မြန်မာအမည် - အမဲတံစို့
အင်္ဂလိပ်အမည် - Lon’s Eari Tail
ရုက္ခဗေဒအမည် - Leonotis Nepetifolia
မျိုးရင်း - Ladiatae
ပုံသဏ္ဌာန်မှာ တစ်နှစ်ခံ အပင်ငယ်မျိုး ဖြစ်သည်။ ပင်စည်လေးထောင့်ပုံရှိပြီး အမွှေးနုကလေးများ ပါရှိသည်။ ပင်စည်ရိုးတန်တွင် အရွက်ကြီး ၂-ရွက်၊ အရွက်သေး ၄-ရွက် မျက်နှာချင်းဆိုင် အလှည့်ကျထွက်သည်။ အရွက်များ ရွက်ရင်းပိုင်းကျယ်ပြီး ရွက်ဖျားပိုင်းသို့ သွယ်သွားသည်။ သနပ် ပစ္စည်းရွက်နှင့် ဆင်ဆင်တူသည်။ အရွက်ပြားတွင် အမွှေးနုလေးများ ပါရှိပြီး အနားများတွင် ခွေးသွားစိမ်ကလေးများ ပါရှိသည်။ ရွက်ညှာရှည်၏။ နွေရာသီရောက်သော်အခါ အရွက်များ ကြွေကျသွားသည်။ အပင်၏ ရိုးတံ အဆစ်တို့တွင် ဆူးများပါသည်။ ပွင့်ခိုင်များ အဆင့်ဆင့် ပွင့်သည်။ အပွင့်ခိုင်တွင် လိမ္မော်ရောင် ပန်းပွင့်ကလေးများ ပွင့်၏။ နွေရာသီတွင် အရွက်များ ကြွေကျပြီး အမဲတံစို့ ထိုးထားသကဲ့သို့ ရိုးတန်တွင် ပွင့်ခိုင်အခြောက်များ ခိုင်မြဲစွာ ကျန်ရှိသည်။
စိုက်ပျိုးသည့် ဒေသမှာ မြန်မာနိုင်ငံ အပူပိုင်းဒေသ မြေပြန့်လွင်ပြင်နေရာ အနှံ့အပြားတွင် ပေါက်ရောက်သည်။
ရေမြေရာသီဥတုမှာ စိုက်ပျိုးနိုင်သည့် မြေအမျိုးအစားအားလုံး မြေမရွေး စိုက်ပျိုးပေါက်ရောက်နိုင်သည်။ အပူပိုင်း ဒေသအထူးသဖြင့် မိုးရေချိန် ၄၀-လက်မမှ ၈၀-လက်မအတွင်း မိုးရွာသွန်းသည့် ဒေသများတွင် ပိုမို ဖြစ်ထွန်းသည်။
ပြုစုစိုက်ပျိုးနည်းမှာ စိုက်ပျိုးမည့် မြေကို ထယ် ၁-စပ်ထွန်၊ ၄-စပ်ထိုးရကုံဖြင့် လုံလောက်သည်။ ပျိုးသေတ္တာအတွင်းအစေ့ကို ပျိုးထောင်ပြီး အပင်ပေါက်၍ ၁-လက်မခွဲခန့် ရှိသောအချိန်တွင် ပလပ်စတစ်အိတ်၊ ၀ါးဆစ်ဘူးများအတွင်း ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ တစ်လခန့်ရှိသည့် အချိန်တွင် မြေချစိုက်ပျိုးသင့်သည်။
ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးပါက တစ်ပင်နှင့် တစ်ပင် ၁-ပေပတ်လည်ထားရှိ၍ စိုက်ပျိုးသင့်သည်။ ၁-ပေခြား စိုက်ဘောင်လေးများပေါ်တွင် စိုက်ပျိုး ရေသွင်း ရေလောင်းပေးရသည်။ စိုက်ခင်းမြေ ညံ့ဖျင်းပါက သဘာဝ မြေသြဇာနှင့် သစ်ရွက်ဆွေး မြေသြဇာကို အပင်မစိုက်မီ ထည့်သွင်းပေးသင့်သည်။ အစေ့မှ မျိုးပွားယူ၍ တိုက်ရိုက်ချစိုက်နိုင်သည်။
တစ်ဧကလျှင် အပင်ပေါင်း ၃၄၅၆၀-ပင်ခန့် စိုက်ပျိုးနိုင်သည်။ စိုက်ခင်းတွင် အပင်စိုက်ပြီး ပင်တန်း စိုက်ဘောင်များ အကြားတွင် ရေသွင်းပေးရသည်။ ပန်းပွင့်စုံချိန်တွင် ထပ်မံ၍ ရေတစ်ကြိမ် သွင်းပေးပါက ပို၍ ကောင်းမွန်သည်။ ပင်သက် ၁-နှစ်အတွင်း အခါအားလျောစွာ ပေါင်းရှင်းပေးရန် လိုပါသည်။
နုတ်သိမ်းခြင်းမျာ အဲတံစို့ပင်များအား ပဉ္စငါးပါး(တစ်ပင်လုံး) ပါအောင် နုတ်၍ အသုံးပြုနိုင်သည်။ တစ်ဧကစိုက်ထားပါက အမဲတံစို့ ပဉ္စငါးပါးခြောက် အကြမ်းအားဖြင့် ပိဿာ ၁၀၀ အထိ ရရှိနိုင်သည်။ အပင်ခြောက်မှ အစေ့ကို ထုတ်ယူပြီး မျိုးစေ့အဖြစ် သိမ်းဆည်းနိုင်သည်။ နုတ်သိမ်းပြီး အပင်များကို အရိပ်အောက်တွင် ခြောက်သွေ့စေပါက အာနိသင် ထက်မြက်သည်ဟု ဆိုသည်။
အသုံးပြုနည်းမှာ အဲမဲတံစို့ကို သူငယ်နာပေါင်းချုပ်ဆေး၊ လေဆေး၊ သွေးဆေးများ ဖော်စပ်ရာတွင် ထည့်သွင်းသုံစွဲကြပါသည်။
