ဒါတွေဟာ သစ္စာလမ်းစဉ်၊ တရားလမ်းစဉ်မှ မဟုတ်တာဘဲ။ ဒါတွေပေါ် စိတ်စိုက်ပြီး သမာဓိထူထောင်နေရင် ဘယ်မှာအကျိုးရှိနိုင်ပါ့မလဲ။ သမ္မာသမာဓိစိတ်ကို နည်းနည်းလေးတောင်မှ ဖြူစင်လာအောင် လုပ်မပေးနိုင်ဘူးဆိုရင် ဒီလမ်းစဉ်ဟာမှန်တဲ့ လမ်းစဉ် မဟုတ်နိုင်သေးပါဘူး။ အာရုံက ဘယ်ပေါ်မှာ စူးစိုက်ရမလဲဆိုတော့ ယောဂီတို့ အဟုတ်တကယ် လက်တွေ့ခံစားနေရတဲ့ပေါ်မှာ စူးစိုက်ထားရမှာ ဖြစ်ပါတယ်။
တစ်ခဏတွေရဲ့ အမှန်တရားပေါ်မှာ လိုချင်တပ်မက်မူလည်း မရှိမရဘူး။ မုန်းတီး ရွံရှာမူ၊ မလိုလားမူလည်း မရှိရဘူး။ တစ်ခဏရဲ့ ဖြစ်ပျက်နေတဲ့ အဖြစ်စစ် အဖြစ်မှန်ကို ဖြစ်နေတဲ့အတိုင်းကို လက်ခံရမှာ ဖြစ်ပါတယ်။ တစ်ခဏကနေ တစ်ခဏ ဖြစ်ပျက်နေတာတွေကို သိရှိနေရပါလိမ့်မယ်။ တစ်ခဏကနေ တစ်ခဏ၊ တစ်ခဏကနေ တစ်ခဏ၊ ဘယ်လောက်ကြာကြာ ဆက်လက်ပြီးတော့ သတိရှိနေနိုင်ပါသလဲ။ အဲ့ဒီလောက် ဒီလိုသမာဓိ ဖြစ်နေ၊ သတိရှိနေနိုင် သလောက်ဟာ သမာဓိ ဖြစ်နေတာပါပဲ။ သမ္မာသမာဓိကောင်းသော အာရုံစူးစိုက်ခြင်းပါပဲ။ မဟုတ်ရင်တော့ သမ္မာသမာဓိ မဟုတ်သေးပါဘူး။
သမ္မာဝါယာမ၊ သမ္မာသတိနဲ့ သမ္မာသမာဓိမဂ္ဂင် ၃-ခုဟာ သမာဓိသိက္ခာမှာပါပါတယ်။ သီလသိက္ခာရဲ့ မဂ္ဂင် ၃-ပါးကိုလည်း ပြောပြီးပါပြီ။ ကျန်နေသေးတဲ့ ပညာသိက္ခာရဲ့ ၂-ပိုင်းကိုတော့ ဒီညမှာ မပြောသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ စာတွေ့နဲ့ငါတော့ဟာ တစ်ချိန်တည်းသွားဖို့ရာ လိုပါတယ်။ ပညာစခန်းဟာ သန်ဘက်ခါ ကျတော့ ကိုယ်တွေ့ကျင့်သုံး ကြရမှာ ဖြစ်ပါတယ်။ အဲဒီအခါကျတော့ ပညာနယ်မြေထဲကို ယောဂီတို့ ပထမဦးဆုံး ခြေလှမ်းလှမ်းကြရပါလိမ့်မယ်။ သန်ဘက်ခါနေ့လယ်ပိုင်းမှာ ၀ိပဿနာကိုကူးပြီး ကျင့်ကြရပါလိမ့်မယ်။ မနက်ဖြန်ညကျတော့ ပညာသိက္ခာကို ဆွေးနွေးကြတာပေါ့။
ယောဂီတို့စပြီး တရားထိုင်စဉ်က ရှစ်ပါးသီလကိုခံယူကြပြီး စောင့်ထိန်းခဲ့ကြပါတယ်။ သီလဟာ ဒီကမ္မဋ္ဌာန်းရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ သီလရှိမှ သမာဓိ ထူထောင်နိုင်ပါတယ်။ သမာဓိထူထောင်နိုင်ဖို့ရာကိုတော့ ယောဂီတို့ ဒီနေရာလေးကိုပဲ ရူမှတ်နေကြရပါတယ်။ သတိရှိနေကြပါတယ်။
တစ်ခဏကနေတစ်ခဏဒီသတ်မှတ်ထားတဲ့ နေရာကလေးအတွင်းမှာ ပေါ်လာတဲ့ ဝေဒနာဘယ်ဝေဒနာမျိုးကိုပဲဖြစ်ဖြစ် ရူနေရမှာဖြစ်ပါတယ်။ တကယ်ဖြစ်ပျက်နေတာကို ကိုယ်တိုင် လက်တွေ့ ခံစားနေရတဲ့ ဝေဒနာကိုမှသာရူပါ။ စိတ်ကူးနဲ့ ဝေဒနာမျိုး မဖြစ်စေရပါဘူး။ ၀င်သက်ထွက်သက်ပဲဖြစ်ဖြစ်၊ ဝေဒနာပဲဖြစ်ဖြစ် ဒီကန့်သတ်ထားတဲ့ နေရာကလေးမှာသာ အာရုံစူးစိုက်ထားပါ။ ယောဂီတို့ရဲ့ စိတ်ကို အင်မတန်ထက်မြက်လာအောင် အင်မတန်အားကောင်းလာအောင် ကျင့်ကြပါ။
သန်ဘက်ခါ ပညာသိက္ခာကိုဝင်တဲ့အခါ စိတ်ကို နက်နက် ရိုင်းရိုင်း ခွဲစိတ်နိုင်ပြီး အတွင်းနက်နက်မှာရှိတဲ့ အင်မတန် အမြစ်နက်လှတဲ့ အကုသိုလ်တွေ၊ ကိလေသာအညစ်အကြေးတွေကို ခွဲထုတ်ပစ်ပြီး ဆင်းရဲဒုက္ခ အပေါင်းက ကင်းဝေးလွတ်မြောက်နိုင်ရန်အတွက် ဖြစ်ပါတယ်။ အချိန်ကို မဖြုန်းတီးကြပါနဲ့၊ အကောင်းဆုံး အသုံးပြုကြပါ။ တရားထိုင်ဖို့ရာ အခွင့်ဟာ ရခဲလှတဲ့ အခွင့်အရေးကြီးဖြစ်ပါတယ်။ ဒီမှာရှိနေတဲ့ နေထိုင်စားသောက်ရေး အစီအစဉ် အခွင့်အရေးတွေကိုလည်း အကောင်းဆုံး အသုံးပြုကြပါ။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment