သက်တော်တည် ဂါထာတော်ဖြစ်စဉ်
ဤ သက်တော်တည်ဂါထာမန္တန်တော်သည် အလွန်ဥာဏ်ထိုင်းသည့် တပည့်ဖြစ်သူ စူဠပန် အလောင်းတော်အား ဒိသာပါမောက္ခ ဆရာကြီးက သင်ပေးခဲ့သော မန္တန်တော် ဖြစ်ပါသည်။
အရှင် စူဠပန် အလောင်းသည် ဤ ဂါထာမန္တန်တော်ကို ဆရာကြီးထံမှ သင်ယူရရရှိပြီးနောက် မွေးရပ်သို့ ပြန်ခဲ့သည်။ တစ်နေ့တွင် ဘုရင်မင်းမြတ်သည် မြို့ပြ အခြေအနေကို အကဲခတ်သောအားဖြင့် ညပိုင်းကာလတွင် မြို့တွင်းသို့ တစ်ဦးတည်း ထွက်ခဲ့ပါသည်။ ထိုသို့ ထွက်လာစဉ်၌ သူခိုးများသည် အိမ်တစ်အိမ်၏ အုတ်နံရံ အကာအကွယ်အား ဖောက်ထွင်းနေကြသည်ကို မင်းကြီးမြင်ရ၏။ ထိုသို့ သူခိုးများ ကြံစည် ကြိုးစားအားထုတ်နေကြချိန်တွက် စူဠပန် အလောင်းတော်လုလင်သည် သူသင်ယူရရှိ ထားသော (ဃဋ္ဋေသိ-ဃဋ္ဋေသိ) အစချီသည့် ဂါထာမန္တန်တော်ကို ရွတ်ဆိုမိလျက်သား ဖြစ်သွားလေ၏။ ဤတွင် သူခိုးများသည် “ဟာ ငါတို့ အကြံအစည် အလုပ်အကိုင်တွေ သိသွားပြီဟ” ဟုဆိုကာ ဘာပစ္စည်းမှ မယူဝံ့ဘဲ ကိုယ်လွတ်ထွက်ပြေးရလေသည်။
ယင်းသို့သော ဖြစ်စဉ်ကို မြို့ပြ အခြေအနေ လှည့်လည်ကြည့်ရူသော ဘုရင်မင်းမြတ် သိရှိတော်မူပေသည်။ ဖြစ်စဉ် ဖြစ်ရပ်နှင့်တကွ နေရာဒေသ အ၀၀ကို ဘုရင်မင်းမြတ် မှတ်သားထားခဲ့ပေသည်။ ထိုသို့ မှတ်သားခဲ့ပြီးနောက် နန်းတော်သို့ ပြန်ကာ ယင်းလုလင်ကို ရှေ့တော်သို့ အခေါ် လွှတ်လေ၏။ လုလင်-ရှေ့တော်သို့ ရောက်သောအခါ ညက ဖြစ်စဉ်အားလုံး သိထားကြောင်း မင်းကြီးက ပြောပြ၏။ ထိုဂါထာမန္တန်ကိုလည်း သင်ပေးရန်ပြော၏။ စူဠပန် အလောင်းလုလင်ကလည်း သင်ပေးလိုက်သည်။ မင်းကြီးက လုလင်အား ငွေအသပြာ တစ်ထောင် ချီးမြှင့်လိုက်လေသည်။
ထို့နောက်တွင် စစ်သူကြီး တစ်ဦးသည် ခေါင်းရိတ်သမားကို ခေါ်၍ မင်းကြီး ခေါင်းရိတ်ခိုင်းသောအချိန်တွင် မင်းကြီးအား လည်ပင်ကို ဓားဖြင့်လှီး၍ သတ်ခိုင်းသည်။ သူက ဘုရင်လုပ်၍ ခေါင်းရိတ်သမားအား စစ်သူကြီးရာထူး ခန့်မည်ဟုဆိုသည်။ ခေါင်းရိတ်သမားကလည် ပြုလုပ်ပါမည်ဟု ၀န်ခံသည်။
မင်းကြီးအား ခေါင်းရိတ်မည့်နေ့တွင် ခေါင်းရိတ်သမား (ဆတ္ဆာသည်) သည် ဓားကို ထက်သထက် ထက်အောင် သွေးနေလေ၏။ ထိုစဉ်၌ မင်းကြီးက (ဃဋ္ဋေသိ-ဃဋ္ဋေသိ) အစချီသော ဂါထာ မန္တန်တော်ကို ရွတ်ဖတ်လိုက်ရာ ခေါင်းရိတ်သမားဆတ္တာသည် အလွန်ကြောက်ရွံ့ထိတ်လန့် တုန်လူပ်သွားလေသည်။
ထိုအခါ ခေါင်းရိတ်သမားသင် သင်ဓုန်းဓားကို ဘေးမှာချထားပြီး ဘုရင်မင်းမြတ်ရှေ့တွင် အရိုအသေပြုလျက် အပြစ်ကို ခွင့်လွှတ်ရန် ၀န်ချ တောင်းပန်ရတော့သည်။ ဤတွင် ဘုရင်မင်းမြတ်က “ဤသို့ သင့်ကို ဘယ်သူ စေခိုင်းသနည်း၊ အမှန်ကို ပြောပြလျှောက်တင်ပေလော့” ဟု မိန့်တော်မူ၏။ ခေါင်းရိတ်သမားကလည်း အမှန်အတိုင်း ၀န်ခံ လျှောက်တင်လိုက်သည်။ အကြောင်းစုံ သိသောအခါ ဘုရင်မင်းမြတ်သည် စစ်သူကြီးအား ပြည်နှင်ဒဏ်ပေးသည်။ ဂါထာ သင်ပေးခဲ့သော စူဠပန်အလောင်းတော်လုလင်အား စစ်သူကြီးရာထူးကို အပ်နှင်း လိုက်လေတော့၏။
ဘုရင်မင်းမြတ်သည် ဤဂါထာမန္တန်တော်ကို ရွတ်ဆိုခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရသည်။ ထိုသို့သော အဖြစ်အပျက်ကို အခြေခံ၏ ဤဂါထာ မန္တန်တော်ကို ဗုဒ္ဓဘာသာဝင်များ ရွတ်ဆို ပွားများခဲ့ကြ ခြင်းဖြစ်ပါသည်။
သက်တော်တည်ဂါထာပါဠိ
ဃဋ္ဋေသိ ဃဋ္ဋေသိ၊ ကိံ ကာရဏာ ဃဋ္ဋေသိ
အဟမ္ပိ တံ ဇာနာမိ။
သက်တော်တည် ဂါထာတော် ရွတ်ဖတ်ရခြင်း၏ အကျိုး
ဤဂါထာတော်ကို ရွတ်ဖတ်ပွားများသူတို့သည် အသက်ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရုံမက စည်းစိမ် ဥစ္စာရတနာ တိုးတက်ခြင်း၊ သူခိုး-ဓားပြ ဘေးရန်မှ လွတ်ကင်းခြင်း စသော အကျိုးထူးများ ရရှိမည် ဖြစ်ပါသည်။
အထက်ဖော်ပြပါ သက်တော်ရှည်ဂါထာပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။
ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။
No comments:
Post a Comment