ဥပုသ်နေ့ မဟုတ်ဘဲ ဥပုသ်စောင့်လို့ ဖြစ်ပါတယ်။ အပြစ်မရှိပါဘူး။ ကုသိုလ်ပိုရပါတယ်။ အထက်မှာ ဥပုသ်နေ့တွေ ကန့်သတ်ပြထားတာက ထိုခေတ် ထိုအခါမှာ လူတွေ စောင့်သုံးလေ့ရှိတဲ့ ရက်တွေကို ကန့်သတ်ပြတာဖြစ်ပါတယ်။ လူတွေရဲ့ အကုသိုလ်ကောင်းမှုကို မှတ်တမ်းယူတဲ့ စတုဓဟာရာဇ် နတ်မင်းကြီးများရဲ့ လျှောက်ထားချက်အရ လူတွေဟာ ၈-ရက်၊ ၁၄-ရက်၊ ၁၅-ရက်နဲ့ ပါဋိဟာရိယခေါ် နေ့ရက်တွေမှာ ဥပုသ်စောင့်ကြတယ်လို့ နတ်တွေ ပြောလေ့ရှိကြောင်းကိုသာ ဘုရားရှင်က ဟောပြထားခြင်း ဖြစ်ပါတယ်။ အခြားရက်တွေမှာ မစောင့်ရ၊ ဒီရက်တွေမှာ မှ စောင့်ရမယ်လို့ ဘုရားဟောထားချက် မရှိပါဘူး။
သံဃာတော်တွေ ဥပုသ်နေ့မဟုတ်ရင် ဥပုသ်မပြုရ၊ ပြုခဲ့လျှင် ဒုက္ကဋ်အာပတ် သင့်စေ (အပြစ်ဖြစ်စေလို့) ပညတ်ထားတယ်။ ဒါကြောင့် လူတွေကလည်း ဥပုသ်နေ့မဟုတ်ပဲ ဥပုသ်စောင့်ရင် အပြစ်ရှိတယ်လို့ တချို့ကျမ်းတွေမှာ ရေးထားပါတယ်။ ဒီလိုရေးတာဟာ “ဒေသနာတော်နည်း၌ မလိမ္မာသောကြောင့်သာ ဖြစ်သည်”ဟု တိပိဋကဓရ ဆရာတော်အရှင်ဝိစိတ္ထသာရက မဟာဗုဒ္ဓ၀င်မှာ ဆုံးဖြတ် ထားပါတယ်။
ဒါကြောင့် ဘယ်နေ့မဆို ဥပုသ်စောင့်လို့ ရပါတယ်။ ယခုကာလ ရုံးပိတ်တဲ့ တနင်္ဂနွေနေ့မှာ ဥပုသ်စောင့်တာဟာ အပြစ်မရှိဘူး။ ဥပုသ်စောင့်ချင်ပေမယ့် တာဝန်နဲ့ဝတ္တရား အသက်မွေးဝမ်းကျောင်း အတွက်ရုံးတက်နေသူအဖို့ တနင်္ဂနွေနေ့မှာ ဥပုသ်စောင့်ကြတာဟာ ခေတ်နဲ့ညီတဲ့ ဥပုသ်နေ့တစ်နေ့ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။
No comments:
Post a Comment