ဒါကြောင့် ဓမ္မလမ်းစဉ် မဂ္ဂင်ရှစ်ပါးရဲ့ တတိယအ ပိုင်းဖြစ်တဲ့ ပညာသိက္ခာကို လိုအပ်ပါတယ်။ ပညာကို လုံးဝရာခိုင်နူန်းအပြည့် ပွားနိုင်မှသာ အကုသိုလ်ကံ ကြွေးဟောင်းတွေက လွတ်မြောက်နိုင်ပြီး ဆင်းရဲဒုက္ခအပေါင်းကလည်း လွတ်ကျွတ်နိုင်ပါလိမ့်မယ်။ အဲ့ဒီအခါကျတော့ စိတ်ရဲ့အတွင်း အနက်ရိုင်းဆုံး အပိုင်းမှာတောင်မှ ကိလေသာ အညစ်အကြေးဆိုလို့ အနံ့အသက် အရိပ်အငွေ့လေးတောင် မရှိနိုင်တော့ပါဘူး။
ဒါကို ပညာနဲ့ ၀ိပဿနာနဲ့ ကျင့်သုံးပြီး လုပ်ဆောင်ရပါတယ်။ အလွန်စင်ကြယ်တဲ့စိတ်ဟာ သဘာဝအလျောက် အတိုင်းမရှိတဲ့ အပ္ပမာဏ မေတ္တာ၊ အတိုင်းမရှိတဲ့ အပ္ပမာဏ ကရုဏာ၊ အတိုင်းမရှိတဲ့ အပ္ပမာဏ မုဒိတာ၊ အတိုင်းမရှိတဲ့ အပ္ပမာဏ ဥပေက္ခာ ဗြဟ္မာစိုရ်တရား လေးပါးနဲ့ ပြည့်လျှံနေပါတယ်။ ဒီလိုစိတ်မျိုးရှိနေရင် သီလဟာ အလိုလို စောင့်ထိန်းပြီးဖြစ်နေပြီး လုံခြုံနေပါတယ်။ ယောဂီတို့က တမင်ကြိုးစား အားထုတ်ပြီး စောင့်ထိန်းနေဖို့ မလိုတော့ပါဘူး။
အကုသိုလ်တွေ မပွားတော့ဘူးဆိုရင်လည်း ကာယကံနဲ့ရော၊ ၀စီကံနဲ့ရော၊ မိမိကိုရော၊ သူတစ်ပါးတွေကိုရော အန္တရာယ်ဖြစ်စေတဲ့ အလုပ်မျိုးတွေ မကျူးလွန်တော့ပါဘူး။ ယောဂီကိုယ်တိုင်ကလည်း အန္တရာယ်ကင်းသွားပါတယ်။ သူတစ်ပါးတွေလည်း အန္တရာယ် ကင်းသွားကြပါတယ်။ စိတ်ဟာအင်မတန် သန့်ရှင်းစင်ကြယ်သွားတော့ အချုပ်အနှောင်တွေက လွတ်မြောက်သွားပါတယ်။ ဒီဟာကို ပညာနဲ့ လုပ်ဆောင်ယူရပါတယ်။
သီလက သမာဓိထူထောင်ရန် ဖြစ်ပါတယ်။ သီလမစောင့်ထိန်းဘဲနဲ့ မှန်ကန်တဲ့ သမာဓိ၊ သမ္မာသမာဓိ မထူထောင်နိုင်ပါဘူး။ သမ္မာသမာဓိကမှ ယောဂီရဲ့ပညာကို တိုးပွားအောင် လုပ်ပေးပါလိမ့်မယ်။ မဂ္ဂင်လမ်းစဉ်ကို စပြီးကျင့်တဲ့အခါမှာ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ရယ်လို့ ခွဲခြားပြီး ပြောနေပါတယ်။ တရားကို ကျင့်ရင်း ကျင့်ရင်းနဲ့ အတော် ကလေးခရီးရောက်လာတဲ့ အခါကျတော့ ဒီအဆင့် ၃-ဆင့် သီလ၊ သမာဓိ၊ ပညာ၊ ၃-ခု စလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင့်ပြီးပွားများနေတာကို တွေ့ရပါလိမ့်မယ်။
သီလက သမာဓိကို ထောက်ပံ့ကူညီမူပြု၊ တစ်ခါသမာဓိကပညာကို ထောက်ပံ့ကူညီမူပြု၊ ပညာက သမာဓိကိုထောက်ပံ့၊ ပညာက သီလကို ထောက်ပံ့နဲ့ သိက္ခာ ၃-ခုစလုံးဟာ တစ်ခုကိုတစ်ခု အပြန်အလှန်ထောက်ပံ့အားပေး ကူညီကြပါတယ်။ ဒါဟာ ဓမ္မရဲ့ သုံးချောင်းထောက်ပါပဲ။ သုံးချောင်းရှိတဲ့ စားပွဲများလိုပေါ့။ ခြေ ၃-ချောင်းက တစ်ချောင်းကို တစ်ချောင်း ထောက်ပံ့ပေးကြပါတယ်။
ယောဂီတို့ တရားပတ်စကြရာမှာ သီလနဲ့ စကြရပါတယ်။ ပြီးတော့ သမာဓိ ထူထောင်ကြရပါတယ်။ အခုအခါ ပညာသိက္ခာထဲ၊ ပညာနယ်ထဲကို ၀င်တော့မှာဆိုတော့ “ပညာဆိုတာဘာလဲ”ဆိုတာကို သိဖို့လိုပါတယ်။ ပညာသိက္ခာကို ၂-ပိုင်း၊ မဂ္ဂင်ကို ၂-ခု ခွဲထားပါတယ်။ သမ္မာသင်္ကပ္ပနဲ့ သမ္မာဒိဋ္ဌိတို့ ဖြစ်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment