ဝေဒနာတွေက ကိုယ်ခန္ဓာတစ်ခုလုံးမှာ အဆက်မပြတ် ဖြစ်ပေါ်နေတာပါပဲ။ ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းတွေမှာ ဝေဒနာတွေပေါ်နေရင်လည်း အဲဒီဝေဒနာတွေကို လျစ်လျူရူထားလိုက်ပါ။ အရေးမပေးပါနဲ့။ ဒီသုံးထောင့်နေရာကလေးက ဝေဒနာဆိုရင်တော့ အရေးကုန်ပေးပါ။ အရေးပေးရမယ့်နည်းကတော့ တစ်နည်းပဲ ရှိပါတယ်။ ဆက်တိုက် အဆက်မပြတ်ရူနေဖို့ သတိရှိနေဖို့ အာရုံစိုက်နေဖို့ပါပဲ။
ယောဂီတွေဟာ ဒီနေရာကလေးကို အရင်စပြီး ကျင့်ရပါလိမ့်မယ်။ ပြီးတော့မှ ကိုယ်ခန္ဓာရဲ့ ဘောင်တစ်ခုလုံးအတွင်းမှာ ဖြစ်ပျက်နေတဲ့ အမှန်တရားကို ရှာဖွေစူးစမ်းနိုင်မယ့်အဆင့်ကို ရောက်ကြပါလိမ့်မယ်။ ဒါဟာ သမ္မာသတိပါပဲ။ တခဏလေးတိုင်းမှာ ကောင်းသော သတိရှိဖို့ ယောဂီတို့ဟာ အခုဖြစ်နေခိုက် တစ်ခဏအတွင်းမှာ ပစ္စုပ္ပန်တည့်တည့်မှာ နေတတ်ဖို့ ကျင့်ယူကြရပါလိမ့်မယ်။
ကိုယ်ဖြစ်စေချင်သလို မဟုတ်ပါဘူး။ သဘာဝအတိုင်း သူ့နဂိုတိုင်း ဖြစ်နေတဲ့အတိုင်း၊ အဟုတ်အမှန်အတိုင်းကို သိနေဖို့ပါပဲ။ သူ့သဘာဝအတိုင်း သူဖြစ်နေတာကို သိနေပြီး ကိုယ့်သဘော ဆန္ဒမပါ စေရပါဘူး။ သမ္မာသတိကို ပွားဖို့ကျင့်တဲ့အခါမှာ ပစ္စုပ္ပန်မှာပဲ အာရုံပြုနေမယ်ဆိုရင်တော့ အရင်ကဖြစ်ခဲ့ပြီးတဲ့ အမူကိစ္စတွေအားလုံးကို မေ့ပျောက်ပစ်ရမယ်။ သတိတွေအားလုံးကို လက်လွှတ်လိုက်ရမယ်။ ဘာကိုမှ သတိမရရတော့ဘူးလို့ မဆိုပါဘူး။ နောက်ပြီးတော့လည်း ရှေ့ကို ဘာကိစ္စကိုမှ မကြံစည်ရတော့ဘူး။ ဒီလိုလည်း ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုဘယ့်နှယ်ဖြစ်နိုင်ပါ့မလဲ။ ဒီလိုဆို ဘယ်လိုလုပ်နေကြပါ့မလဲ။ လူတွေရဲ့ အကျင့်က အမြဲလိုပဲ ပြီးခဲ့တာကိုပဲ ပြန်ပြီး စမြုံ့ပြန်နေ တတ်ပါတယ်။
