တရားကျင့်နိုင်တဲ့ အခွင့်အရေး၊ တရားရနိုင်တဲ့ အခွင့်အရေးဆိုတာ အဘက်ဘက်က အခြေအနေတွေပေးမှ ဖြစ်တာပါ။ ကိုယ့်ဘ၀သက်တမ်းမှာတောင် ကောင်းတဲ့အလုပ်၊ တရားအလုပ်ကို လုပ်ချင်တယ်ဆိုတဲ့ စိတ်ကူးမျိုးပေါ်ဖို့ ခက်ပါတယ်။ စိတ်ကူးရှိပေမယ့် လက်တွေ့ အကောင်းအထည်ဖော်နိုင်ဖို့ ခက်ခဲပါတယ်။
ကိုယ်အားထုတ်နေချိန်မှာ နောက်ပိုင်းအတွက် စားဝတ်နေရေးတွေပြေလည်ပါမှ ကိုယ်တိုင်က စွန့်ခဲ့နိုင် ထားခဲ့နိုင်မှ တရားကျင့်ခွင့်ရတာပါ။ အခွင့်အရေးပေးချိန်မှာ ခန္ဓာကိုယ်ကို မငဲ့ညှာဘဲ မတွယ်တာဘဲကျင့်မယ်၊ ပင်ပန်းဆင်းရဲမူတွေရှိတဲ့အထဲက ပျက်စီးမယ့်ခန္ဓာ၊ အိုလာနေတဲ့ခန္ဓာကို တရာနဲ့ လဲယူမယ်လို့ စိတ်ထားပြီး ကျင့်ဖို့လိုအပ်ပါတယ်။
အဲဒီလို ကျင့်ကြံအားထုတ်ဖို့အတွက် လက်ရှိရထားကြတဲ့ လူ့ဘ၀ဟာ အသင့်တော်ဆုံးဘ၀ဖြစ်ပါတယ်။ အခြေအနေအပေးဆုံးဘ၀လည်း ဖြစ်ပါတယ်။ တကယ်လို့သာ တိရစ္ဆာန်ဘ၀ရောက်နေမယ်၊ အသိဉာဏ်နည်းပါးရှာတဲ့ တိရစ္ဆာန်လေးတစ်ကောင်းဖြစ်နေမယ်ဆိုရင် ဒီလိုတရား အားထုတ်ရကောင်းမှန်း တောင်သိမှာ မဟုတ်ဘူး။ နာကြားကျင့်ကြံ အားထုတ်နိုင်တဲ့ အခွင့်အရေးလည်းမရဘူး။ ငရဲဘ၀၊ ပြိတ္တာဘ၀ကိုရောက်သွားရင်လည်း အတူတူပါပဲ။
ဒုက္ခဆင်းရဲတွေများလွန်းလို့ ကုသိုလ်ဆိုတာကို စိတ်ကူးထဲထည့်ဖို့တောင် ခဲယဉ်းပါတယ်။ တရားအားထုတ်ကျင့်ကြံခွင့်တွေလည်း ဆုံးရူံးတယ်။ ဘ၀သံသရာတွေရှည်ပြီး၊ ဘ၀ခန္ဓာတွေရချင်တိုင်း ရခဲ့ပြီးပါပြီ။ ဘ၀တိုင်းဘ၀တိုင်းမှာ အိုခြင်း၊ နာခြင်း၊ သေခြင်း ဒုက္ခတွေနဲ့ ဒုက္ခမျိုးစုံ တွေ့ကြုံခံစားကြရတယ်။ ဒါကြောင့် ဘ၀ခန္ဓာတွေကို အဆုံးသတ်စေမယ့်တရား၊ ဒုက္ခမျိုးစုံကို ချုပ်ငြိမ်းစေမယ့်တရားကို လက်ရှိဘ၀မှာ ရှာဖွေအားထုတ်ဖို့လိုအပ်ပါတယ်။

ရည်ညွှန်း - “ဓမ္မလမ်းပေါ်မှာ” ဓမ္မဒူတဒေါက်တာအရှင်ပညိဿရ
7DAY NEWS Vol.10,N0.32.OCTOBER 20,2011
7DAY NEWS Vol.10,N0.32.OCTOBER 20,2011
No comments:
Post a Comment