ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 26 June 2011

ကိုယ်ကျင့်သီလ

ဘယ်သူများ ဘ၀ကို ခပ်ညံ့ညံ့နေချင်တယ်လို့ ကြားဖူးသလဲ။

လူတွေဟာ ကောင်းကောင်းနေချင်၊ ကောင်းကောင်းစားချင်၊ ကောင်းကောင်းဝတ်ချင် ကြတယ်။ အဲသည်လို နေရာတကာ ကောင်းကောင်းနေချင်၊ စားချင်၊ ၀တ်ချင်ပေမယ့် အကျင့်မကောင်းကြတာက ခက်တယ်လေ။

ကုသိုလ်ပဲဖြစ်ဖြစ်၊ အကုသိုလ်ပဲဖြစ်ဖြစ်ပါ။ ပြုလုပ်တဲ့အခါမှာ သေးငယ်တဲ့ အပြုလေး လုပ်လို့ အကျိုးပေးမှာ မဟုတ်ဘူးလို့ မထင်ပါနဲ့။ တံစက်မြိတ်အောက်မှာ ချထားတဲ့ ရေအိုးဟာ ရေတစ်စက်၊ တစ်စက်ကျရုံနဲ့ မကြာမီ ပြည့်လာသလို နောင်တစ်ချိန်မှာ အကျိုးပေးမှာပါပဲ။ ပြည့်သွား၊ များသွားမှပဲလေ။ လူအချို့ဟာ ကောင်းမြတ်တဲ့ အလေ့အကျင့်ကို သိပေမယ့် မကျင့်ကြဘူး။ လူကောင်းလူမှန် ဖြစ်ချင်ရင် ကောင်းမြတ်တဲ့ အကျင့်သီလ အထုံဖြစ်အောင် လေ့ကျင့်ရမယ်။ ဘယ်အကျင့်ဟာ အသင့်လျော်ဘူးဆိုတာ နားလည်အောင် ကြိုးစားရမယ်။ ကြိုးစားရှောင်ရမယ်။

ရေသာခို အချောင်လိုက်ချင်တာ၊ တပ်နပ်စားဉာဏ်သုံးချင်တာ၊ ပျင်းရိတာ၊ ပေါ့လျော့တာ၊ သည်းမခံနိုင်တာတွေဟာ မကောင်းတဲ့ အကျင့်သီလတွေပဲ။

အဲ့သည် အကျင့်ဆိုးတွေဟာ တစ်စုံတစ်ယောက်ရဲ့ သန္တာန်မှာအမြစ်တွယ်ရင် ပြောင်းလဲပြုပြင်ဖို့ ခက်တယ်။ ဒါပေမယ့် မရဘူးတော့ မဟုတ်ပါဘူး။ ပြင်လို့ရပါတယ်။ ဆန္ဒတန်ခိုးဟာ ကောင်းမြတ်တဲ့ဘက်ကို သန်လာရင် ပြင်လို့ရတယ်။ အကျင့်သီလ ကောင်းမြတ်မှန်ကန်ရေးမှာ ဆန္ဒတန်ခိုးဟာ အကြီးဆုံး အောင်မြင်ရေး လက်နက်ဖြစ်တယ်။

သူတော်ကောင်းဥစ္စာ ခုနှစ်ပါးမှာ သီလလည်း ပေါတယ်။ သည်ခုနှစ်ပါးဟာ အမှန်တကယ် ရွှေ၊ ငွေ ထက်ကို အဖိုးတန်ပါတယ်။ အဲသည်ခုနှစ်ပါးက သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပ္ပတို့ဖြစ်ပြီး စကားအရ ပြောရရင် ရတနာသုံးပါးနဲ့ ကံနဲ့ကံရဲ့အကျိုးကို ယုံကြည်တာ။ ပြီးတော့ အကျင့်သီလရှိတာ၊ အကြားအမြင်ရှိတာ၊ ပေးကမ်းစွန့်ကြဲတာ၊ ခန္ဓာရဲ့ဖြစ်ခြင်း ပျက်ခြင်းကို သိတဲ့ ၀ိပဿနာပညာနဲ့ မကောင်းမူကို ရှက်တာ၊ မကောင်းမူကို ကြောက်တာတွေပါပဲ။

အကျင့်ကောင်း၊ အကျင့်မြတ်တွေနဲ့ သီလရှိသူဟာ စင်ကြယ်သန့်ရှင်းတဲ့ အပြောအဆို၊ အလုပ်အကိုင်၊ အကြံအစည်တွေကြောင့် စိတ်တောင့်တတိုင်း အောင်မြင်ပြီးစီးနေမှာပဲ။ ချစ်ခင်တဲ့ လူလည်းများ၊ နာမည်လည်း ကျော်ကြား၊ ငွေကြေးဥစ္စာလည်း ရနေမှာ ဖြစ်တော့တယ်။ အဲ့ဒါကြောင့် ရဟန်းပညာရှိ၊ လူပညာရှိနဲ့ လူကြီးသူမ၊ ဆရာသမားတွေက သီလကို မကျိုးပေါက်အောင် နေဖို့မှာကြတာ ဖြစ်တယ်။ သီလစောင့်ထိန်းဖို့ အထူးသတိပေးကြတာပါပဲ။

သီလကို စောင့်ထိန်းလို့ ဖြစ်ပေါ်လာတဲ့ အကျိုးကျေးဇူးတွေဟာ အတိုင်းအဆမရှိအောင် များပါတယ်။ ပြောပြလို့လည်း မကုန်ခန်းနိုင်ဘူး။ သီလများလေ အကျိုးများလေ ဖြစ်သည်။ နောက်ဆုံးမှာ နိဗ္ဗာန်ထိအောင် ရောက်နိုင်ပါတယ်။ ရေခံ၊ မြေခံ၊ မြေသြဇာကောင်းတဲ့ လယ်မြေမှာ ဘာမျိုးစေ့မဆို ပျိုးနိုင်တဲ့ သဘောမျိုးပဲ။ သီလတရားနဲ့ ပြောဆိုလုပ်ကိုင်နေသူရဲ့ နောက်မှာ ချမ်းသာအမျိုးမျိုးဟာ အရိပ်လို လိုက်နေတော့တယ်။

ရုပ်ကောင်းခြင်းထက် စိတ်ကောင်းဖို့က အရေးကြီးလှတော့ သီလရှိဖို့ လိုအပ်တဲ့ကိစ္စပဲ။ သီလမှန်မှ စိတ်မှန်မှာပါ။

သီလပြည့်စုံမူကြောင့် ရတဲ့ အကျိုးကျေးဇူး ငါးပါးကတော့ -

၁။ မမ့မလျော့၊ မပေါ့မတန်မူကြောင့် စည်းစိမ်ဥစ္စာ ရွှေ၊ ငွေ တိုးတက်တယ်။

၂။ အကျင့် စာရိတ္တ ကောင်းတဲ့အတွက် ကျော်ဇောသတင်း ပျံ့နှံ့ခြင်းရှိတယ်။

၃။ ကိုယ့်ရဲ့ သီလဂုဏ်ကြောင့် လာသမျှ လူပရိသတ်၊ မင်းပရိသတ်၊ ရဟန်းပရိသတ် အလယ်မှာ ကြောက်ခြင်းကင်းပြီး ရွှင်ပျ ကျက်သရေရှိတဲ့ မျက်နှာနဲ့ နေရတယ်။

၎။ သီလရဲ့ သတ္တိဂုဏ်ကျေးဇူးကြောင့် သေခါနီးမှာ မတွေဝေဘူး။ မိမိလေ့ကျင့်ခဲ့သော သီလကောင်းမူ ကုသိုလ်ကို ထင်မြင်ပြီး သေရတယ်။

၅။ ဆောက်တည်ခဲ့တဲ့ သီလအကျိုးကြောင့် သေခြင်းရဲ့ အခြားမဲ့မှာ နတ်ပြည်သို့ မချွတ်ရောက်တယ်။

သီလမရှိ၊ သီလ မဆောက်တည်လို့ အကျိုးယုတ်တဲ့ ငါးပါးလည်းရှိတယ်။ သီလရှိသူဟာ လက်ငင်းဘ၀မှာရော၊ လာမယ့်ဘ၀မှာရောအကျိုးခံစားရသလို သီလမရှိသူကြတော့လည်း အကျိုးယုတ်ခြင်း ငါးမျိုးကိုခံစားရတာပဲ။

