မက်စ်အချိုရည်ထုတ်လုပ်စဉ် ခုခံအားကျဆင်းမူရောဂါ ကူးစက်ခံထားရသည့် ၀န်ထမ်းတစ်ဦး မတော်တဆမူကြောင့် လက်ပြတ်ထွက်သွားပြီး ထိုလက်မှာ အချိုရည်များတွင် ပါဝင်သွားသည်ဟူသော သတင်းများ လွန်ခဲ့သည့် တစ်လခန့်မှစတင် ထွက်ပေါ်လာပြီးနောက် အင်တာနက် စာမျက်နှာများတွင်ပါ ပျံ့နှံ့ခဲ့သည်။
“ဒီသတင်းက လုံးဝမဟုတ်ပါဘူး။ ဒါကလည်း အချိုရည် ထုတ်လုပ်တဲ့ နည်းအဆင့်ဆင့်ကို မသိလို့ ဒီလို ကောလာဟလတွေ ထွက်လာတာပါ။ အချိုရည်ထုတ်လုပ်တဲ့အခါ သကြားရည်ဖျော်ပြီးတဲ့ အချိန်ကနေ ပုလင်းထဲရောက်တဲ့အခါ အပြင်လေနဲ့ ထိတွေ့လို့ မရတဲ့အတွက် စက်ပစ္စည်းတွေနဲ့ လူတွေလုပ်ပြီး မတော်တဆ ဖြစ်စရာအကြောင်းအရာမျိုးလည်း လုံးဝမရှိပါဘူး”ဟု မက်စ်အချိုရည်စက်ရုံမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။ စက်ရုံအနေဖြင့်လည်း ထိုကဲ့သို့ အလားတူ မတော်တဆမူမျိုး ဖြစ်ပွားမူ မရှိခဲ့ကြောင်း သိရသည်။
အချိုရည်ရောင်းအားသည်လည်း ပူပြင်းလာသည့်အချိန် ပုံမှန်အရောင်းတက်သည့် အချိန်ဖြစ်နေပြီး ဈေးကွက်အတွင်းရှိ လက်လီ၊ လက်ကား ရောင်းချသည့် ဆိုင်များတွင်လည်း ရောင်းအားထိခိုက်မူ မရှိကြောင်း ဈေးကွက်မှ သိရှိရသည်။
မြို့ပြထက် ကျေးလက်ဒေသများတွင် အဆိုပါ ကောလာဟလများ ပျံ့နှံ့နေပြီး လူအချို့က ယုံကြည်လျက်ရှိကြောင်း သတင်းရရှိသည်။
“အချိုရည်က ရောင်းအားကောင်းရုံတင် မဟုတ်ဘူး။ သင်္ကြန်နားနီးတော့ ပိုတောင်တက်လာသေးတယ်။ နယ်အမှာလည်း မကျပါဘူး”ဟု သိမ်ကြီးဈေးရှိ အချိုရည်လက်ကားဖြန့်ချိသည့် ဆိုင်တစ်ဆိုင်က ပြောသည်။
ခုခံအား ကျဆင်းမူရောဂါသည် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုးပါရှိသည့် သွေးသွင်းမိခြင်း၊ ရောဂါပိုး ကူးစက်ခံထားရသည့် မိခင်မှကလေးသို့ ကူးစက်ခြင်း နည်းလမ်းများဖြင့် ကူးစက်ပျံ့နှံ့လေ့ရှိသည်။
အဆိုပါ ရောဂါပိုးသည် လူ့ခန္ဓာကိုယ်အတွင်းတွင်သာ အသက်သေစေသည့် ရောဂါအဖြစ် ဖြစ်နိုင်သော်လည်း ခန္ဓာကိုယ်ပြင်ပတွင် စက္ကန့်ပိုင်းအချိန်တွင်သာ အသက်ရှင်နိုင်သောကြောင့် ထိုကဲ့သို့ အချိုရည်များအတွင်းပါဝင်ပြီး ပျံ့နှံ့နိုင်သည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း HIV/AIDS ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ပညာရှင်များက ပြောကြားသည်။

ဝတ်ရည်အောင်၊ ရန်ကုန်၊ မတ်-၃ (7day News) Vol.11, No.1. MARCH 8,2012
No comments:
Post a Comment