ဒါတွေအားလုံးဟာ အနိစ္စတရားတွေပဲလို့ သိနေခြင်းဖြစ်ပါတယ်။ ကလေးတစ်ယောက်ဟာ မွေးလာပြီး ဒီကလေးကို ၁၀-နှစ်အကြာမှ ပြန်တွေ့တာ ပြောင်းလဲသွားလိုက်တာ အများကြီးပါပဲ။ နောင်အနှစ် ၂၀-မှာ ပြန်တွေ့တော့ ပိုပြီးတောင်ပြောင်းလဲမူတွေ များလာပါသေးတယ်။ ဒီကလေးကို နှစ်ပေါင်း ၇၀ - ၈၀ကြာမှ တွေ့ရရင်တော့ ယုံနိုင်ဖွယ်ရာတောင် မရှိတော့ပါဘူး။
အချိန်နဲ့အမျှ ပြောင်းလဲသွားလိုက်တာ၊ ဒါဟာ ဘယ်လိုဖြစ်တာပါလိမ့်မလဲ။ နတ်ရေကန်ထဲချလို့လား မဟုတ်ပါဘူး။ တစ်ခဏတိုင်း၊ တစ်ခဏတိုင်းမှာ ပြောင်းလဲနေတာပါ။ တစ်ခဏတိုင်း ပြောင်းလဲနေတယ်ဆိုတာကိုတော့ စိန္တာမယဉာဏ် ဦးနှောက်အသိနဲ့တော့ သိကြတာပေါ့။ ဒါပေမယ့် ကိုယ်တိုင် ခံစားရတဲ့ အဆင့်မှာတော့ မိမိတို့ရဲ့ ခန္ဓာကိုယ်ဘောင်အတွင်းမှာ ပြောင်းလဲမူတွေဖြစ်နေတာကို တွေ့ရှိခံစားနိုင်မှသာ အနိစ္စဆိုတာကို တကယ့်အနိစ္စဖြစ်မှာပေါ့။ မဟုတ်ရင်တောင် ဦးနှောက်အသိဉာဏ် ပညာသာ ဖြစ်ပါတယ်။ တကယ့်ပညာ မဟုတ်ပါဘူး။ တကယ့်ဉာဏ မဟုတ်ပါဘူး၊ အဉာဏပါပဲ။
ဦးနှောက်အသိဉာဏ်နဲ့ ကိုယ်တွေ့အသိဟာ အများကြီး ကွာခြားမူရှိပါတယ်။ ကိုယ်တွေ့ပြောင်းလဲမူကို ခံစားရတဲ့အခါကျတော့ အနိစ္စအမြဲမရှိပါလားဆိုတဲ့ ပညာဉာဏ်ဟာ ဖြစ်ပွားလာပါတယ်။ ဒီလိုပညာဉာဏ် ဖြစ်ပွားလာတဲ့အခါကျတော့ ဒီမမြဲတဲ့ ခန္ဓာကိုယ်ကြီးကို တပ်မက်နေတာတွေ တွယ်တာနေတာတွေက လွတ်မြောက်လာကြပါလိမ့်မယ်။ ငါ-ငါ-ငါ-ငါ့ဟာ-ငါ့ဟာ ငါအစွဲကလည်း လွတ်မြောက်လာပါလိမ့်မယ်။ ဒီ ငါ-ငါ-ငါ့ဟာ-ငါ့ဟာ ငါဆိုတဲ့ အတ္တအစွဲဟာ အင်မတန်ကြီးမားတဲ့ အတွယ်အတာကြီးတစ်ခုပါပဲ။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment