုရဲနောင်တို့ကို အဖော်ညှိသည်။ အေဘီနှစ်ယောက်က မီးစိမ်းပြသော်လည်း ချက်ကြီးက အင်တင်တင်ဖြစ်နေသည်။
“ ဖြစ်...ဖြစ်ပါ့မလားဗျာ...သူတို့ရဲဝင်းထဲက စိုက်ထားတာတွေ မိသွားမှ ကွိနေဦးမယ်...”
“မပူစမ်းပါနဲ့ ချက်ကြီးရာ...ညဆယ့်တစ်နာရီလောက်မှ လုပ်ငန်းစမှာပါ...ခင်ဗျားက လမ်းပေါ်ကမယောင်မလည်နဲ့ ကင်းလှည့်ကားကိုကြည့်ထား...ကျွန်တော်အထဲဝင်မယ်...ဓားကောင်းကောင်း တစ်ချောင်းသာပေး...ကိုရဲနောင်နဲ့ ကိုကျော်မြင့်စိုးက စပါးလင်တွေဆွဲနှုတ်ပြီးတာနဲ့ သင်္ဘောပေါ် တက်ပြေးပေတော့...ကျွန်တော်အထဲမှာ ငှက်ပျော်ပင်လှဲမယ်...”
ကိုသက်ပန်က စီစဉ်ထားသည်များကို ရှင်းပြရသည်။ ညဆယ့်နှစ်နာရီတွင် လုပ်ငန်းစတော့သည်။ ဆိပ်ကမ်းဝင်း အတွင်းလူတွေလည်း ရှင်းသွားပြီ။ လဆစ်ခြမ်းပဲံကလေး ကောင်းကင်ကနေ ငေးငေးကလေး ကြည့်နေသည်။ သင်္ဘောဦးမှ ငါးမိနစ်ပင်မလျှောက်ရဘဲ ရဲစခန်းဝင်းနား ချဉ်းကပ်မိကြပေပြီ။
လက်တစ်ပွေ့ခန့်စီ စပါးလင်များကို အံကြိတ်ပြီးနှုတ်ကြသည်။ အရွက်တွေက ရှလည်းရှ၊ ယားလည်းယား စိတ်ကြိုက်လိုသလောက်ရတော့ အေဘီနှစ်ယောက်ကို စပါးလင်တွေနဲ့အတူ သင်္ဘောကို ပြန်လွှတ်လိုက်ရသည်။ ကိုသက်ပန်ကတော့ အမှောင်ရိပ်အားကိုးနဲ့ ရဲစခန်းဝင်းနောက်ဘက်မှာ ငှက်ပျောတောအုပ်ထဲသို့ သတိကြီစွာထားပြီးဝင်ခဲ့သည်။ ငှက်ပျော်တောထဲရောက်တော့ အသက်ရူမှန်အောင် တစ်ခဏနားလိုက်ရသည်။ ပြီးတော့ စိတ်ကြိုက် ငှက်ပျောပင်ကို အရင်းမှကပ်၍ ဓားနှင့်ကြိတ်လှီးရသည်။ ငှက်ပျော်စေးတွေက လူတစ်ကိုယ်လုံး စွန်းပေကုန်သည်။ ကိစ္စမရှိသည်လောက်တော့ ဒုက္ခခံရပေမည်။ ပြတ်သွားသော ငှက်ပျော်ပင်နှစ်ပင်ကို အသာမြေကြီးပေါ်တွင် လှဲချ၍ တစ်တောင်ခန့်စီထပ်ပြီးဖြတ်သည်။ ပြီးတော့ အပြင်အခွံကြမ်းတွေ ခွာချလိုက်တော့ အူတိုင်နုနု ပေါ်လာတော့သည်။ ငှက်ပျော်အူတုံးများကို အသင့်ပါလာသော ပလတ်စတစ် အိတ်ထဲထည့်၍ လူလစ်သည်နှင့် သင်္ဘောပေါ် ပြေးတတ်ခဲ့သည်။
နော်ကတစ်နေ့ စပါးလင်နံ့သင်းသင်းနှင့် ငှက်ပျောအူပါသော မုန့်ဟင်းခါးကိုစားရင်း ယမန်နေ့က စွန့်စားခန်း ကိုသက်ပန်၏ အတွေ့အကြုံရှင်းပွဲကို ကျန်သူများ မချိသွားဖြဲဖြင့် နားဆင်ကြရလေသတည်း။
ထိုကဲ့သို့ မုန့်ဟင်းခါးတစ်ခွက်၊ လျှာအရင်းမြက်စေဖို့ ကြံဆခဲ့သည်မှာ အောင်မြင်ခဲ့သလို မအောင်မြင်ဘဲ အရှက်ဟက်တက်ကွဲခဲ့ရသော အတွေ့အကြုံလည်း ရှိခဲ့ဖူးပါသည်။ ပြီးခဲ့သည့် တစ်ခေါက် (M.VCM.BT ECHO) ဟူသော ဆိပ်ကမ်းမြို့ တစ်မြို့သို့ ရောက်ခဲ့သည်။ ထိုနိုင်ငံ၏ ရေမြေသဘာဝကို စူးစမ်းမိပြိး ငှက်ပျော်ပင် ရှိနိုင်မည်ဆိုသည်ကို ကိုသက်ပန်ခန့်မှန်းမိသည်။ သင်္ဘောပေါ်တွင် တာဝန်ကျသူတို့ နိုင်ငံသား (WATCH MAN) ကိုမေးတော့ နားမလည်။ သူတို့က ပြင်သစ်စကားပြောသူတွေကိုး။ ဆင်းရဲသောနိုင်ငံဖြစ်၍ မိမိထံမျပိုသော ဆပ်ပြာတုံး၊ ဆပ်ပြာမှုန့် (သို့မဟုတ်) ဒေါ်လာအနည်းငယ်ထောက်ပံ့လိုက်လျှင် ပေါ်လစ်တင်ထားသော ကျောက်မီးသွေးခဲနှယ် မျက်နှာထက်က ဖြူဖွေးသော သွားများလှစ်ဟလာစမြဲ။ စေခိုင်းရာအသင့် လုပ်ပေးဖို့ ၀န်မလေးသူတွေပါ။
ဒါပေမယ့် ငှက်ပျောပင်ကို ဘယ်လိုမှ ဘာသာပြန်မရ။ ခွအကျကြီးကျနေတော့သည်။ သည်တါင် (Deck Cadet) စောဖေလင်းရောက်လာပြီး...
