ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 8 April 2012

သိစိတ်နဲ့ မသိစိတ် ထူးခြားပုံ

သိစိတ်နဲ့ မသိစိတ်တို့ရဲ့ အကြားမှာ ကာစီးထားပုံကို ဥပမာနဲ့ ပြောပြပါဦးမယ်။ ယောဂီဟာ ထိုင်ပြီးစကားပြောနေတဲ့အခါမှာ သိစိတ်နဲ့ ပြောဆိုနေတာ ဖြစ်ပါတယ်။ သိစိတ် တစ်ခုလုံးနဲ့ အာရုံစိုက်ပြီး စကားပြောနေတာ အချိန်တော်တော်ကြာလာတော့ ညောင်းညာစ ပြုလာပါတယ်။

စကားပြောနေတဲ့အထဲ သိစိတ်က ရောက်နေတော့ ညောင်းညာတာကို သတိမမူမိပါဘူး။ ဆက်ပြီးတော့ စကားတွေ ဖောင်နေအောင် ပြောနေပါတယ်။ ဆွေးနွေးနေပါတယ်။ ဒါပေမယ့် အတွင်းအနက်ရိုင်းဆုံးအူပိုင်းမှာ ရှိနေတဲ့ မသိစိတ်က ခန္ဓာကိုယ်နဲ့ ဆက်သွယ်နေတော့ ဒီညောင်းတဲ့ ဝေဒနာကို သိရှိပြီး ခံစားရပြီး ချက်ချင်းပဲ သိရှိတာနဲ့ တစ်ပြိုင်နက် တုံ့ပြန်မူလဲ လုပ်ပါတယ်။ “ညောင်းတယ်၊ နာတယ်၊ မကြိုက်ဘူး”လို့ တုံ့ပြန်ပါတယ်။ ပြီးတော့ မိမိကိုယ်တိုင်တောင် သတိမမူမိဘဲနဲ့ ခန္ဓာကိုယ်ကို ဟိုဘက်နည်းနည်း ဒီဘက်နည်းနည်း ပြောင်းလဲပေးပါတယ်။ ဒါဟာမသိစိတ်ရဲ့ တုန့်ပြန်မူပေါ့။ မသာယာတဲ့ ဝေဒနာဆိုရင် မကြိုက်ဘူး၊ မုန်းတယ်။ သာယာတဲ့ ဝေဒနာဆိုရင်တော့ ကောင်းတယ်၊ ကြိုက်တယ်၊ လိုချင်သေးတယ်၊ လိုချင်သေးတယ်လို့ တုံ့ပြန်ပြီးနေတာဟာ စိတ်ရဲ့အကျင့်ပုံစံတွေဖြစ်လာပါတယ်။

ယောဂီတို့ ညမှာအိပ်ကျတဲ့အခါမှာ ဘယ်သူကအိပ်နေပါလဲ။ စိတ်ရဲ့ အပေါ်ပိုင်းဖြစ်တဲ့ အသိစိတ်က အိပ်နေတာဖြစ်ပါတယ်။ နက်ရိုင်းတဲ့ မသိစိတ်ကတော့ ဘယ်တော့မှ မအိပ်ပါဘူး။ ရုပ်ပိုင်းနဲ့ အမြဲဆက်သွယ်နေပါတယ်။ ဥပမာ - ယောဂီဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်းမှာ ခြင်ကိုက်လိုက်တာကို မသိလိုက်ပါဘူး။ အသိစိတ်ကတော့ ခန္ဓာကိုယ်ပေါ်မှာ ဘာဖြစ်နေတယ်ဆိုတာကို မသိပေမယ့် မသိစိတ်ရဲ့ နက်ရိုင်းတဲ့စိတ်ကတော့ ခန္ဓာကိုယ်ပေါ်မှာ တစ်ခုတစ်ခု ဖြစ်လိုက်ရင် ချက်ချင်းပဲ သိလိုက်ပါတယ်။ ပြီးတော့ ဒီမကောင်းတဲ့၊ မသာယာတဲ့ ဝေဒနာကို မကြိုက်ပါဘူလို့ တုံ့ပြန်လိုက်ပြီး လက်က ခြင်ကိုက်တဲ့ နေရာကို ရောက်သွားပြီး ကုတ်လိုက်ပါတယ်။ အိပ်ပျော်နေတုန်း ကုတ်နေတာကို သိစိတ်က ဘာမှမသိလိုက်ပါဘူး။ မနက်မိုးလင်းလာတော့မှ သူများတွေက မျက်နှာမှာ ခြင်ကိုက်ဖုတွေနဲ့ပါလား လို့ဆိုတော့မှ ခြင်ကိုက်ခံလိုက်ရမှန်း သိပါတယ်။ ယောဂီက သိတောင် မသိလိုက်ရပါဘူး။