အဲသည်ငါးပါးက -

၁။ အကျင့်သီလ မရှိ မေ့လျော့ ပေါ့တန်မူကြောင့် ဥစ္စာပစ္စည်းဆုတ်ယုတ်ခြင်းသို့ ရောက်ရတယ်။

၂။ အကျင့်သီလ မရှိသဖြင့် ကျော်စောခြင်း မရှိနိုင်ဘဲ ကဲ့ရဲ့ခြင်းကိုသာ ခံရတယ်။

၃။ အကျင့်သီလ ပျက်ပြားမူကြောင့် ကျက်သရေမဲ့ပြီး ပရိသတ်အလယ်မှာ ပွဲ မတိုးရဲဘူး။

၎။ သေခါနီးမှာ အကျင့်သီလ မရှိခဲ့မူကြောင့် အားကိုးမဲ့ပြီး တွေတွေဝေေ၀ သေရတယ်။

၅။ သေပြီး အခြားမဲ့မှာ ကောင်းရာမရောက်ပြန်ဘူး။ သီလညှိုးရင် ပျက်တယ်။

အဲ့ဒါဟာ လုံးဝအမှန်တရားပဲ။ သီလညှိုးပြီး၊ သီလမှိန်ပြီး အောင်မြင်ထွန်းကားနေတယ် ဆိုတာ မရှိဘူး။ ရှိလဲ ခဏတာ ရှိတာမျိုးပဲ ဖြစ်မယ်။

လောကမှာ သီလမညှိုးဘဲ စင်ကြယ်စွာ ကျင့်နိုင်သူတွေသာ ပိုမို အဆင့်အတန်း မြင့်ပါတယ်။

ဂုဏ်ကြီးသူ၊ ရာထူးကြီးသူတွေဟာ အဆင့်နဲ့အညီ သီလ၊ သမာဓိ၊ သိက္ခာ၊ ဂုဏ်တွေ ရှိကြတာပဲ။ အလကား ဂုဏ်မကြီးဘူး၊ ရာထူးမကြီးဘူး။ ရသင့်ရထိုက်လို့ အဆင့်မြင့်ကြ၊ ရာထူးကြီးကြ၊ ဂုဏ်ရှိကြတာပါ။

ရာထူးကြီးသူ၊ ဂုဏ်ကြီးသူ၊ အသက်အရွယ် ကြီးသူတွေဟာ အသက်အရွယ်အလိုက် အကျင့်သိက္ခာ စောင့်ရတယ်။ တော်ရိ လျော်ရိ ဖြစ်သလို နေလို့မရဘူး။ နေရင် ပိုအပြောခံရတယ်။ နာမည်ပျက် ဂုဏ်ပျက် ဖြစ်တတ်တယ်။

ရာထူးကြီးသူ၊ ဂုဏ်ကြီးသူတွေဟာ အရိုအသေ ခံထိုက်အောင် စံနမူနာပြ ဖြစ်ရတယ်။ ငယ်သူတွေ အတုယူတတ်အောင်ကို နေရတယ်။

အဓိကအချက်အချာ၊ အကြီးအကဲ ရာထူးတွေကို အရွယ်နဲ့အလိုက် ကျွမ်းကျင်မူ၊ လုပ်သက်၊ သီလသမာဓိ၊ လောကီပညာ အဆင့်အတန်း ပြည့်စုံသူများကို ခန့်ထားကြတယ်။ လုပ်သက် ဘယ်လောက်များများ သီလညှိုးရင် ရာထူးတက်ခဲတယ်။

ကြီးသူတွေရဲ့ အရည်အချင်း၊ သီလ၊ သမာဓိ ကင်းရှင်းသူ လက်အောက်မှာ ဂုဏ်အင်္ဂါ၊ သီလ၊ သမာဓိ ပြည့်စုံသူတွေ ဘယ်လိုလုပ်ပြီး အမူထမ်းလို့ ဖြစ်ပါတော့မလဲ။