“ဟာ...သာဒ်အီးကလည်း ဒီကောင်တွေကို လေကုန်ခံမနေနဲ့။ လိုချင်တာ စာရွက်ပေါ်မှာ ပုံသာဆွဲပြလိုက်...ရအောင်ယူလာမှာ...”
“အေး...ဟုတ်သားကွ...ဒါပေမယ့် ငါက ငှက်ပျောပင်ပုံဆွဲမပြတတ်ဘူးကွ...တီကောင်တောင်ဖြောင့်အောင် မဆွဲနိုင်တဲ့ဟာ...”
“နေ...နေ...ကျွန်တော် ဆွဲပေးလိုက်မယ်...ငှက်ပျောပင်ပုံနော်...”
စောဖေလင်းက ဟန်ကျပန်ကျနှင့် စာရွက်ပေါ်တွင် ဆွဲပေးလိုက်ပြီး ပါးစပ်ကလည်းပြော လက်အမှုအရာဖြင့်လည်းပြလိုက်သေးသည်။
“ဘစ်...ဗဲရီးဘစ်” အပင်ကြီးကြီးပါတဲ့”
“အိုကေ...အိုကေ...”
အိုကေတစ်လုံးတော့ သူတို့နားလည်သားပဲ။ စိတ်တော့ အေးသွား၇ပြီ။ နောက်တစ်နေ့ မုန့်ဟင်းခါး စားရပေတော့မည်။ ကိုသက်ပန်တစ်ယောက် အတွေးစိတ်ကူးဖြင့်ကြည်နှုးရင်း အိပ်ပျော်သွားခဲ့သည်။ အမယ်လေး အိပ်မက်ထဲမှာ မုန့်ဟင်းခါးတွေစားလို့ တစ်ပန်ကန်ပြီး တစ်ပန်ကန်။
“ဒေါက်...ဒေါက်...ဒေါက်...”
“ဟေ့...ဘယ်သူလဲကွ”
မနက်စောစောစီးစီး အခန်းတံခါးကို လာခေါက်သံကြားရ၍ အိပ်ချင်မှုးတူးနှင့် တံခါးထဖွင့်ရင်းမေးမိသည်။
မနက် (4 to 8 Cadet) မင်းမင်းအောင်ပါ။
“ဘာလဲကွ”
“ဘာလဲမနေနဲ့(gaung-way) ထိပ်မှာ ကပ္ပလီ လေးယောက် ရောက်နေတယ်...သာ့ဒ်အီး မှာထားလို့ဆိုပြီး လာပို့နေတယ်...ကပ္ပတိန်ကလည်း အပေါ်ပေးမတတ်ဘူး...အဲ့ဒါသွားရှင်းပေးလိုက်ဦး...”
ကပ္ပတိန်က...
“သာ့ဒ်အင်ဂျင်နီယာ...မင်းဒီကောင်တွေကို ဒီအုန်းပင်ကြီး ဘာလုပ်မလို့မှာလိုက်တာလဲ...မင်းအခန်းထဲမှာ စိုက်မလို့လား...ငါ့သင်္ဘော အဲ့ဒီလောက် မကြီးဘူးကွ...”
“တောက်...သေပါပြီကွာ...အ၇ှက်ကွဲပါပြီ...ဘယ်လိုရှင်းပြရမှာလဲ...တရားခံဟိုကောင် စောဖေလင်း ငှက်ပျောပင်ကို ငှက်ပျောပင်နဲ့တူအောင် အဆွဲဘူး...အုန်းပင်နဲ့တူအောင် ဆွဲလိုက်တယ်...အခုတော့...ကောင်းကြသေးရဲ့လား...ဒင်း (သင်း) တော့လားကွာ...”

No comments:

Post a Comment