ရှေးအခါက နေပြည်တော်အနီး မြို့ကြီးတစ်မြို့၌ သံဃာ့ စာသင်တိုက်ကြီး တစ်ခုတည်ရှိ၏။ စာသင်သား သံဃာပေါင်း အပါး (၁၀၀) ကျော်နှင့် ကိုရင်အပါး (၃၀၀) ကျော်တို့ စာသင်အံနေကြ၏။
တစ်နေ့သောအခါ မည်သို့သော အကြောင်းကြောင့်မသိဘဲ ကျောင်းတွင်းမှ သံဃာများနှင့် ကိုရင်များသည် အုပ်စုဖွဲ့၍ တစ်ပါးနှင့်တစ်ပါး အသင့်မမြတ်ဖြစ်ကြရင်း အခြေအနေတို့မှာ တဖြည့်းဖြည်း တင်းမာလာ၏။
ကျောင်းတွင်းရှိ တိုက်အုပ်ခန်းနေ စာချကိုတော်တို့သည်လည်း အခြားရဟန်းငယ်များနှင့် ပေါင်းကာ မသင့်မတင့်နှင့် အုပ်စုကွဲ၍ အခြေအနေမှာ ပဋိပက္ခဖက်သို့ ဦးတည်နေသည့်အတွက် ကျောင်းထိုင်ဆရာ တော်ကြီးခမျာ စိတ်လက်မချမ်းမသာနှင့် ဖြစ်နေရလေ၏။
တစ်နေ့ ဆရာတော်၏ (၈၃)နှစ်မြောက် မွေးနေ့ပွဲ၌ ကျောင်းတွင်းမှ ရဟန်းသံဃာကိုရင်အားလုံး ထိုရသေ့အိုကြီးကို ခင်မင်ကြ၏။
ရိုလည်းရိုသေကြ၏။
ရှင်ရသေ့အိုကြီးသည် ကျောင်းထိုင် ဆရာတော်ဘုရားကြီးနှင့် နုပျိုစဉ်ကတည်းက “တောရ” ဆောက်တည်ဖက်ဖြစ်ပြီး ညီတော်နောင်တော်ကဲ့သို့ ခင်မင်ကြသည်။ ယနေ့တိုင် တောထဲတွင် တစ်ပါးတည်း တောရဆောက်တည်နေပြီး တစ်နှစ်တစ်ခါ ဆရာတော်ကြီး မွေးနေ့တွင်သာ (၁)ရက် မြို့အတွင်းသို့ ၀င်လာလေ့ရှိသော “ရသေ့သူတော်စင်ကြီး” ဖြစ်သည်။
ညနေပိုင်း၌ ဆရာတော်ကြီးနှင့် ရှင်ရသေ့တို့သည် ထွေရာလေးပါးပြောကြရင်း ရှင်ရသေ့က “ဒါနဲ့ နောင်တော် ဆရာတော်ဘုရား ဒီနှစ်အရှင်ဘုရား မျက်နှာတော်ကြည့်ရတာ မျက်နှာမရွှင်မပြနဲ့ အကျိုးအကြောင်းလေးများ တပည့်တော်သိလို့ရမလား” ဟူ၍ မေးလေ၏။
ထိုအခါ ဆရာတော်ဘုရားကြီးက
“ဒီလိုပါ ရှင်ရသေ့ရယ် ဒီနှစ်ဘယ်လို ဖြစ်မှန်းမသိဘူး။ ကျောင်းထဲမှာ အုပ်စုတွေဖွဲ့လို့ တစ်နေ့တခြားပိုဆိုးလာတယ်။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ရန်ထဖြစ်နေကြတယ်။ ဘယ်လိုရှင်းရှင်း ပိုရူပ်လာသလိုပဲ။ ကျောင်းရဲ့ အနာဂတ်ကို ရင်မောလို့ပါ ရှင်ရသေ့ရယ်” ဟု ပြောလိုက်လေ၏။
ရှင်ရသေ့အိုသည် ခေတ္တမျှစဉ်းစားနေပြီး မကြာမီ တစ်ချက်ပြုံးလိုက်ရင်း…
“ဒီကိစ္စ…လွယ်ပါတယ်။ တပည့်တော် တာဝန်သာထားလိုက်ပါ။ နောင်တော် ဆရာတော်ဘုရား စိတ်အေးလက်အေးသာ နေပါ။ နက်ဖြန်ကစပြီး တဖြည်းဖြည်းနဲ့ ရှင်းသွားမှာပါ။ ဒီနှစ် တပည့်တော်ပေးတဲ့ မွေးနေ့လက်ဆောင်လို့ သဘောထားလိုက်ပါ”ဟု ပြောလိုက်ရင်း တရားအကြောင်း အရာတို့ကို ဆက်လက် ဆွေးနွေးကြလေသည်။
နောက်တစ်နေ့နံနက်၌ ရှင်ရသေ့အိုသည် မိမိ “တောရ” ဆောက်တည်သော အရပ်သို့ ပြန်ရန် ဆရာတော်ကို ၀တ်ဖြည့်၍ ကျောင်းအောက်သို့ ဆင်းခဲ့လေသည်။
ကျောင်းဝင်း အ၀နားရောက်သောအခါ ကိုရင်နှစ်ပါးနှင့် ဥိးဇင်းတစ်ပါးထိုင်နေသည်ကို တွေ့၍ အိတ်တွင်းမှ ငှက်ပျောသီး(၃)လုံးကို ထုတ်လိုက်ပြီး တစ်ပါးတစ်လုံးစီ ကပ်လိုက်ရင်း သူတို့အနားတွင် ထိုင်လိုက်သည်။
ထို့နောက် ရှင်ရသေ့က …
“အင်း…ဒီကျောင်းမျာ ကိုရင်တွေရော ဦးဇင်းတွေရော ဥပတိရုပ်ကောင်းကြတယ်။ ပညာအရာမှာလည်း အခြားကျောင်းတွေထက် ဉာဏ်ရည်သာတယ်။ ဒါကြောင့် တပည့်တော်ထင်တယ် ဒီကျောင်းမှာ လွန်ခဲ့တဲ့ဘ၀က စာတတ်ပေတတ် “ဆုကြီးပန်ဆရာတော်ကြီး” တစ်ပါးပါး ပြန်ဝင်စားတာ ရှိလိမ့်မယ်ထင် ပါတယ်။ တပည့်တော် အတတ်မပြောနိုင်ဘူးနော်။ ထင်တာကိုပြောတာ”
ဟုပြောရင်း တောတွင်းသို့ ပြန်ကြွသွားလေတော့၏။
မကြာမီ၌ပင် ရှင်ရသေ့အို၏ ပြောခဲ့စကားသည် တစ်ကျောင်းလုံး ပျံ့နှံ့သွားလေ၏။ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် “ရှိလိမ့်မယ်ထင်တယ်” ဟူသော စကားထက် “ရှိတယ်” ဟူသော စကားဘက်သို့ ဦးတည်ပြောဆိုလာကြ၏။
“ရှင်ရသေ့အိုကြီးက ပြောသွားတယ်။ တို့ကျောင်းမှာ ရှေးဘ၀က စာတတ်ပေတတ် “ဆုကြီးပန်ဆရာတော်ကြီး” တစ်ပါး ပြန်ဝင်စားတဲ့ ဦးဇင်း (သို့) ကိုရင်တစ်ပါးရှိတယ်တဲ့”
ဟူသော သတင်းသည် တစ်ပါးနှင့် တစ်ပါးကြား တစ်ကျောင်းလုံးသာမက ရပ်ရွာတွင်းသို့ပါ ပျံ့လွင့်သွားတော့၏။
ထိုအခါ တစ်ချို့သော ရဟန်းတို့ကလည်း…
“ဟာ…ဒါဆိုဒုက္ခပဲ တို့ပြဿနာရှာနေတဲ့ ဦးခေမာစာရဟာ ဆရာတော်ကြီး ပြန်ဝင်စားတာဖြစ်နေရင် တို့ အကုသိုလ်တွေ ပိုများလိမ့်မယ်။ သူလည်း ဥပတိရုပ်ကောင်းပြီး စာလည်းတော်တယ်”ဟု တစ်ဖက်နှင့်တစ်ဖက် တွေးကြ၏။
ကိုရင်များကြားတွင်လည်း…
“ဟာ…ဟိုခေါင်းမှာ “ဒက်” တွေပြည့်နေတဲ့ “နန္ဒမာလာ” ဟာ ဆရာတော်ကြီး ၀င်စားတာဆိုရင် တို့တော့ ဒုက္ခရောက်လိမ့်မယ်။
နောက်နောင်တို့ သူ့ကို နောက်ပြောင်တာ မလုပ်တော့ဘူး”ဟု ပြောဆိုနေကြတော့၏။
ယင်းသို့ဖြင့် သံဃာ၊ ဦးဇင်း၊ ကိုရင်တို့သည် တစ်ပါးနှင့်တစ်ပါး ရိုသေလေးစားစွာ ဆက်ဆံလာပြီး…
ဝိနည်းတော်နှင့်အညီ နေထိုင်သော သံဃာ၊ ရဟန်း၊ စာတော်သော ရဟန်း၊ ကိုရင်တို့ကို ပိုမိုလေးစားလာကြ၏။ တစ်ပါးနှင့် တစ်ပါးလည်း အပြိုင်အဆိုင် စာကြိုးစားကြလေတော့သည်။
ဆရာတော်ကြီး၏ မွေးနေ့ကျော်လွန်ပြီး တစ်လမြောက်သောအခါ ကျောင်းတွင် “မီးကိုရေနှင့် ငြိမ်းလိုက်သကဲ့သို့” ငြိမ်းချမ်းပျော်ရွှင်စွာ စာသင်နေသော စာသင်သားရဟန်း ကိုရင်တို့ကိုကြည့်ရင်း…
ဆရာတော်ကြီး ပြုံးရင်း တိုးတိုး ရေရွတ်မိလေသည်။
“သြော် … ညီတော်ရှင်ရသေ့ရဲ့ မွေးနေ့လက်ဆောင်၊ ညီတော်ရှင်ရသေ့ရဲ့ မွေးနေ့လက်ဆောင်” ဟူ၍ …

Wednesday, 3 November 2010
ညီတော် ရှင်ရသေ့၏ မွေးနေ့လက်ဆောင်
အမျိုးအစား/ကဏ္ဍ
ဝတ္ထုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment