ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 17 June 2011

ကြွေးတင်ကျွန်ဖြစ် ရှင်သာမဏေမဖြစ်

ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ အစဉ်အလာဓလေ့တစ်ခုမှာ သားရှင်ပြုရာတွင် အိတ်သွန်ဖာမှောက် အောတိုတ်လှူဒါန်းခြင်းဖြစ်သည်။


မိမိတို့၏ ငွေအင်အားထက်ကျော်လွန်၍ သားငယ်ကို မင်းမြောက်တန်ဆာ ဆင်မြန်းပေးကာ အဘိသိက်သွန်း၍ မြင်းဖြင့် ရွာလှည့်ခြင်း၊ မြို့များ၌ မော်တော်ကားဖြင့် လှည့်လည်ခြင်း၊ လူအမြောက်အမြားဖိတ်ကြားပြီး ကျွေးမွေးခြင်း၊ မဏ္ဍပ်ဆောက်၍ ဆိုင်းဝိုင်း, အဆိုတော်တို့ဖြင့် ဧည့်ခံခြင်း, အသံချဲ့စက်ငှားရမ်း၍ တစ်ရပ်ကွက်လုံး ဆူညံသွားအောင် သီချင်းများဖွင့်ခြင်း၊ ပဓာနအလှူထက် ပကာသနအမှုတို့ ဖြင့် ငွေသုံးဖြုန်ခြင်း စသည်တို့ကို ကောင်းသည် လိုအပ်သည်ထင်၍ သူ့ထက်ငါ မသာရင်တောင် မနိမ့်ကျအောင်လုပ်လုပ်မည်ဟု အားခဲကာ အလှူသည် အလှူနှင့်မတူတော့ဘဲ ပကာသနပြိုင်ပွဲလို ဖြစ်နေတော့သည်။

အချို့သည် လယ်သမားတို့က လှည်းကိုရောင်၊ နွားကိုရောင်း၊ လယ်ကိုပေါင်နှံကာ ရှင်ပြုအလှူကို ပြုလုပ်ကြသဖြင့် လယ်လုပ် ကိရိယာများလည်းသုဉ်း၊ လယ်ပေါင်လည်းဆုံးရှုံး၍ ကြွေးတင်ကျွန်းဖြစ်ရသည့် အခြေသို့ ဆိုက်ရောက်ကြရသည်။ လွတ်လပ်ရေးမရမီက ချစ်တီးကုလားသူဌေးတို့ထံ သမီးပါအပ်နှံ၍ ကျွန်ဖြစ်ခံခဲ့ရသည်ကို ဆင်ခြင်အောက်မေ့သင့်ကြပါသည်။ သားရှင်ပြုခြင်းနှင့် လှူဒါန်းခြင်းတို့သည် သီးခြားကိစ္စနှစ်ရပ်ဖြစ်သည်ကို သဘောပေါက် ထားသင့်ပါသည်။

၁။ ရှင်ပြုခြင်းသည် မိမိသားငယ်အား သာသနာ့အမွေကိုခံယူစေပြီး ရှင်သာမဏေတို့၏ သီလနှင့် ကျင့်ဝတ်ကို စောင့်ထိန်းစေခြင်းဖြင့် သီလသာသနာကို ထူထောင်ခြင်းဖြစ်သည်။

၂။ လှူဒါန်းခြင်းသည် ပစ္စုပ္ပန်တမလွန် ကောင်းကျိုးချမ်းသာကို ရည်မှန်း၍ ဒါနသာသနာကို ထူထောင်ခြင်း ဖြစ်သည်။

“ ရှင်ပြုခြင်းက ပဓာန၊ လှူဒါန်းခြင်းက သာမည ”


ရှင်ပြုခြင်းသည် ဒါနပြုခြင်းထက် အဆများစွာပို၍ သာလွန်မြင့်မြတ်သည်။


ရှင်သာမဏေအဖြစ်သို့ တင်မြောက်ရာတွင် သရဏဂုံကို ပီပီသသ မရွတ်ဆိုတတ်လျှင် ရှင်မဖြစ်ပါ၊ ရှင်ဝတ်ပြီးနောက် ရှင်ကျင့်ဝတ်များနှင့်အညီ လေးလေးစားစား မနေနိုင်လျှင်လည်း အကျိုးကျေးဇူးမကြီးပါ။ ရှင်ပြုခြင်းကိစ္စ အောင်မြင်ပေါက်မြောက် ရန်အတွက် --

၁။ ဥပဇ္ဈာယ်ဆရာကောင်းထံ ချဉ်းကပ်၍ သြ၀ါဒခံယူခြင်း၊

၂။ သင်္ကန်းတောင်း၊ လိင်ဒဏ်၊ သေခိယ၊ ပစ္စဝေက္ခဏာ၊ ခန္ဓကဝတ် တို့ကို သင်ယူပြီး သရဏံဂုံ ပီပီသသ ရွတ်ဆိုတတ်အောင် လေ့ကျင့်ထားခြင်း၊

၃။ သင်္ကန်း၊ သပိတ်၊ပရိက္ခရာတို့ကို ဓမ္မကံနှင့် လျော်ညီအောင် ၀ယ်ခြမ်း စီမံထားခြင်းတို့ကို ကြိုတင်ဆောင်ရွက်ထား သင့်သည်။ သင်္ကန်းပရိက္ခရာ ၀ယ်ခြမ်းခြင်းသည် မွန်မြတ်သည့် ဒါနကောင်းမှုဖြစ်ပါသည်။ ရှင်ပြုရာတွင် ဤဒါနကောင်းမှုလျှင် ပဓာနလိုအပ်ပါသည်။ သင်္ကန်းပရိက္ခရာသစ်အတွက် ငွေကြေးမတတ်နိုင်လျှင်လည်း ဘုန်းကြီးကျောင်းသို့ ငွေတတတ်နိုင်သမျှ လှူဒါန်းပြီး ကျောင်းထိုင်ဆရာတော်ထံမှ သင်္ကန်းပရိက္ခရာဟောင်းများကို ရယူနိုင်ပါသည်။

မြတ်စွာဘုရားသည် မိမိ၏တစ်ဦးတည်းသော ရင်သွေးဖြစ်သည့် ရာဟုလာကို ရှင်သာမဏေပြုစေရာတွင် မည်သည့်အလှူ အတန်း ပကာသနကိုမျှ မပြုလုပ်ချေ။ အရှင်သာရိပုတ္တရာက ရာဟုလာ၏ ဦးခေါင်းကို ရိတ်၍ သာမဏေ၀တ်ပေးခြင်းဖြင့် ရှင်ပြုခြင်းကိစ္စပြီးစီးသွားပေတော့သည်။

မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသက “အနာဂတ် သာသနာရေး” စာအုပ်တွင် “သားရှင်ပြု ၊ အလှူမင်္ဂလာပြုပြင်ရေး” အကြောင်ကို ဤသို့ရေးထား၏ ---


“ သားရှင်ပြုကိစ္စ၌ ဂုဏ်သရေရှိ လူကြီးလူကောင်းတို့ကို ဖိတ်၍ ကျွေးမွေးလေ့ရှိကြ၏။ ထို့လူကြီးလူကောင်းတို့သည် ထို့ကဲ့သို့ အစားအစာကို စားနေကျဖြစ်၏။ အလှူရှင်ကဖိတ်လို့သာ အားနာ၍ (မသွားကောင်းသဖြင့်)သွားရသည်။ မိမိအိမ်မှာ (ရုံးမှာ)အလုပ်ကိစ္စ တန်းလန်းနှင့် မအားလပ်ကြ။ ကျွေးမွေရာ၌ ကုန်သော ငွေလည်းမနည်းလှ၊ စာရေးသူတို့ကလည်း အာနာပါးနားနှင့်မလွှဲသာလို့ လာကြရာဝယ် အဘယ်မှာ ကုသိုလ်ထုပ်ကြီးရနိုင်ပါ မည်နည်း။ ထို့အပေါ်မှာ ဂုဏ်ဖေါ်ချင်သော (ပကာသနအကုသိုလ်လောဘစိတ် ကလေး) ပါလိုက်ချေးသေး၏။

“ ဘုန်းကြီးပင့်ရာမှာလည်း ပင့်ရိုးပင့်စဉ်မပါလျှင် မကောင်းသော ဘုန်းကြီးပေါင်များစွာကို ပင့်ရပြန်၏။ ထိုဘုန်းကြီးများသည် ပရိယတ်ပဋိပတ် အလုပ်ပျက်ကြရ၏။ နောက်ပါကျောင်းသားတို့ကလည်း စာသင်ပျက်ကြရ၏။ သို့ဖြစ်လျှင် ရာပေါင်းထောင်ပေါင်းများစွာ အကုန်အကျခံ၍ ပြုကြရသော သားရှင်ပြု သမီးနာသ အလှူဒါနကြီးသည် အဘယ်နည်းဖြင့် သာသနာကို အားပေးရာရောက်တော့မည်နည်း။