မဖြစ်သေးတာကိုလည်း မျှော်ပြီး အတွေးနယ်ချဲ့ နေတတ်ကြပါတယ်။ အခုဖြစ်နေတဲ့ခဏ အခုဖြစ်နေတဲ့ပစ္စုပ္ပန်ကိုတော့ အရေးမစိုက်ကြပါဘူး။ ဘာကိစ္စတစ်ခုပဲ ဖြစ်ပေါ်လာလာ ချက်ချင်းပဲ ဒါနဲ့ပတ်သက်တဲ့ ဒါနဲ့အလားတူတဲ့ အရင်က ဖြစ်ခဲ့ဖူးတဲ့ ကိစ္စဟောင်းတွေကို စိတ်ကပြန်ရောက်သွားပြီး အခုဖြစ်နေတဲ့ကိစ္စကို သေသေချာချာမတွေးနိုင်လို့ အရေးမပေးနိုင်ပါဘူး။ မစဉ်းစားနိုင်ပါဘူး။
မဟုတ်ရင်လဲ နောက်ဖြစ်ပေါ်လာနိုင်တာကို တွေးနေပြီး အခုတကယ်ဖြစ်နေတဲ့ကိစ္စကို အရေးမပေးဘဲ လေးလေးနက်နက် ရှင်းရှင်းလင်းလင်း စိတ်မစိုက်နိုင်ကြပါဘူး။ ဒါ့ကြောင့် စိတ်ရဲ့ ဒီအကျင့်ကို ဖျောက်ဖျက်ပစ်ကြရမှာ ဖြစ်ပါတယ်။ တစ်ချိန်လုံးစိတ်က အတိတ်ထဲနဲ့ အနာဂတ်ထဲမှာပဲ ရစ်ဝဲနေကြတော့ စိတ်ရဲ့အင်အားတွေဟာ အားနည်းသွားပါတယ်။ ကုန်ခမ်း သွားပါတယ်။ ယောဂီတို့ မှန်မှန်တရားထိုင်ရင်တော့ စိတ်ရဲ့အင်အားတွေကို ထိန်းသိမ်းပေးထားပြီး အတိတ်က အမူကိစ္စတစ်ခုခုကို တကယ်မှတ်မိ သတိရချင်တယ်ဆိုရင် အဲဒီကိစ္စကို ထင်ထင်ရှားရှားကြီး ကောင်းကောင်း မှတ်မိပါလိမ့်မယ်။ စိတ်အင်အားက ကောင်းတာကိုး။ စိတ်အင်အားကို အလဟဿ ဖြုန်းတီးမနေဘဲကိုး။
ယောဂီက ကိစ္စတစ်ခုကို နောက်ဘယ်လို ဆက်လက် လုပ်ကိုင်ရမလဲလို့ စိတ်ဆုံးဖြတ်ချက် ချချင်ရင်လည်း စိတ်က အင်အားကောင်းတော့ မဝေခွဲနိုင် ဖြစ်မနေဘဲ၊ ဇဝေဇ၀ါ ဖြစ်မနေဘဲ မှန်ကန်တဲ့ ကောင်းတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ပါလိမ့်မယ်။ ဒီကမ္မဋ္ဌာန်းနည်းဟာစိတ်ရဲ့ အကျင့်ဟောင်းတွေဖြစ်တဲ့ အတိတ်နဲ့ အနာဂတ်ထဲမှာ ရစ်ဝဲနေပြီး ပစ္စုပ္ပန်ထဲမှာ မနေနိုင်တဲ့အကျင့်ထဲက ထွက်လာနိုင်ဖို့ပါပဲ။
ဒီနည်းဟာ ယောဂီတို့ ဆက်လက်ပြီး ပြုပြင်ရမယ့်စိတ်ရဲ့ အနက်ရိုင်းဆုံးပိုင်းကို ခွဲစိတ်စူးစမ်းစစ်ဆေးပြီး အင်မတန် အမြစ်နက်တဲ့ အကုသိုလ် အညစ်အကြေးတွေ အစွဲတွေ ပယ်ဖျောက် ပစ်ကြဖို့သာမက ယောဂီတို့ရဲ့ နေ့စဉ် ဘ၀နေရေးဖြစ်တဲ့ ဖြစ်ပေါ်လာတဲ့ လူမူကိစ္စတွေကိုပါ ရင်ဆိုင်နိုင်ဖို့ရာလည်း ဖြစ်ပါတယ်။ ဒါဟာ သမ္မာသတ္တိပါပဲ။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment