ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို အောက်မေ့တဲ့လူဟာ ကြောက်ရွံ့ထိတ်လန့်ခြင်း၊ ကြက်သီးထခြင်းတွေ ပျောက်တယ်လို့ ဘုရားရှင် ကိုယ်တော်တိုင်က ဓဇဂ္ဂသုတ်မှာ ဟောထားပါတယ်။ ဒီလိုပျောက်ရတာဟာလဲ ရတနာသုံးပါးမှာ ရာဂဒေါသ မောဟတွေ ကင်းပြီး ကြောက်ရွံ့ထိတ်လန့်မှုတွေ မရှိလို့ ဖြစ်ပါတယ်လို့ ဘုရားရှင်က အကြောင်းပြထားပါတယ်။
အဲဒီ ဓဇဂ္ဂသုတ် ဘုရားဟောတရားကို ထောက်ထားပြီးတော့လဲ ဗုဒ္ဓဘာသာ ကျမ်းဂန်တွေကို ပြုစုတော်မှုကြတဲ့ ဆရာတော်တွေဟာ ကျမ်းမပြုမီ ရတနာသုံးပါး ဆရာသမားတွေကို ရှိခိုးကန်တော့ပါတယ်။ ရှိခိုးတဲ့စာတွေကိုလဲ ကျမ်းဂန်အစမှာ ရေးထည့်ထားကြတယ်။ ကျမ်းပြုပုဂ္ဂိုလ်တွေရှိတဲ့ ရည်ရွယ်ချက်က ရှိခိုးမှုကြောင့် အန္တရာယ်ကင်းပြီး ကျမ်းကိုပြီးအောင် ရေးနိုင်ဖို့ ဖြစ်ပါတယ်။ စာထဲမှာ ရတနာသုံးပါး ရှိခိုး ရေးထည့်ထားတာကတော့ ကျမ်းဂန်ကို သင့်တဲ့တပည့်တွေလဲ ထိုအတိုင်း ရှိခိုးပြီး အန္တရာယ်တွေကင်းကာ ထိုကျမ်းဂန်ကို ပြီးအောင်သင်ကြားနိုင်ကြဖို့ ဖြစ်ပါတယ်လို့ ဖွင့်ဆိုကြပါတယ်။
ဒါကြောင့်လဲ သမ္ဗုဒ္ဓေဘုရားရှိခိုးဂါထာတွေကို ရွတ်ဆိုတာဟာ ဘုရားကို နှုတ်နဲ့ရှိခိုးတဲ့ ၀စီဝန္ဒနာ ဖြစ်တဲ့အတွက် မုချဧကန် အန္တရာယ် ကင်းနိုင်တယ်လို့ ယုံယုံကြည်ကြည်နဲ့ မြန်မာလို အဓိပ္ပာယ်သိပြီး ရွတ်ဖတ်ရှိခိုးနိုင်ကြပါတယ်။
No comments:
Post a Comment