“ အလှူဒါယကာတစ်ယောက်သည် ကူငွေများကို မျှော်လင့်ပြီး အလှူကြီးကို ခမ်းခမ်းနားနား မွမ်းမံပြင်ဆင်၍ ထား၏၊ ကုန်ငွေနှင့် အကူရသောငွေမှာ မျှော်လင့်ချက်အတိုင် မဖြစ်လာသောအခါ တရားကိုပင် ဖြောင့်ဖြောင့်မနာနိုင်အောင် ဖြစ်သွား၏။

“ ပရိတ်ရွတ်တာကိုလည်း စိတ်မ၀င်းစားနိုင်၊ ဟောပြောသောတရားကိုလည်း အာရုံမပြုနိုင်တော့ဘဲ စိတ်တွေ ကယောင် ချောက်ချားဖြစ်နေတော့၏၊ တရားဆုံးလို့ ဆုံးမှန်းမသိ၊ ဘေးလူတွေက အမျှဝေလိုက် အမျှဝေလိုက်လို့ပြောသည့်အခါ သတိရပြီး ကပျာကယာ “သောက်ကျိုးနည်းပါပြီးဗျို့”လို့နှုတ်က ထွက်သွားရှာသတဲ့”။

အမတ်ကြီးဦးပေါ်ဦး ကလည်း “ယမမင်းထံ အစစ်ခံသံပေါက် ”ထဲတွင် သားရှင်ပြုအလှူနှင့် ပတ်သတ်၍ ဤသို့ကောက်ချက်ချထား၏ -

၁။ သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍လှူခဲ့တယ်။

၂။ ကွမ်း၊ ဆေး၊ လက်ဖက်၊ ဆီစက်စက်၊ ၀က်နှင့်ကြက်သားကျွေးခဲ့တယ်။

၃။ သည်ကိုဟိုကို၊ ကြွပါဆို၊ ဗျိုဗျာမစဲ ခေါ်ခဲ့တယ်။

၎။ ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူရဘိ၊ မျှော်မိတယ်။

၅။ ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။

၆။ ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှာ ၀ယ်လှူတယ်။

ပဓာနဖြစ်သည်ပရိက္ခရာတွင် ငွေချိုထား၍ ပကာသနဖြစ်သည့် ၀က်သားကြက်သားတွင် ငွေစရံကြိုပေး၍ မှာကြသည်။ အသားပေါ်သူတို့ကလည်း အလှူရက်ရောက်မှ ၀က်ကြက်တို့ကို လောလောလတ်လတ် သက်ဖြက်ပြီး အသားကို လာပို့သည်။ ကုသိုလ်က တစ်ပဲ, ငရဲက တစ်ပိဿာဟု ဆိုရမည့် မိဿကအလှူမျိုးဖြစ်သည်။ အလှူရက်ပြီးသောအခါ၌လည်း ကြွေးတင်ကျန်ရစ်သဖြင့် စိတ်ညစ်ဆင်းရဲကာ ပရစေတနာ ပျက်ရတော့သည်။ သို့အတွက် ပုဗ္ဗ , မုဉ္စ, ပရဟူသော စေတနာသုံးတန် အင်္ဂါမစုံလင်သည့်အတွက် အလှူအကျိုးမှာ မဖွံ့ဖြိုး မကြီးကျယ်တော့ချေ။ လက်ငင်းဘ၀၌ပင် ကြွေးတင်ကျွန်းဖြစ်ခံရ၍ အရှုံးကြီးဆုံးရှုံးရပါတော့သည်။

“ ပျက်အစဉ် ပြင်ခဏ” ဟူသည်နှင့်အညီ မှားယွင်းသည့်အစဉ်အလာကို ဖယ်ရှား၍ အကျိုးများမည့် အစဉ်အလာသစ်ကို ထူထောင်သင့်ကြပါသတည်း။

မြတ်သောဓမ္မဒါန ပိုစ့်ရေးသားတင်ပေးသော အစ်ကိုစောမောင် ၊ ကိုဖြိုး (သစ္စာခရီးသည်) ယနေ့ နက်ဖြန် နောင်သံသရာဘ၀ဆက်တိုင်း ငြိမ်းချမ်းခြင်းလေဟာနယ်မှာ ပျော်ရွှင်ခြင်းပန်းလေးတွေကောက်လို့ သောကအပူအပင်ဟူသမျှ မြူမူံမျှမကျန်ရှိပဲ ကမ်းစပ်ပင်လယ်လို ထာဝရ ကင်းဝေးကာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး မိမိဖြစ်ချင်သော ဘ၀နှင့် ဆန္ဒထပ်တူကျပါစေလို့ တောသူမလေးမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

No comments:

Post a Comment