မနေ့က မဂ္ဂင်ရှစ်ပါးရဲ့ သိက္ခာ ၂-ပိုင်းကို ဆွေးနွေးခဲ့ပြီးပါပြီ။ သီလ သိက္ခာမှာ ၃-ပိုင်း၊ သမာဓိသိက္ခာမျာ ၃-ပိုင်းရှိပြီး မဂ္ဂင်ရှစ်ပါးရဲ့ ကျန်တဲ့ ၂-ပိုင်းကတော့ ပညာသိက္ခာမှာ ဖြစ်ပါတယ်။ သီလဟာ အင်မတန်ကောင်းပါတယ်။ အင်မတန် မွန်မြတ်ပါတယ်။ အင်မတန်လဲ အရေးကြီးပါတယ်။ နိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်ရဲ့ ပထမဆုံးအဆင့် ဖြစ်ပါတယ်။
သီလကို မစောင့်ထိန်းနိုင်ရင်ဖြင့် နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်ကြပါဘူး။ ဒါပေမယ့် သီလစောင့်နေရုံမျှနဲ့ ဆင်းရဲဒုက္ခတွေအားလုံးမှ ကင်းဝေးပြီး နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်သေးပါဘူး။ သီလဟာ အင်မတန်လိုအပ်တဲ့ အဆင့်ဖြစ်ပေမယ့် ပထမဆုံးအဆင့်ပဲ ရှိပါသေးတယ်။ ဒါကြောင့် ဒုတိယအဆင့်ဖြစ်တဲ့ သမာဓိကို တက်ရပါလိမ့်မယ်။
သီလဟာ သမာဓိဖြစ်ဖို့ရာအတွက် အင်မတန် အရေးကြီးပါတယ်။ သမာဓိကလည်း ပညာပွားဖို့ရာအတွက် အင်မတန် အရေးကြီးပါတယ်။ သမာဓိကလည်း ပညာပွားဖို့ရာအတွက် အင်မတန် အရေးကြီးပါတယ်။ သမာဓိနဲ့ စိတ်ကိုထိန်းရပါတယ်။ စိုးမိုးနိုင်ပါတယ်။ ဒီတော့ သမာဓိကို ကောင်းကောင်းထိန်းရန် ဖြစ်ပါတယ်။ ပြီးတော့ သမာဓိက ကောင်းကောင်းနဲ့စိတ်ကို ခပ်ခိုင်ခိုင်ထားပြီး စိတ်ရဲ့အတွင်း နက်ရိုင်းတဲ့ အပိုင်းတွေအထိ သွားနိုင်ပါတယ်။
ဒါပေမယ့် သမာဓိနဲ့တော့ နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်ကြသေးပါဘူး။ ယောဂီတစ်ဦးဟာ သီလနဲ့ သမာဓိ ရှိနေရုံမျှနဲ့တော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရနိုင်သေးပါဘူး။ လမ်းဆုံးပန်းတိုင် အထဋ်အထိပ်ကို မရောက်နိုင်သေးပါဘူး။ စိတ်ရဲ့အပေါ်လွှာအပိုင်းမှာ ကိလေသာအညစ်အကြေး တစ်ခုခုပေါ်လာရင် သမာဓိကလဲ ဒီဟာကို တွန်းထုတ်ပစ်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ ဒီအညစ်အကြေးတွေကို ထုတ်ပစ်လိုက်တာကတော့ ကောင်းပါတယ်။ မဟုတ်ရင်သူတို့က အကုသိုလ်ဖြစ်စေမယ့် ကိုယ်အမူအရာ နူတ်အမူအရာ တွေအဖြစ်နဲ့ ထင်ရှားဖော်ပြကြပါလိမ့်မယ်။
ယောဂီဟာ အညစ်အကြေးတွေကို တွန်းထုတ်လိုက်တဲ့အခါမှာ အမှန်စင်စစ်တော့ တွန်းထုတ်လိုက်တာ မဟုတ်ပါဘူး။ အတွင်းကို ထိုးပြီးသွင်းလိုက်တာ ဖြစ်ပါတယ်။ အညစ်အကြေးတွေကို ဖိနှိပ်ထားတာမျှသာ ဖြစ်ပါတယ်။ ဒီတော့ ဒီအညစ်အကြေးတွေက စိတ်ရဲ့အတွင်း အနက်ရိုင်းဆုံးအပိုင်းဖြစ်တဲ့ မသိစိတ်အလွှာထဲကို ပိုပြီး နက်နက်ဝင်သွားတာ ဖြစ်ပါတယ်။
သမာဓိက ယောဂီသတိရှိနေတဲ့ စိတ်အပိုင်းမျာသာ ဆောင်ရွက်နိုင်ပါတယ်။ ဒီတော့ ဒီအညစ်အကြေးတွေ အကုသိုလ်တွေဟာ စိတ်ရဲ့ အတွင်းဆုံးအပိုင်းမှာ သိုလှောင်ထားပြီး ငြိမ်နေတဲ့ အောင်းနေတဲ့ မီးတောင်များလို ဖြစ်နေကြပြီး အချိန်မရွေး ပေါက်ကွဲပြီး ယောဂီကို လွှမ်းမိုးနိုင်ပါတယ်။ အကုသိုလ်ကံကြွေးဟောင်းတွေ ရှိနေသေးသမျှ နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်ပါဘူး။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment