ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 4 September 2010

ရှင်ဝက္ကလိမထေရ်ကို ငါဘုရားရဲ့ ခန္ဓာကိုယ် အပုပ်ကောင်ကြီးကို ရှိခိုးကြည်ညိုနေလို့ တစ်မဂ်တစ်ဖိုလ်ရမလား။ တရားအားထုတ်ပါလားလို့ မာန်မဲခဲ့တဲ့အတွက် ဘုရားရှိခိုး

ရှင်ဝက္ကလိမထေရ်ကို ဘုရားရှင်ကိုယ်တော်တိုင်က ငါဘုရားရဲ့ ခန္ဓာကိုယ်အပုပ်ကောင်ကြီးကို ရှိခိုးနေလို့ တစ်မဂ် တစ်ဖိုလ် မရနိုင်ဘူးလို့ ဟောကြားခဲ့ပါတယ်။ ဟောကြားတဲ့အတိုင်း သက်တော်ထင်ရှား ဘုရားကိုယ်တိုင်ကိုပဲ ဖြစ်ဖြစ်၊ ဘုရားရှင်ကို ရည်မှန်းနိုင်ဖို့ ကိုယ်စားထားခဲ့တဲ့ ဆင်းတု၊ ရုပ်ပွား၊ စေတီတော်တွေကိုဖြစ်ဖြစ် ရှိခိုးပူဇော်ရုံနဲ့တော့ တစ်မဂ်တစ်ဖိုလ်ကို မရနိုင်ပါဘူး။ နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်ပါဘူး။

ရှင်ဝက္ကလိမထေရ်ဟာ ဘုရားရှင်ရဲ့ ၃၂-ပါးသော လက္ခဏာတော်ကြီးနဲ့ ၈၀-သော လက္ခဏာတော်ငယ်တွေနဲ့ တင့်တယ်သပ္ပာယ်မှုကို ဖူးမြော်ပြီး ကြည်ညိုနေပါတယ်။ အဲဒီလို တစ်သက်လုံး ကြည်ညိုပြီး သေသွားခဲ့ရင် အပါယ်မလားဘူး။ လူ့ချမ်းသာ နတ်ချမ်းသာကို ရမယ်။ ရှင်ဝက္ကလိဟာ တရားကို ကြိုးစား အားထုတ်လိုက်ရင် မင်္ဂဖိုလ်ရမှာကို ဘုရားရှင် မြင်တော်မှုပါတယ်။

ဒါကြောင့် ဘုရားရှင်က ရှင်ဝက္ကလိကို မာန်မဲထုတ်လိုက်ပါတယ်။ ရှင်ဝက္ကလိလဲ သတိတရားရပြီး အားထုတ်လိုက်တာ သောတာပန် ဖြစ်သွားတယ်။ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်သွားတယ်။ သောတာပတ္တိမဂ်ဆိုတဲ့ လောကုတ္တရာကုသိုလ်နဲ့ ဘုရားရှင်ကို ကြည်ညိုနေတဲ့ ပုထုဇဉ်အဖြစ်က ကာမ၀စရကုသိုလ်နဲ့ နှိုင်းယှဉ်ကြည့်ရင် အဆရာ၊ ထောင်မက ကွာခြားတယ်။ အဆင့်မြင့်တဲ့ လောကုတ္တရာ ကုသိုလ်မဂ်ဖိုလ်တရား ရမှာကို မြင်လို့ လောကီကုသိုလ်နဲ့ ကျေနပ်နေတဲ့ ရှင်ဝက္ကလိကို မာန်မဲထုတ်တာဖြစ်ပါတယ်။ ဘုရားရှင်ကို ကြည်ညိုနေတာဟာ လုံးဝ အကျိုးမရှိလို့ မဟုတ်ပါဘူး။

ဒီလိုသေသေချာချာမသိဘဲ ခုကာလ တချို့ ပုဂ္ဂိုလ်တွေက ဘုရားရှိခိုးလို့ အလကားပဲ။ တရားပဲ အားထုတ်ကြလို့ ပြောဆိုကြပါတယ်။ တရားအားထုတ်တဲ့လူဟာ ဘုရားရှိခိုးဖို့ မလိုဘူးလို့ ပြောဆိုနေကြတယ်။ ကိုယ့်ကိုယ်ကို ရှင်ဝက္ကလိလို တစ်မဂ်တစ်ဖိုလ်ရမယ် မရဘူး မသေချာသေးတော့ အပါယ်တံခါးပိတ်ပြီး လူနတ်ချမ်းသာကို ပေးနိုင်တဲ့ ဘုရားရှိခိုးမှုကိုလဲ ပြုလုပ်ကြရပါမယ်။ ဘုရားရှိခိုးမှု၊ သီလဆောက်တည်မှု၊ ဒါနပြုမှုဆိုတဲ့ လောကီကုသိုလ်မှုနဲ့ အားရတင်းတိမ်မနေဘဲ တစ်မဂ်တစ်ဖိုလ် ရရာရကြောင်း ကမ္မဌာန်းတရားကိုလဲ တတ်နိုင်သမျှ အားထုတ်ကြရပါမယ်။

No comments:

Post a Comment