(၁) မိမိအားလပ်သောနေ့ရက်ကို ပထမ ရွေးချယ်ရမည်။ ၁-ရက်နိုင်လျှင် ၁-ရက်၊ ၂-ရက်နိုင်လျှင် ၂-ရက် ၃-ရက်၊ ၄-ရက်စသည်မှ ၉-ရက်အထိ အဓိဋ္ဌာန်ဝင်နိုင်သည်။ လုပ်ငန်းတာဝန် ပိုင်းခြားရန် မလိုပါ။ ၄၉-ရက်သော် လည်းကောင်း၊ တစ်လ ကိုးသီတင်းသော် လည်းကောင်း အဓိဋ္ဌာန်ဝင်နိုင်ပါသည်။
(၂) ထိုအဓိဋ္ဌာန်ရက်အတွင်း တရားအာရုံကို အနှောင့်အယှက် ဖြစ်စေမည့် လူမူကိစ္စ၊ ရပ်ရွာကိစ္စများ မပေါ်စေရန် ကြိုတင်စီမံချက်ချပြီး ပြီးစီးအောင် ဆောင်ရွက်ထားရန်လည်း လိုအပ်လှပါသည်။
(၃) အဓိဋ္ဌာန်ရက်အတွင်း သားငါးစားခြင်းမှ ရှောင်ကြဉ်၍ ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးဝလံကိုသာ စားသုံး၍ အဓိဋ္ဌာန်ဝင်ရမည်။
(၄) အဓိဋ္ဌာန်ရက်အတွင်း စောင့်ထိန်းသော သီလသည် စင်ကြယ်သော အဓိသီလဖြစ်ရမည်။ ငါးပါးဖြစ်စေ၊ ရှစ်ပါးဖြစ်စေ စောင့်ရိုးစောင့်စဉ် ၀တ်ကြေတန်းကြေ စောင့်နည်းမျိုး မဖြစ်ရဘဲ စင်ကြယ်အောင် စောင့်သော သီလ၀ိသုဒ္ဓိ စောင့်နည်းမျိုးဖြင့် စောင့်ရမည်။
(၅) ပရိတ်တော်မရွတ်မီ ဘုရားအာရုံပြုမည်ဟု စီစဉ်သည်နှင့် တပြိုင်နက် ပရိတ်တော် (၁၁)သုတ်၏ ရှေ့ခန်းက ပြဆိုခဲ့သော ခန္ဓာကိုယ်စင်ကြယ်မူ၊ နေရာ သန့်ပြန်မူတို့နှင့်အညီ ထိုင်၍ ဘုရားအာရုံပြုရမည်။
(၆) ဘုရားရှိခိုးပြီးလျှင် နတ်များအား ပင့်ဖိတ်၍ မိမိရရှိထားပြီး ဗုဒ္ဓမန္တန်ပရိတ်တော်များကို သံနေသံထားမှန်ကန်စွာဖြင့် အလေးအလျော့ အပေါ့အပြင်း သာယာနာပျော်ဖွယ်ဖြစ်အောင် လေးစားကြည်ညိုစွာ ရွတ်ဖတ်သရဇ္ဈာယ်ရမည်။
(၇) ပရိတ်တော် ဗုဒ္ဓမန္တန်များ ရွတ်ဆိုပွားများပြီးပါက မိမိအိမ်သူအိမ်သားများနှင့်တကွ ပရိတ်တော်နာပင့်ဖိတ် ထားသော စကြ၀ဠာတိုက်တစ်သောင်းမှ နတ် ဗြဟ္မာများ၊ ၃၁-ဘုံ ကျင်လည်ကုန်သော ဝေနေယျတို့အား အမျှပေးဝေရမည်။
(၈) မိမိ၏ ကောင်းမူပုညဖို့ဘာဂကို အမျှပေးဝေ ပြီးသည်နှင့် တပြိုင်နက် မွန်မြတ်လှစွာသော နိဗ္ဗာန်ဆုကို တောင်းယူ၍ နိဗ္ဗာန်မရမီ တောင့်တသော ဆုတစ်ခုအဖြစ် မိမိနှင့်တကွ သတ္တ၀ါများပါ ဆက်နွယ် အကျိုးရှိစေသော ဆုတစ်ခုကို အဓိဋ္ဌာန်ဖြင့် တောင်းဆိုနိုင်ပါသည်။
(ဆိုလိုသည်မှာ တစ်ဦးကောင်း တစ်ယောက်ကောင်း ဆုမဖြစ်ရန် မိမိလိုသောဆုကိုလည်းကောင်း ထိုအတိုင်းလည်း ဤသတ္တ၀ါများအတွက် တောင်းဟု ဆိုလိုပါသည်။)
ဥပမာ။ ။မိမိမှာ စွဲကပ်နေသောရောဂါ ပျောက်ပါစေ။ ထိုနည်းတူစွာ ကျန်ခုနှစ်ရက်သားသမီးအပေါင်း ထိုရောဂါမျိုး ကင်းပါစေဟု အဓိဋ္ဌာန် ဆုတောင်းနိုင်သည်။ မိမိ၏ လုပ်ငန်းသော်လည်းကောင်း၊ ရာထူးဌာနန္တ္တရ သော်လည်းကောင်း အဓိဋ္ဌာန်ပြုပါက “မိမိ၏ နေရာဌာန တိုးတက်အောင်မြင်ပါစေ၊ ထိုနည်းတူစွာ ကျန်ခုနှစ်ရက်သားသမီးများလည်း တိုးတက်အောင်မြင်ပါစေ”ဟု အဓိဋ္ဌာန် ပြုရသည်။
(၉) ထိုအဓိဋ္ဌာန်ပြု ဆုတောင်းပြီးနောက် ပင့်ဖိတ်ထားသော စကြ၀ဠာ တိုက်တစ်သောင်းမှ နတ်၊ ဗြဟ္မာများအား မိမိတို့စံရာ ဘုံဗိမာန်သို့ ပြန်လည်ကြွမြန်းနိုင်ပါကြောင်း အခွင့်ပြု၍ နတ်ပို့ စာတန်းတော်ကို ရွတ်ဆိုကြရပါသည်။
ဤနည်းသည် ရှေးဆရာမြတ်တို့ ကျင့်ကြံပွားများ အဓိဋ္ဌာန် ပြုထားကြသော နည်းဖြစ်ပါသည်။ ဆုတောင်းရာတွင် မိမိတစ်ဦးတည်း ကိစ္စသာမက ကျန်ခုနှစ်ရက်သားသမီးတို့ပါ ကိစ္စအောင်မြင်ရာ အောင်မြင်ကြောင်း ဆုတောင်းပေးသည်မှာ “လူလိုမှ၊ နတ်လို၊ နတ်လိုမှ-ဂြိုလ်မ”ဆိုသော ရှေးပညာရှိများ စကားနှင့် အညီ ဖြစ်ပါသည်။
ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။
No comments:
Post a Comment