အလုပ်အကိုင်မှာ ရိုသေ၊ ခန့်ညား၊ လေးစားလောက်သူ ခိုင်းမှ လက်အောက်ငယ်သားက လုပ်ချင်တယ်။ စိတ်တက်ကြွတယ်။ မလေးစားတဲ့လူက ခိုင်းရင် အလုပ်နှောင့်နှေးချင်တဲ့ သဘောရှိပါတယ်။

ကိုယ်စိတ်နှစ်ပါး ချမ်းသာမူကို လိုချင်ရင်၊ ဆင်းရဲခြင်းကို ရှောင်နိုင်သမျှ ရှောင်ချင်ရင်၊ ပြီးတော့ အသက်ရှည် ငြိမ်းချမ်းစွာ နေချင်ရင် “ငါးပါးသီလ” ကို မပြတ် တည်ဆောက်ရလိမ့်မယ်။ ငါးပါးသီလကို အရွယ်ရောက်တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး မှန်သမျှ သိကြပါတယ်။

သူတစ်ပါးအသက်ကို မသတ်ဘဲ ဒေါသစိတ်ကို ချုပ်ထိန်းမျိုသိပ်နိုင်ရင် ဒေါသမီးငြိမ်းပြီး စိတ်ချမ်းသာမယ်။ မေတ္တာစိတ်ပွားမယ်။ ပြီးတော့ ကြောင့်ကြမူပါ ကင်းပြီး စိတ်နှလုံးက အေးမြနေမှာပဲ။ ဒါတင်မကဘဲ ကိုယ့်ကို ကလဲ့စားချေမယ့် ဘေးရန်လည်း ကင်းပါတယ်။ ကလဲ့စားချေတတ်တဲ့စိတ်က အကုသိုလ်ကို နှစ်ထပ်ကိန်းလုပ်တာနဲ့ တူတယ်။ ဒေါသကို ထိန်းတဲ့သူဟာ နောင်တမလွန် ဘ၀မှာလဲ မခံရဘူး။

လစ်တဲ့အချိန် ခိုးချင်တဲ့စိတ်ရှိရင် လစ်တိုင်းမှာ ခိုးချင်လာလိမ့်မယ်။ လွယ်လွယ်ရဖူးရင် နောင်လဲ ခိုးချင်စိတ် ၀င်လာတယ်။ အဲသည်စိတ် ၀င်လာရင် ကိုယ့်ကိုယ်ကို အားမကိုးချင်တော့ဘူး။ ငွေရှာ ပစ္စည်းရှာရာမှာ လမ်းမှန်ကမ်းမှန်နည်းကို စိတ်အားမသန်တော့ဘူး။ မခိုးဝှက်ဘဲ ရှာမှသာ စင်ကြယ်တဲ့ပစ္စည်းနဲ့ အသက်မွေးနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်မှပါ။ ဒါတင်မကဘဲ အပြစ်ဘေးဒဏ်က လွတ်ပြီး ကြောင့်ကြမူကင်းတယ်။ ခိုးတာဟာ နည်းနည်းခိုးရာက စ, တတ်တယ်။ အဲ့ဒါကြောင့်လဲ နည်းနည်းခိုးတာကိုလဲ အကျင့်မလုပ်မိပါစေနဲ့။ ကလေးသူငယ်တွေကိုလည်း ခိုးကျင့်ပါအောင် ခွင့်မလွှတ်ရဘူး။

တွေ့မရှောင် အချောင်စိတ်နဲ့ သူတစ်ပါး သားမယားနဲ့ အုပ်ထိန်းသူ မလွတ်သူတွေအပေါ် အကြံအဖန်တွေ မလုပ်သင့်ဘူး။ ကာမေသုကို သတိနဲ့ကို ရှောင်ရမယ်။ အချို့က မသိမသာနဲ့ ကာမေသု ဖြစ်သွားကြတယ်။

ရှောင်ကြဉ်တဲ့အခါမှာ ကာမရာဂမီးနဲ့ တွဲတဲ့ ဒုက္ခတွေ မခံရဘူး။ နောင်ဘ၀လည်း မိန်းမလျာ မဖြစ်ရဘူး။ မယားခိုးမူနဲ့ စွပ်စွဲခံရမှာလည်း မပူရဘူး။ ကိုယ်ရဲ့ နီးကပ်တဲ့ မိတ်ဆွေဖြစ်တဲ့ သားမယားတွေရဲ့ မေတ္တာကို ခံယူရတယ်။ ကိုယ့်ခွန်အားတွေ မဆုတ်ယုတ်ဘူး။ နာမည်ဆိုးဖြစ်တဲ့ “ကြာကူရီ” တို့ “ကြွက်ပျင်း“ တို့လည်း အခေါ်မခံရဘူး။ အကျဉ်းထောင်တွေထဲမှာ မယားခိုး သမားတို့၊ မုဒိမ်းသမားတို့ဟာ မျက်နှာအငယ်ရဆုံး တရာခံတွေပဲ။ ကာမေသုကို ရှောင်တာဟာ အခြားသူတွေရဲ့ စိတ်ချမ်းသာမူကို ရှေးရူတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့စိတ်ဆင်းရဲမူ၊ ကြောင့်ကြမူတွေလည်း ကင်းတယ်။ ဖြစ်လာမယ့် ဘေးရန်တွေ ကင်းတယ်။ “မယားထိ ဓားကြည့်” ဆိုတဲ့ စကားရှိတယ်။ ကာမေသုသမား အချို့ဟာ ခင်ပွန်းသည်ရဲ့ ဓားသွားအောက်မှာ အသက်ပါသွားတာတွေ ရှိတယ်လေ။

မုသာဝါဒကို ရှောင်ကြဉ်ရင် ယခုသာမကဘဲ နောင်တမလွန် ဘ၀ပါ ကောင်းပါတယ်။ မုသာဝါဒရှောင်ရင် ယခု ဘာကောင်းသလဲ။ မှန်တဲ့ရောင်းဝယ် ပြောဆိုမူကြောင့် စီးပွားတတ်တယ်။ မုသာဝါဒ ရှောင်တဲ့လူဟာ ဘယ်တော့မှ ထမင်းမငတ်ဘူး။ မုသာဝါ မရှောင်တဲ့ ညာစားတဲ့လူကျတော့ ခဏသာ ကောင်းကောင်းစားရပြိး မကြာခင် ငတ်တတ်တယ်။

မဟုတ်မမှန် လုပ်ကြံမပြောခြင်းကြောင့် မုန်းတီးမူ နည်းတယ်။ မနာလိုဝန်တိုမူ ရှားပါးတယ်။ ဘေးရန်ကြောင့်ကြ ကင်းတယ်။ လူချစ်၊ လူယုံပြီး ကိုယ်နဲ့ အလုပ်လုပ်ချင်သူများတယ်။ အမှန်ကို ရဲရဲပြောလို့ သူများတကာထက် သိက္ခာပိုရှိတာပဲ။ မဟုတ်မမှန် ပြောခြင်းဟာ လောကလူ့ရွာထဲမှာ သိပ်ပြဿနာတက်တတ်တယ်။ အဲ့ဒါကြောင့် ငါးပါးသီလထဲမှာ မြတ်စွာဘုရားက ထည့်ဟောထားတာ ဖြစ်တယ်။

သုရာမေရယတဲ့။ နာမည်က သိပ်လှတယ်။ ငါးပါးသီလမှာ နောက်ဆုံးအချက် ဖြစ်ပေမယ့်လို့ အဲသည်အချက်ကို ကျူးလွန်ရင် ကျန်တာတွေလည်း ကျူးလွန်နိုင်တယ်။ သုရာမေရယဟာ ကံငါးပါးစလုံးကို ဆက်ဖြစ်နိုင်တဲ့ အစပါပဲ။ လောကီ အပြစ်ပေါင်းများစွာကို သူက ဖန်တီးတယ်။

အရက်မူးခြင်းက ပျော်စရာမဟုတ်ဘဲ ဘာတွေ ဖြစ်လာသလဲဆိုတော့ ဥစ္စာရူံး၊ ရောဂါရ၊ အသက်တို၊ ပတ်ဝန်းကျင်အော့နှလုံးနာ၊ သားသမီး မိဘတွေ မစားရ၊ စိတ်ရူးသွပ် နောက်ကျိ၊ ခန္ဓာကိုယ်နံစော်၊ အသိုက်အ၀န်း ဖယ်ကြဉ်၊ စီးပွားရေးလည်း အတူ ယုံယုံကြည်ကြည် မလုပ်ရဲကြ။ အရက်သမား အမှားတစ်ထောင်ပဲလေ။ အရိုင်းမှာ အရက်ဟာ ထိပ်ခေါင်ပါ။ ရှောင်နိုင်မှ ကိုယ်ရောစိတ်ပါ စင်ကြယ်တယ်။ ဘေးအန္တရာယ်ပေါင်းစုံ ကင်းနိုင်တယ်။

အကျင့်သီလထဲမှာ အဲသည်ငါးပါးကို အရင်ဆုံးဂရုစိုက်ရမှာ ဖြစ်တော့တယ်။ ပြီးတော့မှ ဒုစရိုက်ဆယ်ပါး။

လူတွေဟာ ငါးပါးသီလ မလွန်ကျူးဖို့ စောင့်ထိန်းရမှာကို သိသော်လည်း ဒုစရိုက်ဆယ်ပါးကို တစ်ခုမကျန် စောင့်ထိန်းရမယ်ဆိုတာ ငါးပါးသီလလောက် သဘောမပေါက်ကြဘူး။

ပြီးတော့ မုသာဝါဒကိစ္စမှာ ရှိသေးတယ်။ မုသာဝါဒဖြစ်တဲ့ ၀စီကံ (၄)ပါးကို ကျူးလွန်တယ်လို့ မထင်ဘဲနဲ့ ကျူးလွန်နေမိကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရယ်စရာ မောစရာပြောတာတွေ (ညစ်ညစ်ပတ်ပတ်ပြောတာ) တွေက သမ္ဖပ္ပလာဝါစာဖြစ်ပြီး မကောင်းပြောတာ အတင်းပြောတာ ပိသုဏ၀ါစာ ဖြစ်နေလို့ပါ။

အဲသည်စကားတွေသာ အကုသိုလ်ဖြစ်တယ်ဆိုတာ လူတော်တော်များများ ဂရုမစိုက်ကြဘူး။ တစ်နေ့တစ်နေ့ စကားလုံးပေါင်းများစွာ ပြောနေကြတာပဲ။

လူတွေရဲ့ သဘောမှာ ဘာရှိသလဲ။ လူတွေဟာ သူတစ်ပါးရဲ့ မကောင်းကြောင်းကို သိပ်ပြောချင် ဆိုချင်ကြတာ။ ၀ါသနာပဲ။

လူဟာ လူ့အကြောင်းကို အပြောချင်ဆုံး။ ဒါပေမယ့် အကောင်းပြောရမှာထက် အဆိုးကို ပြောရတာ ခံတွင်း အတွေ့ဆုံး။

မကောင်းပြောတာတွေကို နားထောင်ချင်တဲ့သူကလည်း နားထောင်ချင်ကြတယ်။ အချို့ဆို ပိုက်ဆံအကုန်ခံ သွားလာပြီးတောင် နားထောင်တယ်။ အချို့က လက်ဖက်ရည်ဆိုင် သွားနားထောင်တယ်။ အချို့ကတော့ အိမ်လည်ပြီး နားထောင်တယ်လေ။

မနောကံ ကျတော့ရော။ မနောကံနဲ့ ပြစ်မှားတာဟာ ပိုက်ဆံမပေးရတဲ့အတွက် တယ်ပြစ်များကြတာပဲ။ မနောကံနဲ့ အကုသိုလ်တက်ဖို့ဟာ သိပ်လွယ်တာ။ ချက်ချင်း စိတ်ကူး။ ချက်ချင်းကို အကုသိုလ်ရတာပဲ။

သိသလောက် လူငယ်တွေဆို ပိုပြီးတော့ ဆိုးတယ်။ လှပတာတွေမြင်ရင် ချက်ချင်း မနောကံနဲ့ပြစ်မှား ပစ်လိုက်ကြတာ ဟောခနဲ၊ ဒိုင်းခနဲပဲ။ အချို့ဆို ၀စီကံကတောင် လွှတ်ခနဲ ထွက်တယ်။

