ဇလွန်ပြည်တော်ပြန် ဓမ္မခဏ်ဂါထာတော်ဖြစ်စဉ်
ရခိုင်ပြည့်ရှင် ဘုရင်စန္ဒသူရိယမင်း ပင့်လျှောက်ချက်အရ မဟာသက္ကရာဇ် (၁၁၃)ခုနှစ်တွင် သဗ္ဗညုတ မြတ်စွာဘုရား သခင်သည် ရခိုင်ပြည်သို့ ကြွရောက်၍ သရဏံဂုံ သီလဖြင့် ချီးမြှင့်ကာ ဓည၀တီတစ်တိုင်း ပြည်လုံး ဗုဒ္ဒဘာသာဝင် ဥပါသကာ ဥပါသကီများ အဖြစ်သို့ ရောက်ရှိကြကုန်သည်။
ဓည၀တီမှ-မြတ်ဗုဒ္ဓဘုရား ပြန်လည် ကြွချီမည်ပြုရာ စန္ဒသူရိယမင်း၏ တောင်းပန် လျှောက်ထားချက်အရ ကိုယ်စားတော် ပုံသွင်ကို သွန်းလုပ်ခွင့်ပြုပြီး ရင်ငွေ့တော် ခုနှစ်ကြိမ်ပေးခဲ့သဖြင့် မဟာမုနိဘုရားဟု ဘွဲ့တော် ထင်ရှားခဲ့သည်။
ကိုယ်စားတော် မဟာမုနိသွန်းလုပ်ပြီး ကြွင်းကျန်သော ကြေး-ငွေ-ရွှေရတနာတို့ကို သွန်းလုပ်ကြရာ (ရှင်ကျော်) (ရွှေဘုံသာ)၊ (ရန်အောင်မြင်) ဟူသော ရုပ်ပွားတော်ငယ် သုံးဆူ ရရှိပြန်သည်။
ထိုဆင်းတုငယ် ၃-ဆူအနက် ရန်အောင်မြင်ရုပ်ပွားတော်မှာ မဟာမုနိရုပ်ပွားတော်၏ လက်ယာဘက်တွင် ထား၍ လက်ယာရုပ်ပွားတော်ဟု ခေါ်သည်။
သက္ကရာဇ် ၁၁၄၆-ခုနှစ်တွင် အမရပူရ ရွှေနန်းရှင် ဘိုးတော်ဘုရား၏ သားတော်အိမ်ရှေ့ ဥပရာဇာက ဓည၀တီ ရခိုင်ပြည်ကို သိမ်းယူ၍ မဟာမုနိရုပ်ပွားတော်နှင့် အရံရုပ်ပွားတော် ၃-ဆူပါပင့်ဆောင်လာခဲ့ပြီး မဟာမုနိ ရုပ်ပွားတော်ကို ဂန္ဓကုဋိတိုက်တော်နှင့်ထားပြီး ကျန်(၃)ဆူကို ရွှေနန်းတော်ဦးတွင် ကိုးကွယ်ထားလေသည်။
သက္ကရာဇ် ၁၂၁၄-ခုနှစ် ပုဂံမင်းလက်ထက် ဇလွန်မြို့သူကြီး ဦးရွှေပွင့်သည် မြို့သူ-မြို့သားများ ကိုးကွယ်ဖို့ ရုပ်ပွားတော် တစ်ဆူသွန်းလုပ်ရန် တစ်မြို့လုံး လှူဒါန်းသော ရွှေ-ငွေ-ကြေးသံတို့ကို (ရန်လွင့်) ခေါ် လှေကြီးနှင့် တင်၍ အမရပူရသို့ ရောက်လာပြီး အစ်မ၀မ်းကွဲတော်သူ ပုဂံမင်း မိဖုရားကြီးထံ ၀င်ရောက်ခစား၍ ပန်းပဲဖိုဆရာ မောင်မောင်လပ်အားခေါ်၍ မိဖုရားကြီးက ရုပ်တုတော် သွန်းလုပ်စေသည်။
ဤအချိန်တွင် ပုဂံမင်းနှင့် မင်းတုန်း၊ ကနောင်မင်းတို့ မသင့်မတင့်ဖြစ်ကာ နေပြည်တော်တွင် အရေးအခင်းများ ပေါ်ပေါက်လာသဖြင့် ရုပ်ပွားတော် သွန်းလုပ်မူများ မပြီးစီးသဖြင့် နန်းတော်ဦးမှ ရန်အောင်မြင် ရုပ်ပွားတော်ကို ခေတ္တခဏ ပင့်ဆောင်ပြီး ရန်လွင့်ခေါ် လှေတော်ကြီးဖြင့် ဇလွန်မြို့သို့ ပြန်လည် ရောက်ရှိ ကိုးကွယ်ခဲ့ကြသည်။
သက္ကရာဇ် ၁၂၁၄-ခုနှစ်တွင် အောက် မြန်မာနိုင်ငံကို အင်္ဂလိပ်များ သိမ်းပိုက်၍ ကြေးပိုက်ဆံ ကျည်ဆံများ ပြုလုပ်ရန် ကြေးဆင်းတုများကို ကုလားဖြူများက သိမ်းယူရာ ဇလွန်မြို့ မာရ်အောင်မြင် ဘုရားကိုပါ သိမ်းယူ၍ ဆာဂျွန်ဆင် ဆိုသူ ကုလားဖြူဗိုလ်က(ရွှေဆင်) ဆိုသော သင်္ဘောဖြင့် တင်ယူသွားလေသည်။
ဘုံတိုင်မြို့သို့ ရောက်သောအခါ ကြေးဆင်းတုများကို ကြို၍ ကြေးပိုက်ဆံ ကျည်ဆံလုပ်ကြသည်။ မာရ်အောင်မြင် ဆင်းတုတော်မှာမူ မီးနှင့် ကြိုရာ အရည်မပျော်ဘဲ မိုးကြီး လေကြီးကျ၍ မီးကြိုသူ ကုလား ၆၄-ယောက် သွေးအန် ၀မ်းလျှောကာ သေဆုံးကြကုန်သည်ဆို၏။
ထိုအချိန်တွင် ၀ိတိုရိယဘုရင်မကြီးမှာ ခေါင်းကိုက်ဝေနာ ပြင်းထန်စွာဖြစ်၍ ဒေါက်တာ ဆရာဝန်များ ကုသမရဘဲရှိရာ (တစ်ညတွင် ဘုံဘိုင်ရှိ ဗမာဘုရားကို မူလ နေရပ်သို့ ပြန်ပို့မှ ရောဂါပျောက်မည် ပြန်မပို့ပါက နတ်ရွာစံမည်)ဟု အိပ်မက်မက်သဖြင့် ဘုံဘိုင်ရှိ ဂိုဒေါင်တွင်းမှာ ရှာဖွေပြီး မြန်မာပြည်သို့ ပြန်ပို့မှသာ ရောဂါ ပျောက်ကင်းသွားသည် ဆို၏။
ထိုမာရ်အောင်မြင်ဘုရား၏ အောက်ခြေပလ္လင် စမ္မခဏ်တွင် ရှိနေသော ဂါထာတော်မြတ်၏ အစွမ်းသတ္တိ ကြောင့်သာ ပြည်တော်သို့ ပြန်ရောက်လာသည်ဟု ယုံကြည်လျက် ၎င်းဂါထာကို ကူးယူရိုက်နှိပ်ကာ တစ်နိုင်ငံလုံး ဖြန့်ဝေသည်မှစ၍ (ဇလွန်ပြည်တော်ပြန် ဓမ္မခဏ်ဂါထာ) ဟု ဖြစ်ပေါ် ရွတ်ဆို ပွားများခဲ့ ကြပါသတည်း။
ဇလွန်ပြည်တော်ပြန် ဓမ္မခဏ်ဂါထာပါဠိ
ဣတိပိ ပိဋကတ္တယံ၊ အနိစ္စံ ဒုက္ခံ အနတ္တံ၊
သတ္တဗောဇ္ဈင်္ဂေါ၊ အဋ္ဌင်္ဂိကော မဂ္ဂေါ၊ စတုပဋ္ဌာနံ။
သဗ္ဗဿ ဣန္ဒော၊ သဟဿ သူရိယော၊ သြောင်း နမော
မေတ္တာနံ၊ ရာဇာဘယံ၊ စောရဘယံ၊ ဥဒကဘယံ။
အဂ္ဂိဘယံ၊ သတ္ထဘယံ၊ သဗ္ဗဘယံ၊ ဇေယျော၊
ဇယတု မင်္ဂလံ၊ အနိစ္စံ သင်္ခတံ ပဋိစ္စသမုပ္ပန္နံ၊
ခယဓမ္မံ၊ ၀ယဓမ္မံ၊ ၀ိရာဂဓမ္မံ၊ နိရောဓမ္မံ၊ ခမတိ။
ဇလွန်ပြည်တော်ပြန် ဓမ္မခဏ်ဂါထာတော် ရွတ်ဆိုခြင်း၏အကျိုး
ဤ ပြည်တော်ပြန်ဂါထာကို နေ့စဉ်မပြတ် ရွတ်ဖတ်သရဇ္ဈာယ်ရခြင်းဖြင့် အတွင်းရန် အပြင်ရန်များ ကင်းစင်ပပျောက်ခြင်း၊ သူတစ်ပါးတို့ မကောင်း မကြံစည်နိုင်ခြင်း၊ မိမိ တောင့်တသော ဆုကို ရရှိနိုင်ခြင်း၊ အိမ်သူ အိမ်သားများနှင့် မကွဲမကွာနေရခြင်း၊ မိမိနေလိုသော အရပ်ဒေသမှာသာ နေရခြင်း စသည့် အကျိုးများကို ခံစားစေနိုင်ပါသည်။
မှတ်ချက်။ ။ ဇလွန်မြို့ ပြည်တော်ပြန်ဘုရား ဂေါပကအဖွဲ့မှ ရိုက်နှိပ်ထုတ်ဝေသော ဘုရားသမိုင်း အကျဉ်းမှ ထုတ်နုတ်တင်ပြထားပါသည်။
အထက်ဖော်ပြပါ ဖလွန်ပြည်တော်ပြန် ဓမ္မခဏ်ဂါထာပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။
ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။
No comments:
Post a Comment