ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 27 July 2012

ဦးပိန်တံတားနှင့် တောင်သမန်အင်း



                                                                    ဦးပိန်တံတားရဲ့အလှ


“ ရေချိုတွင်းက မြနန်းစံ၊ ရွှေဘိုမင်းဆက် ပြန်နန်းစံ၊ မြတ်ဘိုးတော် သူစီမံ၊ အင်း အင်း အင်းကြီးတောင်သမန်။”

တောင်သမန်၊ နန်းတော်ရှေ့ဆရာတင် (ကိုယ်တိုင်ဆို)

တောင်သမန်အင်း နဲ့ တောင်သမန်တံတား ရဲ့ အလှဟာ ပထမဦးဆုံးအကြိမ် ရောက်ဖူးသူတွေ ကို နောက်တခါ ပြန်လာချင်အောင် ဆွဲဆောင်သလိုပဲ၊ ရောက်ဖူးသူတွေကိုလည်း အကြိမ်ကြိမ် အခါခါ ပြန်လာနိုင်ဖို့အတွက် တောင့်တစေပါတယ်။

ဦးပိန်တံတား လို့ ဒီနေ့ လူသိများတဲ့ တောင်သမန်တံတား ပေါ် လမ်းလျှောက်နေတုန်းမှာဖြစ်ဖြစ်၊ တခါတလေ ဇရပ်ကလေး တခုခုမှာ အမောပြေ ထိုင်နေတုန်းမှာပဲဖြစ်ဖြစ်၊  အင်းရေပြင်ကို ဖြတ်သန်းလာတဲ့ လေညင်းကလေးက သုတ်ကနဲ ဝင်လာတတ်တယ်။ ပူပြင်းတဲ့ နေ့လည်ချိန်မှာဆိုရင် အဲဒီ လေညင်းကလေးက ရင်ထဲကို အေးကနဲ တိုက်ခတ်သွားပါတယ်။ မယ်ဇယ်ပင်တန်း၊ အင်းရေပြင်နဲ့ တောင်သမန်တံတား ကို အဝေး အနီး ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် အချိန်မရွေး ရာသီမရွေး လှနေတာပါပဲ။

ဦးပိန်တံတား သက်တမ်း နှစ်ပေါင်း ၁၅၀ ရှိပြီဖြစ်သည်။ အင်းဝနေပြည်တော်မှ ရွှေ့ပြောင်းမြို့တော် တည်ထောင်ခဲ့သော အမရပူရသည် ဘိုးတော်ဘုရားလက်ထက်က လူမှုရေး၊ စီးပွားရေး၊ မြို့ပြအိမ်ယာများနှင့် စည်းကားဖွံ့ဖြိုးခဲ့ပုံကို သမိုင်းမှတ်တမ်းများ၌ တွေ့ရှိရကြောင်း၊ မျက်မှောက်ခေတ် အမရပူရ မြို့ဟောင်းသည် စေတီပုထိုးသမိုင်း အဆောက်အဦအချို့က ရှေးခေတ်ကို တစေ့တစောင်း ပြသလျက်ရှိသော်လည်း မန္တလေးမြို့တော်နှင့် ဆက်စပ်လျက် ရှိနေသဖြင့် တိမ်မြုပ်လုမတတ်ရှိနေသည်။ ရက်ကန်းလုပ်ငန်းဖြင့် ထင်ရှားသော မြို့တစ်မြို့အဖြစ်သာ အသိအမှတ်ပြုကြရသည်။ သို့ရာတွင် သမိုင်းကို ဖော်ပြနေသော ရပ်ကွက်ကြီးများ၏ အမည်များနှင့် အနုပညာလုပ်ငန်း အတန်းအစု အကွက် အမည်များက ရှေးခေတ်အမရပူရ ကို ပြောပြနေဆဲရှိသည်။

ယခုအခါ အမရပူရမှာ လေ့လာစရာအဖြစ် ရှေးဦးစွာ ဦးတိုက်လေ့လာကြည့်ရှုကြသော နေရာကား တောင်သမန် ဦးပိန်တံတား ဖြစ်သည်။ သက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်းလက်ထက် အမရပူရမြို့ဝန် ဘိုင်ဆပ်၏ မြို့စာရေး ဦးပိန်တည်ဆောက်ခဲ့သောကြောင့် ဦးပိန်တံတားဟု အမည်တွင်သည်။ ဦးပိန်သည် မိုးတွင်းကာလ တောင်သမန် ၁၂ ရပ်မှ လူအများ သွားလာလွယ်ကူရေးအတွက် စစ်ကိုင်း၊ အင်းဝနန်းတော်၊ အိမ်တော်များမှ သစ်သားဟောင်းများကို ဘုရင့်ထံ လျှောက်တင်ပြီး ရရှိသမျှနှင့် အခြေတည် ဆောက်လုပ်ခြင်းဖြစ်ရာ ယနေ့တိုင် တံတားအိုကြီး မြင်ကွင်းက မြန်မာမှုကို ဆွဲဆောင်ပြသနေဆဲရှိသည်။ ခေတ်အဆက်ဆက် လေမိုးဒဏ်ကြောင့် ပျက်စီးယိုယွင်းမှုများကို ပြုပြင်ခဲ့ရသည်။

တံတားကို ဆောက်လုပ်ရာ၌ နှစ်နှစ်မျှ ကြာခဲ့သည်။ မြန်မာအင်ဂျင်နီယာပညာရှင်တို့က စကေးမှန်ချိန်မပါဘဲ ခြေလှမ်းဖြင့် တိုင်းတာ၍ ဆောက်ခဲ့ရသော မြန်မာမှု တံတားကြီးဖြစ်သည်။ လှိုင်းဒဏ်၊ လေဒဏ် ခံနိုင်အောင် ဖြောင့်တန်းစွာ မဆောက်ဘဲ တောင်ဘက်သို့ ဦးမော့ ကွေ့ဝိုက်ကာ ကျင်တွယ်ပုံသဏ္ဍာန် ဆောက်လုပ်ထားသည်။

ဦးပိန်တံတားကြီး၏ တိုင်ပေါင်းမှာ ရှေးခေတ်မှတ်တမ်းအရ( ၉၈၄)တိုင် ရှိသည်ဟု ဆိုသည်။ ဆောင်ပုဒ်အရ “န၀အဋ္ဌဇယမောင်ပိန်” ဟူ၍ ဖြစ်သည်။ ခေတ်ကာလ ရွေ့လျားလာသဖြင့် တံတားကြီးကို အရှေ့ထိပ်၊ အနောက်ထိပ် ပြုပြင်တည်ဆောက်ခဲ့ရသလို ရေလယ်ဇရပ်များကိုလည်း ပြုပြင်တည်ဆောက်ခဲ့ရသည်။ ဇရပ် လေးဆောင်မှ တိုင်များပါ ပေါင်းလျှင် တိုင်ပေါင်း ၁၀၈၆တိုင် ရှိသည်။ အခန်းပေါင်း ၄၈၂ခန်း၊ တံတားအရှည် ၃၉၆၇ပေ၊ တစ်မိုင်၏ လေးပုံသုံးပုံ ရှည်လျားကြောင်း နောက်ဆုံးထုတ် မန္တလေးမြို့နေ သတင်းစာဆရာ နတ်မောက်ထွန်းရှိန် ရေးသားပြုစုသည့် “၀င်းတွေနှင့် တည်ခဲ့သည့် မင်းနေပြည်” စာအုပ်၌ ဖော်ပြထားသည်။

တိုင်ပေါင်း ၁ဝ၈၆ တိုင် နဲ့ ဖြုတ်လို့ တပ်လို့ ရတဲ့ အခန်းအရှင် ၉ ခုအပါအဝင်၊ အခန်းပေါင်း ၄၈၂ ခန်း၊ ၁.၂ ကီလိုမီတာ ရှည်တဲ့ ကျွန်းသစ်သား တံတား ဆိုပြီး ဒီနေ့ ကမ္ဘာလှည့် ခရီးသည်တွေ အကြားမှာလည်း ကျော်ကြားပါတယ်။

အမရပူရ မြို့နယ် တောင်သမန်အင်း ကို ဖြတ်ပြီးဆောက်ထားလို့ ရှေးတုန်းက တောင်သမန်တံတား လို့ခေါ်ကြတယ်။ ကုန်းဘောင်မင်းဆက် ၉ ဆက်မြောက် ပုဂံမင်း အမိန့်နဲ့ တံတားဆောက်ဖို့ တာဝန်ယူရတဲ့ အမရပူရမြို့ဝန် ဘိုင်ဆပ်ရဲ့ မြို့စာရေး ဦးပိန် ကို အကြောင်းပြုပြီး နောက်တော့ ဦးပိန်တံတား လို့ ခေါ်ကြတယ်။ ဒီနေ့မှာတော့  ဦးပိန်တံတားလို့ ခေါ်တာက များလာတယ်။

စစ်ကိုင်း နဲ့ အင်းဝ မြို့ဟောင်းတွေက အိမ်ဟောင်း ကျောင်းဟောင်းတွေ ဖျက်ယူလာတဲ့ သစ်သား အဟောင်းတွေကိုသုံးပြီး ခရစ်သက္ကရာဇ် ၁၈၅၁ မှာ တောင်သမန်တံတား ကိုဆောက်ပြီးခဲ့တယ်။

တောင်သမန်တံတား ကိုဆောက်ခဲ့တဲ့ မြို့ဝန် ဘိုင်ဆပ် နဲ့ သူ့ စာရေး ဦးပိန် တို့ဟာ သမိုင်း မှာ နာမည် မပြောင်မြောက်ရုံမကဘဲ အင်မတန် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူတွေပါပဲ။ အာဏာကို အလွဲသုံးပြီး သာမန် လက်လုပ်လက်စား လူတန်းစားတွေကို နှိပ်စက် ညှဉ်းပန်းခဲ့ကြသူတွေပါ။ သူတို့ရဲ့ပယောဂကြောင့် အပြစ်မဲ့တဲ့ လူတွေ အများကြီး အသက်ဆုံးပါး ခဲ့ရတယ်။ သားပျို သမီးပျိုတွေ ပျက်စီးခဲ့ကြရတယ်။

အဲဒီအချိန်တွေ အတောအတွင်းမှာလည်း တိုင်းပြည်ကမငြိမ်မသက်ဖြစ်နေတယ်။ တိုင်းတပါးနယ်ချဲ့ ကျူးကျော်လာတာကို ရင်ဆိုင်ရတဲ့ ပြဿနာတွေအပြင်၊ နယ်စပ်တိုင်းပြည်တွေနဲ့လည်း ပြည်ထဲရေးက မအေးမချမ်းဖြစ်နေတယ်။  ဘုရင်တွေ မင်းနေပြည်ပြောင်းကြ၊ နန်းတွင်းအင်အားပြိုင်ကြရာကစပြီး ရာဇဝတ်သင့် အကွပ်မျက်ခံကြရလို့  နာမည် အဆိုး အကောင်း အမျိုးမျိုးနဲ့ ထင်ပေါ် ကျော်ကြားတဲ့ မင်းမိဖုရား၊ မင်းညီမင်းသား၊ မင်းသမီးတွေ၊ နောက်လိုက်နောက်ပါတွေ အသက်ဆုံးပါးခဲ့ကြရတာကလည်း မနည်းလှပါ။ ဒါကြောင့် တောင်သမန်အင်း နဲ့ တောင်သမန်တံတား တဝိုက်မှာ ပြောပြစရာ ပုံပြင်တွေမနည်းခဲ့ဘူး။ ကြာလာတော့လည်း မယုံရင် ပုံပြင်မှတ်လို့ ဆိုရိုးစကား ရှိပေမယ့် သက်ကြီးစကား သက်ငယ်ကြား ဆိုသလိုပဲ တဆင့်ပြန်ပြောကြရမယ့် တကယ် ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းတွေကတော့ မပျက်ပြယ်နိုင်ဘူးလေ။

တောင်သမန်တံတား က တောင်သမန်အင်း ဟိုဖက်ကမ်း ဒီဖက်ကမ်း၊ ကမ်းနှစ်ခုကို ဆက်သွယ်ထားလေတော့ ဆက်သွယ်ရေးမှာ အရေးပါတယ်။  ဒီတော့ တောင်သမန် ရပ်ကွက် ၁၂ ကွက် မှာ နေကြတဲ့ ဒေသခံတွေရဲ့ နေ့စဉ် တဓူဝ သွားလာရေးအတွက် သုံးရတာကြောင့်ပဲဖြစ်ဖြစ်၊ အဝေးနယ်အရပ်ရပ်က အပန်းဖြေ အပျော် အလည်လာကြတာကြောင့်ပဲဖြစ်ဖြစ် တောင်သမန်တံတား က အမြဲစည်ကားနေပါတယ်။ သမိုင်းကြောင်းကို သိတဲ့သူတွေက သံဝေဂ သင်ခန်းစာ ယူကြရတယ်။ ရော်ရမ်း တမ်းတနေမိတာမျိုးမဟုတ်ပေမယ်လို့  တမျိုးတဖုံတော့ ရှေးခေတ်ဟောင်းကို လွမ်းကြရပေလိမ့်မယ်။ သမိုင်းကြောင်းကို မသိတဲ့သူ၊ မကြားဖူးသူတွေမှာတော့ တောင်သမန်အင်း နဲ့ တောင်သမန်တံတား ရဲ့ အလှအပ တွေကိုသာ ခံစားနိုင်ကြပေမယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ အချိန်တွေ ရာသီတွေ ဘယ်လိုပဲ ပြောင်းစေတော့၊ လေညင်း ပြေပြေ အနော့မှာ မယ်ဇယ်ပင်တန်း၊ တောင်သမန်အင်းတို့နဲ့အတူ တောင်သမန်တံတား ကတော့ လှမြဲလှနေပါမယ်။ အသုံးဝင်မြဲ အသုံးဝင်နေပါမယ်။

 တံတား ပေါ်မှာ နားနေကြရင်းနဲ့ ဖြတ်သန်းလာတဲ့ ခေတ်အဆက်ဆက်မှာ နောက်ထပ်တိုးလာမယ့် ပုံပြင်သစ်တွေကိုလည်း ဆက်ပြီး ပြောနေကြရပါလိမ့်မယ်။

“တောင်သမန်၊ ကြည် အင်းရေ လှိုင်းငွေ မြူးကာနေ၊ ညင်းလေယဉ် ပြေပြေ၊”
တောင်သမန်၊ မြို့မငြိမ်း



အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း
(၁)  တောင်သမန် ရွှေအင်းက လေညင်း ဆော်တော့၊ မြသန်းတင့်၊ မတ်လ၊ ၂ဝဝ၆
(၂)  တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများ၊ ကိုပညာ (အမရပူရ)၊ ဒု-အကြိမ်၊ ဇန္နဝါရီ၊ ၂ဝဝ၎
(၃)  ကုန်းဘောင်ကိုဆန်၍၊ ဒေါက်တာ မတင်ဝင်း (ပညာရေးတက္ကသိုလ်)၊ ဒီဇင်ဘာ၊ ၂ဝဝ၁
(၄)  ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ မေလ၊ ၁၉၆၄
(၅) ရန်ဝင်း(တောင်တံခါး)

မူရင်းလင့်ခ် အောင်နိုင်သူ ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

No comments:

Post a Comment