အချို့က မြင်မြင်ချင်း မနေနိုင်၊ မထိုင်နိုင်ဖြစ်ပြီး မနောကံက ချက်ချင်း ဖောက်ပြန်တာပဲ။ မနောကံထဲမှာ ပြစ်မှားပြီး ဇောချွေး တလုံးလုံးနဲ့။

အချို့ကျတော့ လောဘတက်တယ်။ သူများ ဥစ္စာပစ္စည်းနဲ့ စည်းစိမ်ကိုတွေ့ရင်၊ မရနိုင်မှန်း သိတာတောင် စိတ်က လိုချင်စိတ်နဲ့ ပစ်မှားလိုက်တာပဲ။

အဲ့ဒါကြောင့် သူတော်ကောင်းတွေဟာ ကိုယ်နဲ့ စိတ်ကို အမြဲမပြတ် သတိထားနေကြရတာ။

စင်ကြယ်ဖြူဆွတ်တဲ့ သီလနဲ့ ထုံမွှမ်းပွားများအပ်တဲ့ သမာဓိဟာ ကြီးသော အကျိုးဆက် ရှိပါတယ်။ တည်ကြည်လှတဲ့ သမာဓိနဲ့ ထုံမွမ်ပွားများအပ်တဲ့ ပညာဟာ ကြီးတဲ့ အကျိုးဆက် ရှိပါတယ်။

အဲသည်လို တည်ကြည်စူးရှတဲ့ ပညာနဲ့ ထုံမွမ်းပွားများအပ်တဲ့ စိတ်ဟာ အာသဝေါတရားတွေက ကျွတ်လွတ်တယ်။

ဒုစရိုက်(၁၀)ပါးကို ရှောင်ပြီး၊ (၅)ပါးသီလကို တည်ဆောက် အားထုတ်သည် ဖြစ်စေ၊ အားမထုတ်သည် ဖြစ်စေ၊ မလွန်ကျူးမိအောင်တော့ အမြဲကို အထူးကြိုးစား စောင့်ထိန်းရမှာပဲ။

ဝိပဿနာ၊ ဘာဝနာကို အားထုတ်သူအတွက်ကတော့ သီလ၊ သမာဓိတွေနဲ့ ထုံအပ်တဲ့ပညာကို များစွာရပါတော့တယ်။

လုံ့လရှိခြင်း၊ မမေ့လျော့ခြင်း၊ သီလစောင့်ခြင်း၊ မျက်စိစသော အိနြေ္ဒကို စောင့်ခြင်း၊ ဤလေးပါးတို့နဲ့ ပညာရှိဟာ သံသရာတည်းဟူသော သမုဒ္ဒရာမှာ ကိလေသာရေလျဉ် မဖျက်ဆီးနိုင်တဲ့ အရဟတ္တဖိုလ် တည်းဟူတဲ့ မိမိရဲ့ မှီခိုရာကျွန်းကို ပြုရာတယ် - လို့ ဓမ္မပဒမှာ ဆိုတယ်။

ပြီးတော့ သီလရှိခြင်းဟာ အိုတဲ့တိုင်အောင် ချမ်းသာတယ်၊ အခိုင်အမြဲတည်တဲ့ သဒ္ဓါတရားရှိတာဟာ ချမ်းသာတယ်၊ အသိဉာဏ်ပညာကို ရတာဟာ ချမ်းသာတယ်၊ မကောင်းမူ မပြုခြင်းဟာ ချမ်းသာတယ်လို့ ဆိုပါတယ်။

အကျင့်သီလဟာ လူတွေအတွက် အကောင်းဆုံး အကာအကွယ်ပဲ ဖြစ်ပါတယ်။

သူတော်ကောင်း စစ်မှန်ရင် ကိုယ့်အသက်နဲ့တကွ စည်းစိမ်ဥစ္စာကို စွန့်ရင် စွန့်လွှတ်ကြတယ်။ အကျင့်သီလကိုတော့ ဘယ်လိုလောကဓံနဲ့ တွေ့တွေ့ မစွန့်လွှတ်ကြပါဘူး။

No comments:

Post a Comment