ဒီလိုပါပဲ ညအိပ်နေတုန်းမှာ ရာသီဥတုက အေးလာရင် ရုပ်ပိုင်း ခန္ဓာကိုယ်က အေးလာတာကို ခံစားရလာတော့ နက်ရိုင်းမှာရှိတဲ့ မသိစိတ်က ချက်ချင်းသိပြီး စောင်ကိုဆွဲပြီး ခြုံပါတယ်။ အိပ်ပျော်နေတုန်းမှာပဲ ခန္ဓာကိုယ်က ညောင်းလာတော့ နေရာကို ခဏခဏပဲ ဟိုဘက်ပြောင်း၊ ဒီဘက်ပြောင်းပြီး အိပ်ပါတယ်။ ဒါတွေကို အပေါ်လွှာစိတ်က မသိပါဘူး။ နက်ရိုင်းမှာ ရှိတဲ့မသိစိတ်က သိပြီးလုပ်နေတာတွေပါ။ သိစိတ်နဲ့ မသိစိတ်ရဲ့ ခြားနာပုံကို ယောဂီတို့ သိထားဖို့ရာလိုပါတယ်။

ဦးနှောက်က အသိဉာဏ်နဲ့ သုတမယစိန္တာမယဉာဏ်တို့ကို သုံးပြီးလုပ်နေတာတွေဟာ စိတ်ရဲ့အပေါ်ယံမှာရှိတဲ့ သိစိတ်နဲ့သာ ဆက်သွယ်နေတာ ဖြစ်ပါတယ်။ သိစိတ်ကိုပဲ သွန်သင်ဆုံးမပြီး လေ့ကျင့်နေကြတာ ဖြစ်ပါတယ်။ အတွင်းနက်ရိုင်းမှာရှိတဲ့ မသိစိတ်ကိုတော့ မရောက်ပါဘူး။ ပြုပြင်လဲ မပေးနိုင်ပါဘူး။ ဘာဝနာမယဉာဏ်နဲ့ သိမ်မွေ့ဝေဒနာတွေကို တွေ့ရှိသိရှိ ခံစားနိုင်မှသာ မသိစိတ်ကိုရောက်ပြီး ပြုပြင်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါဟာ မြတ်စွာဘုရား ကိုယ်တော်တိုင် တွေ့ရှိတဲ့ အနက်ရိုင်းဆုံးအပိုင်းမှာ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရား သဘာဝနိယာမဖြစ်တဲ့ အတွက်ကြောင့် စိတ်ရဲ့အတွင်း အနက်ရိုင်းဆုံးမှာရှိတဲ့ အနုသယကိလေသာတွေကို ထိုးထွင်းပြီး အမြစ်ပြတ်ချေမူန်းနိုင်ပြီး အထွတ်အထိပ် ပန်းတိုင်ကို ရောက်ရတာဖြစ်ပါတယ်။

ဗုဒ္ဓမပေါ်မီ အိန္ဒိယစာပေကျမ်းဂန်တွေထဲမှာလဲ ရူရုံမျှသာဆိုတာကို ဖော်ပြကြပါတယ်။ ဒါပေမယ့် ဘာကိုရူကြရမှာလဲ၊ ဘယ်လို အဆင့်အထိ ရူကြရမှာပါလဲ။ လူတွေကတော့ စိန္တာမယအဆင့်နဲ့ပဲ ကြမ်းတမ်းဝေဒနာတွေကိုသာ ရူနိုင်ခဲ့ကြပါတယ်။ မသိစိတ်က တုံ့ပြန်မူလုပ်လုပ်နေတဲ့ နက်ရိုင်းလှတဲ့ စိတ်ပိုင်းကိုတော့ မရောက်ကြပါဘူး။ မရူနိုင်ခဲ့ကြပါဘူး။ အနှောင်အဖွဲ့တွေက မသိစိတ်ရဲ့ အကျင့်ပုံစံကြောင့် ဖြစ်နေကြတာဆိုတော့ သူတို့ဟာ အနှောင်အဖွဲ့တွေက မလွတ်မြောက်နိုင် ဖြစ်နေကြပါတယ်။ ဒီအချုပ်အနှောင်တွေထဲက လွတ်မြောက်ပါမှ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မယ် ဆိုတာက ဗုဒ္ဓရဲ့ တရားပဲ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment